သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိ


ပြီးခဲ့တဲ့သီတင်းပတ်က သေဆုံးနေတဲ့ ရုပ်အလောင်း အတော်များများတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံ ဆုံခလာခရိုင်ထဲက ရာဘာတောထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာရွှေ့ပြောင်းနေထိုင်သူလို့ သံသယရှိရတဲ့ ရုပ်အလောင်း ၆ လောင်းကို ထိုင်းရဲတွေက ထပ်မံ တွေ့ရှိကြောင်း အတည်ပြုပြောကြားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ထိုင်းနိုင်ငံ ဆုံခလာခရိုင်၊ ဖန်ငခရိုင်တွေမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေလို့ သံသယရှိတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရာကစလို့ ထိုင်းအာဏာပိုင်တွေက ဆက်တိုက်ရှာဖွေမှုတွေ လုပ်ခဲ့ပြီး လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့သူတွေကိုပါ ဖမ်းဆီး စစ်ဆေး အရေးယူနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်အတွင်းမှာ ရုပ်အလောင်း ၂၆ လောင်းခန့် ရှာဖွေခဲ့ပြီးတဲ့နောက်မှာတော့ ဆုံခလာခရိုင်တွင်းမှာပဲ နောက်ထပ်အလောင်း ၆ လောင်း တွေ့ရှိရတယ်လို့ ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောကြားပါတယ်။ အဲဒီမှာမြှုပ်ထားတဲ့ အလောင်းတွေဟာ အဲဒီအနီးအနားတဝိုက်မှာရှိတဲ့ လူမှောင်ခိုကုန်ကူးသူတွေရဲ့ စခန်းအတွင်းမှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်လို့ ရွာသားတွေက သူတို့ကိုပြောကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါ့အပြင် ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက ရဲစခန်းမှူးကိုလည်း ရဲချုပ်ရုံးကို ရာထူးရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖန်င စတဲ့ နေရာတွေကနေတဆင့် ထိုင်း-မလေး နယ်စပ်အထိ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူကုန်ကူးသူတွေက ပို့ဆောင်နေတာဖြစ်လို့ ထိုင်းတောင်ပိုင်းမှာ မကြာခဏ ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ ဖန်ငခရိုင် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ရှိသူ ကိုမိုးဝေကတော့ လူကုန်ကူးခံရသူတွေဟာ ရနောင်း၊ ဖန်ငခရိုင်တွေကတဆင့် မလေးနယ်စပ်ထိ သွားသူတွေရှိသလို မလေးရှားနယ်စပ် ဆုံခလာမြို့နယ်အထိ တိုက်ရိုက် လှေတွေနဲ့ ပို့ဆောင်ခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

“ဖန်ငကနေတဆင့် မလေးရှားနယ်စပ်အထိ ဖြတ်တာကိုး။ ဖြတ်တာကတော့ ကျနော်တို့အဖွဲ့က တောက်လျှောက်ဖြတ် အဲဒီ ရနောင်း ဖန်င လှေလာစိုက်ပြီးရှိသလိုမျိုး ဟိုး ဆုံခလာဘက်ကို လှေတခါတည်း သွားစိုက်တာတွေလည်း ရှိတယ်။ ကျွန်းရှိတဲ့နေရာတွေမှာ သူတို့က လှေလာစိုက်ပြီးတော့ ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်တွေမှာ ထားထားတာပေါ့နော်။ မရွေးနိုင်တဲ့သူတွေ ကျန်ခဲ့တဲ့သူတွေလည်း အစာရေစာပြတ်ပြီး သေတာတွေ၊ အဖမ်းခံရတာတွေ အဲဒီလိုမျိုးတွေ ရှိတယ်ခင်ဗျ။”

၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူ ၃ ထောင်လောက် ဝင်ရောက်လာတာကို တွေ့ခဲ့ရကြောင်း ကိုမိုးဝေက ပြောပြပါတယ်။ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မူဆလင်တွေထဲမှာ တချို့က မလေးရှားရောက်ဖို့အတွက် ငွေကြေးကုန်ကျခံပြီး သူတို့ဆန္ဒနဲ့ လာသူတွေလည်းရှိသလို၊ တချို့ကတော့ အလုပ်လုပ်ပြီး လမ်းစရိတ်ဆပ်ရမယ်ဆိုပြီး သဘောတူညီချက်နဲ့ လာကြသူတွေလည်း ရှိပါတယ်။ အဲဒီထဲက တတိယအမျိုးအစားကတော့ သူတို့သဘောဆန္ဒမပါဘဲ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီထဲက ဒုတိယအမျိုးအစားနဲ့ တတိယအမျိုးအစားက ငွေကြေးမပေးနိုင်တဲ့အတွက် ရောင်းစားခံရတာ များတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကစလို့ ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအများစုဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာမူဆလင်တွေ ဖြစ်ကြပါတယ်။ လူမှောင်ခိုကူးတဲ့သူတွေဟာ တနှစ်ကို လူ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကို ခေါ်ဆောင်လာကြပြီး၊ အဲဒီလူတွေကိုတော့ တောထဲမှာဖွက်ထားပြီး၊ မူဆလင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကို ပို့ပေးဖို့အတွက် ပိုက်ဆံတွေ တောင်းယူနေတာဖြစ်ပါတယ်။

မေလ ၅ ရက်နေ့ကတော့ လူမှောင်ခိုကူးသူတွေ အသုံးပြုခဲ့တဲ့ ဒုတိယစခန်းတခုကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲဒီအနီးအနားက ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။ ထိုင်းသတင်းတွေမှာတော့ လူကုန်ကူးမှုမှာ လူမှောင်ခိုဂိုဏ်းက လူတွေနဲ့အတူ ထိုင်းရဲတွေ၊ ရပ်ရွာအာဏာပိုင်တွေ ၈ ဦးထက်မနည်း ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြကြပါတယ်။ လူကုန်ကူးသူတွေဟာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကို ခေါ်ဆောင်လာပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့ရဲ့မိသားစုတွေထံမှာ ငွေညစ်တောင်းခံတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ သတ်ပစ်တာ၊ ရောင်းစားတာတွေ လုပ်ခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေက လူကုန်ကူးမှုနဲ့ ဆက်နွယ်နေသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။ လူကုန်ကူးသူတွေ ဖမ်းထားတဲ့တန်စာခံဟာ လွတ်သွားပြီး စစ်တပ်ကိုတိုင်ကြားရာကနေစပြီး ဒီအမှုက စတင်ပေါ်ပေါက်လာတာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ အခုလို လူတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတာကို တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကလည်း တောင်းဆိုထားပါတယ်ရှင်။

XS
SM
MD
LG