သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမားမူဝါဒသစ် ရွှေ့ပြောင်းလုပ်သားတွေပေါ် ထိခိုက်နိုင်


ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။
ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်းကစလို့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် လက်မှတ် ရှိမှသာ ရွှေ့ပြောင်းအလုပ်သမားတွေ လာအလုပ်လုပ်နိုင်မဲ့ မူဝါဒသစ်ဟာ လူမှောင်ခိုကူးမှု၊ အလုပ်ရှင်တွေ အပေါ် အလုပ်သမားတွေ အကြွေးတင်မှု ပိုပြီး များစေလိမ့်မယ်လို့ ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ ကျွမ်းကျင်သူက သုံးသပ်လိုက်ပါတယ်။ မြန်မာနိုင်ငံက အပါအဝင် ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့ဖို့ ထိုင်းအစိုးရ သတ်မှတ်ထား တဲ့ နောက်ဆုံးရက် နီးလာချိန်မှာ စာရွက်စာတမ်းအတု ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် သန်းချီ ရှိနေတဲ့ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်း တရားဝင် နေထိုင်ခွင့် အလုပ်လုပ်ခွင့် စာရွက်စာတမ်း မရှိတဲ့၊ သက်တမ်းကုန်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့မယ်လို့ ထိုင်းအစိုးရ က ကြေညာထားတဲ့အတိုင်း နောက်ဆုံး သတ်မှတ်ရက်ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ မြန် မာနိုင်ငံက တရားမဝင်အလုပ်လာလုပ်နေကြသူတွေ စိုးရိမ်နေကြတယ်ပါတယ်။ တရားဝင် အထောက် အထား မရှိကြသူတွေ အဖမ်းခံရမဲ့အရေး စိတ်ပူနေကြတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့က ကိုမိုးကြိုးက ခုလိုပြောပြပါတယ်။

“ထိုင်း-မြန်မာနယ်စပ်အပါအဝင် ပတ်ဝန်းကျင်မြို့ရွာတွေမှာတော့ ဒီကိစ္စက ခြိမ်းခြောက်မှုတခုပဲ။ အားလုံးလည်း ထိတ်လန့်တကြား ဖြစ်နေကြတယ်ပေါ့။ ပြောမယ်ဆိုရင် သူတို့တွေ အဖမ်းအဆီး ကို တော်တော်လေးကို ကြောက်လန့်နေကြတယ်။”

အဖမ်းခံရလို့ နေရပ်နိုင်ငံဘက်ကို ပြန်ပို့ခံရသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပြန်လာအလုပ်လုပ်ချင်တယ် ဆိုရင် အလုပ်ခန့်စာနဲ့ လျှောက်ရတဲ့ မြန်မာအစိုးရဆီက ယာယီနိုင်ငံကူးလက်မှတ်နဲ့မှ ထိုင်းနိုင်ငံထဲ ကို ပြန်ဝင်နိုင်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရောက်ရင်လည်း အလုပ်လုပ်ခွင့် လက်မှတ်ကို ထပ်ပြီး လျှောက်ရမှာဖြစ်ပါတယ်။ အဲဒီလို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နိုင်ဖို့ ကုန်ကျစရိတ် များတာကြောင့် လုပ်အားခ နည်းနည်းပဲရတဲ့ ရွှေ့ပြောင်းအလုပ်သမား အတော်များများက တရားဝင် အလုပ်လုပ်ဖို့ မတတ်နိုင်ကြတာဖြစ်ပါတယ်။

“ကြီးကြီးမားမား အကျပ်အတည်း အခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်တဲ့ ကုန်ကျစရိတ် မတတ်နိုင်ကြတာပါပဲ၊ အရင် တုန်းကဆိုရင် အလုပ်သမား လက်မှတ် တမျိုးတည်းတောင်မှပဲ ဘတ် လေးထောင်ကျော် ကုန်တယ်ဗျာ။ အခု ယာယီပတ်စ်ပို့ဆိုတဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ အစီအစဉ်နဲ့လုပ်ရတာ မဲဆောက်နဲ့ မြဝတီမှာဆိုရင် ဘတ် ၅,၅၀၀ ကုန်တယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမား တယောက်က နေထိုင် အလုပ်လုပ်ဖို့အတွက် အားလုံးပေါင်း ဘတ်တသောင်း ဝန်းကျင်လောက် ကုန်တယ်ဗျ။ ဒီကိစ္စကို ဘယ်သူမှ မတတ်နိုင်ကြဘူး။ ထိုင်း-မြန်မာ နယ်စပ်က ပိုတောင် မတတ်နိုင်သေးတယ်။ လုပ်အားခ အနည်းဆုံးဒေသဖြစ်နေလို့။”

လောလောဆယ် ထိုင်းနိင်ငံမှာ မြန်မာအလုပ်သမား ၄ သန်းထက်မနည်းရှိနေပြီး တဝက်လောက်က တရားဝင်နေထိုင် အလုပ်လုပ်ခွင့် မရှိကြဘူးလို့ ဘန်ကောက်မြို့ဝန်းကျင်က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်နေသူ ဦးကျော်သောင်းကဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးသတ်မှတ်ရက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမြောက်အမြားရှိတဲ့ စမွတ်စခွန် မဟာချိုင်ဘက်မှာ ယာယီနိုင်ငံကူးလက်မှတ်အတု လုပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်နေပါတယ်။

“မဟာချိုင်အပါအဝင် ဘန်ကောက်ပေါ့။ ဘန်ကောက်မှာလည်း အဲဒါမျိုးတွေ အနည်းအကျဉ်း အတုတွေ လုပ်ကြတယ်။ ဆိုလိုတာက အဲဒီ စာရွက်စာတမ်းမရှိဘဲနဲ့ ပွဲစားတွေနဲ့ ထိုင်း-မြန်မာ တာဝန်ရှိတဲ့အမှုထမ်းတွေက အခု တရားမဝင်တဲ့ပုံစံမျိုးနဲ့ ပတ်စ်ပို့တွေ လုပ်ပေးနေတယ်။ ယာယီ ပတ်စ်ပို့တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေက ထိုင်း ဥပဒေကြောင်းအရဆိုရင် Work Permit လျှောက်တာမျိုးတို့၊ နေထိုင်ခွင့်တို့က မရှိဘူး။ စာအုပ်တော့ စာအုပ်ပါပဲ၊ အဲဒါတွေ ကျနော်တို့လက်ထဲမှာ သေသေချာချာ အထောက်အထား ရှိထားတာတွေက ရှိတယ်။ အဲဒါကို မြန်မာ သံရုံးကိုလည်း ကျနော်တို့က တင်ပြ တောင်းဆိုထားတာရှိတယ်။ အလုပ်သမားတွေကတော့ ဘတ် သောင်း၊ ခြောက်ထောင့်ငါးရာကနေ သောင်းရှစ်ထောင်အထိ အကုန်အကျ ခံပြီးတော့မှ ဒီလို ဒီလို စာအုပ်တွေ လုပ်ထားတယ်၊ မိတ္တူတွေလည်း ရထားပြီးပြီ ဖြစ်တယ်-ဆိုပြီးတော့ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကျနော်တို့ သတင်းပေးပို့ထားတယ်။”

ထိုင်းတာဝန်ရှိသူတွေနဲ့ ပွဲစားတွေပေါင်းပြီးတော့ ခုလိုလုပ်နေကြတာလို့ ဆိုပါတယ်။
အလုပ်သမား အင်အား အမြောက်အမြားလိုအပ်တဲ့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်တွေဟာ အလုပ်အားခ အင်မတန် သက်သက် သာသာနဲ့ ခိုင်းနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုလားပါတယ်။ အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံက အလုပ်လုပ်ချင်တဲ့သူတွေ ကလည်း အမြောက်အများရှိတာမို့ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့် အလုပ် လုပ်ခွင့်ရှိမှ အလုပ်လုပ်နိုင် တော့မယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ မဟိဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာလေ့လာရေးဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူပညာရှင် Andy Hall ကသုံးသပ်ပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် စနစ်တကျ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ လာဘ်ပေး လာဘ်ယူ မှုတွေ ပိုများလာနိုင်တယ်။ လူကုန် ကူးမှုတွေ ပိုများလာနိုင်တယ်။ အလုပ်ရှင်တွေဆီမှာ အကြွေးနဲ့ ချီတုပ် ခိုင်းခံရမှုတွေ ပိုများလာနိုင်တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အင်မတန် အနုတ်လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ တရားမဝင် အလုပ်သမားတွေကို အလုပ်ပေးထားတဲ့ အလုပ်ရှင်တွေ အပေါ်မှာလည်း အလားတူ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မဟီဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာလေ့လာရေးဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူ Andy Hall က ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံကိုလာသွားတဲ့ မြန်မာအလုပ်သမား ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနဲ့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းမှုကြောင့် ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားလက်မှတ် ရှိထားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သက်တမ်းတိုးချိန် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၄ ရက်အစား ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြောင်းရွှေ့အချိန်ပေးထားပါတယ်ရှင်။
XS
SM
MD
LG