သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းဖြစ်ရပ် ကန့်ကွက်ဆန္ဒပြပွဲနဲ့ အမှုအပေါ် ထိုင်းရဲ ပြောဆိုချက် သဘောမတူ


မြန်မာလူငယ်နှစ်ဦးအပေါ် သေဒဏ်ချတဲ့ကိစ္စ မြန်မာနိုင်ငံသားတွေ ကန့်ကွက်ဆန္ဒပြတာဟာ နိုင်ငံရေးအရ အသုံး ချခံရတာဆိုတဲ့သဘော ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေက ပြောပေမယ့် ဒီကိစ္စကို စောင့်ကြည့်လေ့လာနေသူတွေက တော့ အဲဒီလိုမမြင်ပါဘူး။ လူငယ်နှစ်ဦးအပေါ် စွပ်စွဲချက်တွေ မခိုင်လုံဘူးဆိုတာကို တရားရုံး စစ်ဆေးမှုတွေမှာ အခိုင်အမာ ထွက်ဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပါမယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့မြန်မာလူငယ်၂ ဦး သေဒဏ်ချခံရပြီးတဲ့နောက်မှာတော့ ခွင်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ရင် ပုဒ်မ ၁၈နဲ့ အရေးယူ ခံနေရတဲ့မြန်မာနိုင်ငံမှာ ဆန္ဒပြမူတွေက နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာပါ။ လိပ်ကျွန်း အရေး ဆန္ဒပြပွဲတွေဟာ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေပြောသလို နိုင်ငံရေးအရ အသုံးချခံနေရတာလားဆိုတာကိုတော့ မြန်မာနိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိန်းက အခုလိုသုံးသပ်ပါတယ်။

“နိုင်ငံရေးအရ အသုံးချခံနေရတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့တော့ပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိနိုင်ငံရဲ့ အင်အားစုတွေရော၊ နိုင်ငံရေး အသိုင်းအဝိုင်းကော ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကော၊ အရပ်ဖက် အဖွဲ့အစည်းတွေရောက ဒီထိုင်းနိုင်ငံအစိုးရရဲ့ တရားရုံးကနေ ဆုံးဖြတ်ချက် အပေါ်မှာ အပြည့်အ၀ သံသယရှိနေတဲ့ သဘောရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ ထိုင်းနိုင်ငံတရားစီရင်ရေး ယန္တရားရဲ့ ချို့ယွင်းချက်၊ အားနည်းချက်ကိုလည်းပဲ ထောက်ပြပြီး ဝေဖန်နေတဲ့ သဘောမျိုးလည်းရှိပါတယ်။”

ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒပြပွဲတွေကိုတော့ ၄ ရက်မြောက်နေ့ အဖြစ် မြန်မာ အာဏာပိုင်တွေက ဆက်လက်ခွင့်ပြုထားပါတယ်။ အလားတူ နယ်စပ်မြို့တွေမှာလည်း ဆန္ဒပြတာတွေ ရှိနေတုန်းပါပဲ။ ဆန္ဒပြမူတွေဟာ ကြိုတင်ခွင့်ပြုချက်တင်စရာမလိုတဲ့ ဆန္ဒပြပွဲတွေအဖြစ်လည်းတွေ့ရှိနေရပါတယ်။ အချက်ကို ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ ဒီမြန်မာနိုင်ငံအတွင်းမှာ အမျိုးသားရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ဆော်သြတိုက်တွန်းနေတဲ့ အဖွဲ့အစည်းတွေကတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်တော့ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ၊ အမေရိကန်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီနိုင်ငံရဲ့အမျိုးသားရေး၊ အမျိုးသားလုံခြုံရေးဟာ အဓိကကျတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ အဲဒီလို တိုက်တွန်းပြောကြားမှုတွေကို အသုံးချပြီးတော့ အတိုင်းအတာတခုအနေနဲ့ လံှု့ဆော်တာတွေ၊ အခြေအနေဆိုး သွားအောင် တွန်းပို့တာမျိုးတွေ လည်းရှိကောင်းရှိနိုင်ပါတယ်။”

မြန်မာလူငယ်၂ ဦးကိုသေဒဏ်ပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်ကတော့ သက်သေ အထောက်အထားခိုင်မာစွာ ရှိတယ်ဆိုပြီး သတင်းစာ ရှင်းလင်းခဲ့တာပါ။ ဒါပေမဲ့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ တရားလိုပြသက်သေတွေရဲ့ စွပ်စွဲချက်တွေ ခိုင်မာမူမရှိဘူးဆိုတာကို တရားရုံးမှာထွက်ဆိုထားတယ်ဆိုပြီး အခုလိုပြောပါတယ်။

“ဥပဒေနားလည်တဲ့ တရားစီရင်ရေးအဖွဲ့က စွဲဆိုထားတဲ့ အချက်က ၂ ချက်ရှိပါတယ်။ ၁ ချက်ကတော့ ဝန်ခံချက်ပေးတယ် ဆိုတဲ့အချက်၊ နောက် ဒုတိယအချက်ကတော့ DNA တူတယ် ဆိုတဲ့အချက် ။ ဒါတွေနဲ့ပေါင်းပြီးတော့ သူက CCTV က ပုံတွေနဲ့ တရားခံတွေကို တရားစွဲခဲ့တာပါ။ အဲဒီတော့ ဒီအချက်တွေနဲ့ ပတ်သက်လို့လည်း အမှုတွဲ တောက်လျှောက်မှာ ပြီးခဲ့တဲ့ နောက်ဆုံး တရားခံပြချက်တွေနဲ့ စစ်ဆေးတဲ့အခါမှာ DNA တူတဲ့ ကိစ္စတွေက ပညာရှင်တွေ ထွက်ဆိုသွားတာနဲ့ကို လုံလောက်နေပါပြီ။ လူသတ်မှုလည်းဖြစ်တယ်၊ ပေါင် ဒူးရိုးပေါ်မှာ DNAတွေ့တယ်၊ သို့သော် တရားခံတွေရဲ့ DNA မဟုတ်ဘူးဆိုတာကြောင့် ဒီDNA နဲ့ ပတ်သက်လို့တော့ ရှင်းသွားပါပြီ။ CCTVနဲ့ ပတ်သက်လို့တော့ ဖြစ်နေတဲ့ပုံဟာ တရားလိုဘက်က ဝေဖြိုး(ဝင်းဇော်ထွန်း)ပုံပါလို့ ပြောချင်တယ်။ ဒါပေမယ့် ဒီ CCTV ရဲ့မိတ္တူကို အင်္ဂလန်နိုင်ငံက ပညာရှင် Technician တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဝေဖြိုး မဟုတ်ဘူးဆိုတဲ့ ၁၅ ရက် ၉ လ ၂၀၁၅ ထွက်ဆိုချက်မှာ ကြည့်မယ် ဆိုရင် ဒီအချက်ကလည်း ရှင်းသွားပါပြီ။ ဒီတော့ ဝန်ခံချက်နဲ့ ပတ်သက်လို့လည်း ၈ ရက် ၁၀ လ ၂၀၁၄ မှာ အကျဉ်းဦးစီးထဲကို ကလေးတွေစရောက်တာပါ။ အဲဒီတော့ ရဲစခန်းထဲမှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ အဲ့ဒီ ဒဏ်ကြောင့် ကြောက်လန့်နေတယ်ဆိုတာ မသိသေးပါဘူး။ ဒါကြောင့် သူတို့က ဒီစကားကို ဆက်ပြောတယ်လို့ အန်ကယ်ပြောထားပါတယ်။”

သေဒဏ်စီရင်ချက် ချပြီးတဲ့နောက်ပိုင်း မြန်မာလူထုရဲ့ မကျေမနပ် ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြီးတဲ့ နောက် သမ္မတရဲ့ညွှန်ကြားချက်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ထိုင်းဝန်ကြီးချုပ်ရုံးဝန်ကြီးနဲ့ သွားတွေ့ပြီး ပြောဆို တာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းအဆင့်မြင့်တာဝန်ရှိသူတွေကို သဝဏ်လွှာပေးပို့ တာတွေအပြင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဘက်က ပြောဆိုတာတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထုတ်ပြန်ချက် စတာတွေ ထွက်ထားပြီးတဲ့ နောက် ဒီကနေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုြပ်ပီး တုန့်ပြန် ပြောဆိုလာတာပါ။ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကိုတော့ လုံခြုံရေးပိုပြီးအဆင့်မြင့်တဲ့ နခွန်စီဌာမရ အကျဉ်းထောင်ကို စနေနေ့က ရွှေ့ပြောင်းထားပြီးပါပြီ။

XS
SM
MD
LG