သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုနဲ့ ထိုင်းဗိုလ်ချုပ်တဦး အရေးယူခံရ


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်သူတွေကို လူမှောင်ခိုမှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူအဖြစ် ဖမ်းဝရမ်း ထုတ်ခံခဲ့ရတဲ့ ထိုင်းစစ်တပ် အဆင့်မြင့် အရာရှိတဦးဟာ ဒီကနေ့ပဲ အာဏာပိုင်တွေထံ လာရောက် အဖမ်းခံခဲ့ပါတယ်။

ထိုင်းအစိုးရက နှိမ်နင်းနေတဲ့ လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်နွယ်နေတယ်လို့ သံသယရှိသူတွေထဲ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ဟာ ဒီကနေ့ပဲ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပြီး အမှုကို ရင်ဆိုင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အသက် ၅၈ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးကိုတော့ လူမှောင်ခိုမှု၊ လူမှောင်ခိုကူးခံရသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ပြန်ပေးဆွဲ ငွေတောင်းမှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာလို့လည်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ဖော်ပြခဲ့တာပါ။

ထိုင်းအစိုးရကတော့ လူမှောင်ခိုဂိုဏ်းတွေမှာ အဆင့်မြင့်အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု မရှိနိုင်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားခဲ့ပြီး၊ အငယ်တန်းအရာရှိ အနည်းအကျဉ်းလောက်ကိုသာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကာလကြာရှည်ရှိနေခဲ့တဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိုင်းအစိုးရက ပြီးခဲ့တဲ့လက စတင် နှိမ်နှင်းခဲ့ရာမှာတော့ လူမှောင်ခိုခံရသူ အများအပြား ပင်လယ်ပြင်မှာ စွန့်ပစ်တာ ခံခဲ့ကြရတာပါ။ ပြီးခဲ့တဲ့လထဲမှာပဲ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွေကို ရောက်လာကြတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ ထောင်ပေါင်းများစွာကိုလည်း ကယ်ဆယ်ခဲ့ကြရပါတယ်။

နောက်ထပ် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာဟာလည်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ရှိနေဦးမယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG