သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူမှောင်ခိုကူးမှု အရေးယူခံရသူတွေအနက် ဗိုလ်ချုပ်တဦးပါ


ထိုင်းနိုင်ငံသမိုင်းမှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အကြီးမားဆုံးဖြစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို ကျယ်ကျယ်ပြန့်ပြန် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပေမဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်ဆိုပြီးတော့ ထောက်ပြနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Ron Corben ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဓိကအခြေစိုက်တဲ့ လူမှောင်ခို ရောင်းဝယ်မှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီလို့ ထိုင်းရဲက အင်္ဂါနေ့က ပြောပါတယ်။ ထိုင်းဒုရဲချုပ် အတ် အန်စာ နာနွတ် က ဒါဟာ ထိုင်းသမိုင်းမှာ လူမှောင်ခိုကူးမှုနဲ့ ပတ်သက်လို့ အကြီးမားဆုံး စုံစမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးသမားတွေ၊ ရဲနဲ့ အစိုးရအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် စစ်ဗိုလ်ချုပ်တဦး အပါအဝင် မသင်္ကာရသူပေါင်း လူ ၅၀ ကို ရဲက ဖမ်းဆီးခဲ့ပြီး၊ တခြားသူ ၆၃ ဦးအတွက်လည်း ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုမှာ ထိုင်းနိုင်ငံတောင်ပိုင်းက အများဆုံးဖြစ်ကြတဲ့ ရဲအရာရှိပေါင်း၁၀၀၀ တို့ ပါဝင်ခဲ့ပြီး၊ သက်သေအထောက်အထား စာရွက်စာတမ်းပေါင်း ၁ သိန်းကျော်ပါတဲ့ သေတ္တာပေါင်း ၁၉ ခုတို့ကို နိုင်ငံတော် တရားရုံးချုပ်ထံကို ရဲက ပေးပို့ခဲ့ပြီး အဲဒီ သက်သေအထောက်အထားတွေအရ တရားခံတွေအပေါ် စွဲချက်တင်မယ်၊ မတင်ဘူးဆိုတာကိုတော့ နိုင်ငံတော်ရှေ့နေချုပ်က ဇူလိုင်က ၁၄ ရက်နေ့ နောက်ဆုံးထား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုလို စုံစမ်းစစ်ဆေးမှုကို နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပေမဲ့ ဒီသီတင်းပတ်အတွင်း စုံစမ်းစစ်ဆေးမှုတွေ နှေးကွေးသွားတဲ့အတွက် စိုးရိမ်မကင်းဖြစ်မှုတွေရှိပြီး၊ နောက်ထပ် စစ်ဘက်အရာရှိတွေ စွဲချက်တင်ခံရမှာ စိုးတဲ့အတွက် ဥပဒေထိန်းသိမ်းရေးအရာရှိတွေဟာ စုံစမ်းစစ်ဆေးမှုတွေကို ပြည့်ပြည့်စုံစုံပြုလုပ်ဖို့ စိတ်ထက်သန်မှု လျော့နည်းတာကို တွေ့ရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

Sunai Phasuk ကတော့ Human Rights Watch အဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သုတေသီဖြစ်ပါတယ်။ သူက အခုလို ဖမ်းဆီးခံရသူတွေထဲမှာ တန်ခိုးအာဏာကြီးတဲ့ အရပ်ဘက်ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပေမဲ့ စစ်တပ်က ဗိုလ်ချုပ်တဦးသာ ပါဝင်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိမှုကို မေးခွန်းထုတ်လိုက်ပါတယ်။

“တောင်ပိုင်းခရိုင်တွေမှာ ထိပ်တန်းစီးပွားရေးသမားတွေ အပါအဝင် လူကုန်ကူးတဲ့ ဂိုဏ်းခေါင်းဆောင်တွေ ရှိနေပါတယ်။ သူတို့နာမည်တွေထွက်နေတာ ၁၀ နှစ်နီးပါး ရှိပါပြီ။ အခုမှ သူတို့ကို အရေးယူတာဖြစ်ပါတယ်။ ဒါကတော့ ကြိုဆိုရမှာပါ။ မသင်္ကာရသူတွေထဲမှာ အဆင့်မြင့် ဗိုလ်ချုပ်တဦးလည်း ပါဝင်နေပြီးတော့ သူ့ကို လူကုန်ကူးမှုအပြင် တခြားကြီးလေးတဲ့ ပြစ်မှုတွေနဲ့လည်း စွဲချက်တင်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ ဒီဗိုလ်ချုပ်တဦးတည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ် ဆိုတာကတော့ ယုံရဖို့ အတော်ကို ခက်ပါတယ်။”

လူမှောင်ခိုကူးမှုမှာ ပါဝင်ပတ်သက်နိုင်ဖို့ အလားအလာရှိတဲ့ တခြား လက်အောက်ငယ်သား စစ်ဘက်အရာရှိတွေကိုလည်း ဆက်ပြီး စစ်ဆေးသင့်တယ်လို့ Sunai က ပြောပါတယ်။ မလေးရှားနဲ့ နယ်စပ်ချင်းဆက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းရှိ တောတွေမှာ မြန်မာနိုင်ငံမှ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ မူဆလင် ရိုဟင်ဂျာ အများစုပါဝင်တဲ့ လူမှောင်ခိုကူးခံရသူတွေရဲ့ အလောင်းတွေ ရာပေါင်းများစွာ မြှုပ်နှံထားတဲ့ နေရာတွေကို တွေ့ရှိခဲ့ပြီးတဲ့နောက် နိုင်ငံတကာရဲ့ ဖိအားပေးမှု တိုးလာခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုတွေကို ထိုင်းက အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံသားတွေဟာ လွန်ခဲ့တဲ့နှစ်ကစပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို စက်လှေတွေနဲ့ ပို့ပေးဖို့ လူပွဲစားတွေကတဆင့် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ မေလစောစောပိုင်းက ထိုင်း - မလေးရှား နယ်စပ်မှာ အလောင်းတွေ မြှုပ်နှံထားတဲ့နေရာတွေကို ထိုင်းရဲက တွေ့ရှိခဲ့ပြီး ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ လူမှောင်ခိုကူးသူတွေက စွန့်ပစ်ခဲ့တဲ့ စက်လှေတွေထဲမှာ လှေစီးပြေးဒုက္ခသည် အများအပြားကိုလည်း တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာ လူမှောင်ခိုကူးမှု အစီရင်ခံစာမှာ ထိုင်းနိုင်ငံဟာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု အနိမ့်ဆုံးဖြစ်တဲ့ TIER 3 အဆင့်မှာ သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး၊ စီးပွားရေးနဲ့ ငွေကြေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၂ ဖြစ်တဲ့ စောင့်ကြည့်ခံအဆင့်မှာ သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းရဲက အခုလို စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံအပေါ် ဒီနှစ်အဆင့် သတ်မှတ်ရာမှာ ညှာတာမှုရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအုပ်စုတွေကတော့ အခုလို ထိုင်းနိုင်ငံက စုံစမ်းစစ်ဆေးမှုတွေ အဆုံးသတ်ခဲ့တာဟာ သတ်မှတ်ထားတဲ့ မတ်လ နောက်ဆုံးကန့်သတ်ရက်ထက် ကျော်နေတာကြောင့် အမေရိကန်ရဲ့ သတ်မှတ်မှုအဆင့်မှာ သိသာတဲ့ အပြောင်းအလဲ ပြုလုပ်ပေးဖို့ မမြင်ဘူးလို့ ဆိုပါတယ်။ ဒီနှစ်အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်မယ့် လူကုန်ကူးမှု အစီရင်ခံစာကို ဇူလိုင်လလယ်မှာ ထုတ်ပြန်ဖို့လည်း ရှိကြောင်းပါရှင်။

XS
SM
MD
LG