သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေကြောင့် ရန်ကုန် ထိုင်းသံရုံး ကောင်စစ်လုပ်ငန်း ၃ ရက်ပိတ်


ဆန္ဒပြပွဲတွေကြောင့် ရန်ကုန် ထိုင်းသံရုံး ကောင်စစ်လုပ်ငန်း ၃ ရက်ပိတ်မည်။
ဆန္ဒပြပွဲတွေကြောင့် ရန်ကုန် ထိုင်းသံရုံး ကောင်စစ်လုပ်ငန်း ၃ ရက်ပိတ်မည်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တာကို မကျေနပ်ကြတဲ့ ဆန္ဒပြပွဲတွေကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးက ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေကို မနက်ဖြန်က စလို့ ၃ ရက် ပိတ်ထားမယ့် အကြောင်း သံရုံးက ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။

ရန်ကုန်မြို့က ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရဲ့ ၃ ရက်ကြာ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ ပိတ်မှာ ဖြစ်တဲ့ အတွက် ဗီဇာလျှောက်ထားမှုတွေ၊ ထိုင်းနိုင်ငံတွင်းကို သွားရောက်ဖို့ ပြည်ဝင်ခွင့် လိုအပ်သူတွေ အတွက် ကြန့်ကြာမှုတွေ ဖြစ်နိုင်တဲ့ အတွက်လည်း တောင်းပန်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ အရ အရေးပေါ် ခရီးထွက်ဖို့ လိုအပ်သူတွေ အထူးသဖြင့်တော့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူတွေ အတွက်တော့ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့လည်း မြန်မာဆိုင်ရာ ထိုင်းသံရုံးက ကြေညာပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကိုလည်း ထည့်သွင်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင် အပန်းဖြေကျွန်းမှာ ဗြိတိန်နိုင်ငံသား ခရီးသွား ၂ ဦးတို့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦးတို့ ဖြစ်ကြတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ကော့စမွေ တရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့ အပေါ် မကျေနပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆက်ပြီး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြပွဲတွေ နေ့စဉ် ရက်ဆက် ရှိနေသလို ဒီကနေ့မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကို ဆန္ဒပြသူ ၂ ဒါဇင်လောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းမြန်မာ နယ်စပ်တွေမှာပါ ဆန္ဒပြခဲ့ကြသလို နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဘုရားသုံးဆူဂိတ်ကိုလည်း မနေ့ကဘဲ မြန်မာဘက်က ပိတ်လိုက်ပြီး နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ထားရပါတယ်။

တောင်ကိုးရီယားနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးရှေ့မှာလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ်ချမှတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို ို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သက်သေတွေကို ပြန်လည်စစ်ဆေးဖို့ ထိုင်းအစိုးရကို ပန်ကြားထားပါတယ်။

XS
SM
MD
LG