သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်နဲ့ပတ်သက်တဲ့ ပြောကြားမှုကြောင့် ကန်သံအမတ်ကို ရဲစစ်ဆေး


ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးရဲ့ ကောက်ချက်ချ ပြောကြားချက်တွေဟာ ထိုင်းဘုရင်မင်းမြတ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မပြုလုပ်ဖို့ ကန့်သတ်ထားတဲ့ ဥပဒေကို ချိုးဖောက်ရာ ရောက် မရောက် ထိုင်းရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဒါပေမဲ့လည်း သံအမတ်တဦးအနေနဲ့ သံတမန်ရေးဆိုင်ရာ ကင်းလွတ်ခွင့် ရနေတာမို့ စွဲချက် တစုံတရာ တင်မယ်လို့တော့ မမျှော်လင့်ကြပါဘူး။

စက်တင်ဘာလက သံအမတ်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆို ခန့်အပ်ခံခဲ့ရတဲ့ Glyn Davies ဟာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံခြား သတင်းထောက်များအသင်းမှာ Lèse-majesté ဥပဒေဖြစ်တဲ့ ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej အပေါ် ဝေဖန်မှုကို တားမြစ်တဲ့ ဥပဒေ ချိုးဖောက်မှုကြောင့် ထိုင်းစစ်တရားရုံးတွေက ထောင်ဒဏ်နှစ်ရှည်တွေ စီရင်ချက်ချခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလို ပြောကြားချက်ဟာ အသရေဖျက်မှုဆိုင်ရာ တားမြစ်ထားတဲ့ ဥပဒေနဲ့ ငြိစွန်းမှု ရှိနေတယ်လို့ တိုင်ကြားစာ ရခဲ့ပြီးတဲ့နောက်မှာ အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာလို့ ရဲက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ဒီဥပဒေကို ချိုးဖောက်မှုရှိတယ်လို့ သတ်မှတ်ခံရသူ အများအပြားကို ထောင်ဒဏ် ၂၅ နှစ်ကျော် ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ်ဟာ စနေနေ့က သက်တော် ၈၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရဆဲ ရှိပါတယ်။

XS
SM
MD
LG