သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးရဟတ်ယာဉ်က ၁ ဦး အသက်ရှင် ပြန်လည်တွေ့ရှိ


ခါကာဘိုရာဇီဒေသမှာ တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းရဟတ်ယာဉ်ပေါ် ပါသွားသူတွေဟာ အသက်ရှင်လျှက်ရှိနေပြီး၊ တဦးကတော့ နောင်မွန်ကျေးရွာမှာ ရောက်ရှိလာပြီလို့ ရှာဖွေရေးလုပ်နေတဲ့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။ ဒါပေမဲ့လည်း ဒေသခံတွေအပြောအရတော့ ကျန်နှစ်ဦးဟာ တောထဲမှာ ဒဏ်ရာနဲ့ရှိနေပြီး သူတို့ကို ဆက်ပြီးတော့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။

သူတို့ ၃ ဦးစလုံးဟာ ဒဏ်ရာအနည်းငယ်ရထားပေမဲ့ယ့် အသက်ရှင်ရှိနေပြီး၊ သူတို့ထဲက ထူးဖောင်ဒေးရှင်က ကိုရွှေရင်ကျော် ဆိုသူကတော့ နောင်မွန်က ကျေးရွာကို ရောက်ရှိနေပြီလို့ သိရပါတယ်။ သူဟာ နောင်မွန်မြို့နယ်ထဲက လန်းခါးကျေးရွာကို ရဟတ်ယဉ်ပျက်တဲ့နေရာကဆင့် လမ်းလျှောက်ပြီး ပြန်လည် ရောက်ရှိလာတာဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်း ပြောခွင့်ရသူ ကိုဖြိုးကိုကိုသက်က ဗွီအိုကေို ပြောပါတယ်။

“သူတို့ကတော့ အဓိကကတော့ လန်းခါးကျေးရွာကို လမ်းလျှောက်ပြီးတော့ ပြန်လည် ရောက်ရှိလာတာအပိုင်းပေါ့နော်။ ဦးရွှေရင်ကျော်ကြီးကတော့ လက်ရှိ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်ပေါ့နော်။ ကပ္ပတိန်နှစ်ဦးကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်ခင်ဗျ။ ပျောက်သွားတဲ့ ဆုံးသွားတဲ့ နေရာကိုတော့ ကျနော်တို့ လက်ရှိတော့ မသိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လွန်ခဲ့တဲ့ ၄ နာရီလောက်ကမှ အဲ့ဒီရွာကို ပြန်ပြီးတော့ ရောက်ရှိလာတယ်ပေါ့နော်။ ရောက်ရှိလာတဲ့အပိုင်းမှာ ကျနော်တို့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ကိစ္စပိုင်းတို့၊ သူတို့ အဲ့ဒီ အဆက်အသွယ်ပြတ်တောက်သွားတဲ့နေ့က အခြေအနေတို့ကတော့ နောက်မှပဲ ကျနော်တို့ ထပ်ပြီး သတင်းထုတ်ပြန်ပါမယ်ခင်ဗျ။ လက်ရှိကတော့ ကျနော်တို့ကတော့ ရန်ကုန်ကို အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်အောင်၊ လိုအပ်မယ်ဆိုရင်ပေါ့နော် အမြန်ဆုံး ပြင်ဆင်နေပါတယ်ခင်ဗျ။”

ရဟတ်ယဉ်ပေါ်ပါသွားတဲ့ ထူးဖောင်ဒေးရှင်းက ကိုရွှေရင်ကျော်ဆိုသူကို နောင်မွန်ကျေးရွာမှာ စတင်တွေ့ရှိခဲ့ပြီး၊ ကျန် နှစ်ဦးကတော့ ဒဏ်ရာနဲ့ တောထဲမှာ ကျန်နေတဲ့အတွက် ဒီလူတွေကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထူးဖောင်းဒင်းရှင်းရဲ့ ဖေဘုတ်စ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒေသခံတဦးဖြစ်တဲ့ နောင်မွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်းဆား လေယဉ်ဟာ ပျက်ကျ မီးလောင်သွားတယ်လို့ သိရပြီး၊ တော်ထဲမှာ ကျန်နေသူနှစ်ဦးကိုတော့ ညတွင်းချင်း ရှာဖွေမှုတွေ စလုပ်နေပြီလို့ ပြောပါတယ်။

“ပျက်ကျတဲ့သဘောပဲ။ ဒါပေမဲ့ နောက်မှ သူက မီးလောင်ပြီးမှ ပေါက်ကွဲသွားတာ။ မြန်မာလေယာဉ်မှူးကတော့ အဲ့ဒီနားမှာပဲ နေခဲ့တယ်။ ထိုင်းလေယာဉ်မှူးနဲ့ သူတို့ နှစ်ယောက်ကတော့ တောနင်းပြီးမှပေါ့ မှန်းပြီးတော့ လာခဲ့တာ။ အဲ့ဒါ ထိုင်းလေယာဉ်မှူးတော့ မပါလာဘူး။ တောထဲမှာပဲ အဆောက်အအုံတခုမှာ ထားခဲ့တယ်။ လန်းခါးရွာကို ဒီနေ့ပဲ ရောက်လာတယ်။ ဟိုနှစ်ယောက်ကိုတော့ အခု ဒီညပဲ အခုချက်ချင်း အကုန်လုံး ရှာနေကြတယ်။ မဟုတ်ဘူး ထိုင်းလေယာဉ်မှူးက သူနဲ့အတူ တော်တော်များများ အဲ့ဒီကျေးရွာရောက်ခါနီး ဟိုဒင်းလောက်အထိ ပါလာသေးတယ်။ မြန်မာလေယာဉ်မှူးကတော့ အဲ့ဒီလေယာဉ်နားမှာပဲ နေခဲ့တာ။”

ဘာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ရသလဲဆိုတာနဲ့ အခု ရဟတ်ယာဉ် ဘယ်မှာရှိသလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ B4 ရဟတ်ယာဉ်ဟာ ရှာဖွေရေးပြုလုပ်နေစဉ်အတွင်းမှာပဲ စက်တင်ဘာလ ၂၇ ရက်နေ့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ် ခြေလျင်နဲ့ တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်း သူတို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင် တက်ရောက်ကြောင်း စကားပြောစက်ကနေ သတင်းပေးပို့ပြီးနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့ပြီးတဲ့နောက် ၂၇ ရက်နေ့မှာ ရဟတ်ယာဉ်တစင်းနဲ့အတူ လူ ၃ ယောက် ထပ်မံ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG