သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး ထိုင်း-မြန်မာသဘောတူ


ကရင်ဒုက္ခသည်များ။
ကရင်ဒုက္ခသည်များ။

ထိုင်းနိုင်ငံစစ်အစိုးရက နိုင်ငံကို အပတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့တဲ့ မြန်မာ့ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ထိုင်းနိုင်ငံအတွင်း ရှိနေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင့် ထည့်ပြောသွားခဲ့ပါတယ်။ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကတော့ ဒုက္ခသည်တွေ ပြန်ပို့နိုင်ရေး အဆင်သင့်မဖြစ်သေးဘူးလို့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရှိရှိ မပြန်ရဘူးဆိုရင် ပြန်ကြမှာမဟုတ်တဲ့အကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာစစ်ဦးစီးချုပ် ထိုင်းနိုင်ငံကိုလာရောက်ချိန်တုန်းက ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေနဲ့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာရှိနေတဲ့ မြန်မာဒုက္ခသည် ၁ သိန်း၊ ၃ သောင်းကျော်ရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ထိုင်း စစ်ခေါင်းဆောင် အကြီးအကဲက နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အခုလို ပြောသွားခဲ့ပါတယ်။

သူပြောသွားတာကတော့ မြန်မာအစိုးရဘက်က စစ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့တွေ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်၊ မြန်မာနဲ့ထိုင်းအစိုးရတို့ဟာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်ကတော့ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေရဲ့ နေရပ်ရင်းပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာနဲ့ သူတို့အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမလဲ- လို့ ပြောသွားခဲ့ပါတယ်။

စစ်ဘေးရှောင်ပြီး ထွက်လာကြပြီး ထိုင်းနိုင်ငံမှာ သူတို့ နေထိုင်လာခဲ့ကြတာလည်း နှစ်ပေါင်းများစွာ ကြာနေပါပြီ၊ သူတို့လွတ်လပ်မှုအတွက် သူတို့ စောင့်နေကြတာလည်း ကြာနေကြပါပြီလို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ ကရင်ဒုက္ခသည်စခန်း ၇ ခုနဲ့ ကရင်နီဒုက္ခသည်စခန်း ၂ ခု၊ အားလုံးပေါင်း စခန်း ၉ ခုရှိပြီး UNHCR ရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည် ၁ သိန်း၊ ၃ သောင်းလောက် ရှိတာပါ။ ကရင်ဒုက္ခသည် ကော်မတီ တာဝန်ရှိသူတစ်ဦးကတော့ လောလောဆယ် ပြန်ပို့မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဆင်သင့် မဖြစ်သေးသလို နိုင်ငံတကာ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေအတိုင်း ပြန်ပို့တာမဟုတ်ခဲ့ရင် ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခု မြန်မာပြည်အခြေအနေကြီးက တိုးတက်လာတယ်လို့ ကမ္ဘာက မြင်လာတဲ့အပေါ် ဒါကတော့ ယုံကြည်ချက်တစ်ခုပေါ့နော်၊ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့ မပြန်ရဘူးဆိုလို့ရှိရင် ကျနော်တို့က ပြန်မှာမဟုတ်ဘူး၊ ကျနော်တို့ပြန်မှာက dignity လည်း ရှိရမယ်၊ security လည်းရှိရမယ်။ အခုအချိန်ကြီးက ဒါတွေ မရှိသေးဘူးဆိုတာ ကမ္ဘာက သိနေတယ်လေ။ ဒါပေမယ့် ကျနော်မြင်တာက နိုင်ငံခေါင်းဆောင်တွေက တွေ့ပြီးဆုံပြီးလို့ရှိရင် ဒီလို ထုတ်ပြန်ကြေညာချက်မျိုးက မထုတ်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပေါ်လစီလေ၊ သူတို့ရဲ့လုပ်ငန်း။ အဲဒီတော့ ကျနော်မြင်တာက သူတို့ရဲ့အပိုင်း သူတို့ပြောမှာပဲလေ။ ဒါပေမယ့် ဒီ ၂ ယောက်တည်းနဲ့တော့ မပြီးဘူး၊ ကြားမှာ UNHCR ဆိုတဲ့ ကြားခံတစ်ခုနဲ့ --- တွေ ပါလာလိမ့်မယ်။ အဲဒါကြောင့်မို့လို့ အချိန်မတန်သေးဘူးဆိုတာလည်း တကမ္ဘာလုံးက သိနေတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို ဘယ်သူမှတော့ ရှောင်သွားလို့ မရဘူးလေ။ အဲဒီတော့ ကျနော်တို့ထင်တာကတော့ ‘This is not the right time yet’. အချိန်ကတော့ လာတော့မှာပဲလေ။ ဒါပေမယ့် အခုလောလောဆယ်ကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျနော်မြင်တယ်လေ၊ နော်။”

လက်ရှိမှာတော့ ဒုက္ခသည်စခန်းတွေကို ထိုင်းစစ်တပ်က ဒုက္ခသည်အရေအတွက် စာရင်းကောက်ယူတာမျိုးတွေ လုပ်ဆောင်နေပေမယ့် ဘယ်အချိန်မှာ နေရပ်ရင်းကို ပြန်ပို့မယ်ဆိုတာကို တိတိကျကျ ပြောဆိုခြင်းမရှိသေးပါဘူး။ မြန်မာနိုင်ငံက စစ်ဘေးဒဏ်တွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံမှာ နေထိုင်လာတာ နှစ် ၃၀ နီးပါး ကြာခဲ့ပြီဖြစ်သလို UNHCR နဲ့ ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေသူတွေက ဒုက္ခသည်တွေ ဆန္ဒရှိရင် နေရပ်ရင်းပြန်နိုင်ကြောင်း ပြောထားတာပါ။ တဖက်ကလည်း တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ပြုနေတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG