သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြဝတီက မဲပေးအခြေအနေ


မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)

ဒီနေ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကရင်ပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြည်သူ အများအပြားဟာ မဲထည့်ခွင့်မရသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ဟာ ကုန်သွယ်စီးဆင်းရာမြို့ဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က စီးပွားလာရှာသူတွေလည်း ရှိကြပါတယ်။ ဒါ့အပြင် နယ်စပ်မှာပဲ အခြေချနေထိုင်ကြသူတွေလည်း ရှိနေတာပါ။ နိုဝင်ဘာလ ၈ ရကနေ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့ ပြည်သူတွေဟာ ဆန္ဒမဲပေးကြဖို့ မဲရုံတွေဆီ သွားခဲ့ကြပေမယ့် သူတို့ မဲထည့်ခွင့်မရခဲ့ကြကြောင်း အခုလို ပြောပါတယ်။

မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)

“တချို့ မဲထည့်တဲ့သူတွေကျတော့ တမိသားစုမှာ တစ်ယောက်တစ်လေလောက်ပဲ ထည့်ရတယ်။ တချို့လူတွေကျတော့ သန်းကောင်စာရင်းရှိရှိကြီးနဲ့ မထည့်ရဘူး။ မှတ်ပုံတင်စိစစ်ပြီးတော့ ထည့်ခွင့်မပြုဘူး။ ဥပမာ-အိမ်ခြေ ၁၀၀ ရှိရင် အိမ်ခြေ ၁၀၊ ၂၀ လောက်ပဲထည့်ရတယ်။ ကျန်တဲ့ ၇၀ လောက်က မထည့်ရဘူး။ အခု ကျနော်တို့ မြေနီကုန်းအပိုင်မှာပဲဖြစ်တယ်။ တရပ်ကွက်လုံးဖြစ်နေတာကတော့ အမှတ် (၄) တရပ်ကွက်လုံးဖြစ်တယ်။ အောင်မြေ…ဘက်မှာလည်း ဖြစ်တယ်။ ရပ်ကွက်တစ်ခုလုံးမှာ အပိုင် (၆) ခုလောက်ရှိတယ်။ အဲဒီ (၆) ခုထဲမှာ အမှတ် (၄) ရုံးတရုံးရှိတယ်။ အဲဒီရုံးတစ်ရုံးထဲမှာ သွားကြည့်တဲ့အခါကျတော့ နာမည်စာရင်းမတွေ့ဘူး။ မတွေ့တော့ နောက်တစ်ခေါက်သွားပြန်ရှာတယ်။ မတွေ့ဘူး။ အခု ရွေးကောက်ပွဲလုပ်တဲ့နေ့ကျပြန်တော့လည်း သန်းကောင်စာရင်းနဲ့ နာမည်စာရင်းသွားရှာတယ်။ မတွေ့ဘူး၊ သန်းကောင်စာရင်းနဲ့ မှတ်ပုံတင်နဲ့သွားတင်ပြတယ်၊ အဲဒါလည်း ထည့်ခွင့်မပြုဘူး၊ အဲလိုမျိုးဖြစ်နေတယ်။”

အခြားနယ်မြို့ကနေ လာရောက်အလုပ်လုပ်သူတစ်ဦးကတော့-

“ကျနော်တို့ မဲစာရင်းနာမည်မပါလို့ မဲထည့်ချင်တာ၊ ထည့်ခွင့်မရလ။ ကျနော် ဒီမှာ နေခဲ့တာ ကြာပြီ။ ကျနော်တို့နာမည်တွေမပါဘူး။ ကျနော် ရွာကို ဖုန်းလှမ်းဆက်ကြည့်တော့လည်း ရွာမှာလည်းမရှိဘူး၊ အဲလိုမျိုးဖြစ်နေတယ်။ အခု မဲရုံမှူးနဲ့ကျနော်သွားတွေ့တယ်၊ မဲရုံမှူးက အသစ်ထပ်လုပ်ပိုင်ခွင့်မရှိဘူး။ နာမည်ပါမှ ထည့်လို့ရမယ်-တဲ့။ အဲဒီလိုမျိုးပြောလို့ ကျနော်တို့ပြန်လာတယ်။ ကျနော်နာမည်သွားကြည့်ပါတယ်။ အမှတ် (၄) ရပ်ကွက်ထဲမှာ ကျနော့နာမည်မပါဘူး။ မပါလို့ လူကြီးတွေကို ကျနော် မှတ်ပုံတင်မိတ္တူနဲ့ စာရွက်တစ်စောင်နဲ့ ကျနော်ပေးလိုက်တယ်။ ဒါလည်း ထပ်မပါလာဘူး။ ဒီလို ဒီလို လိုတယ်၊ လိုအပ်တာကိုသွားပေးလိုက်ဆိုလို့ ကျနော်သွားပေးလိုက်တယ်။ ကျနော့်ဟာ မပါလာဘူး။ ဆန္ဒရှိတဲ့လူတွေက မထည့်ရတဲ့အတွက် မကျေနပ်လို့ ပြန်သွားတဲ့လူတွေရှိတယ်။ ပြောင်းလဲတာ မပြောင်းလဲတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့၊ နိုင်ငံရေးက ကျနော်တို့လည်း နားမလည်ဘူး၊ ကျနော်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ ပုံစံကိုကြည့်တာပေါ့နော်၊ ……..”

အသက် (၆၀) ကျော်အရွယ် အဖိုးအိုတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အဘနာမည်ကတော့ ဦးသန်းရွှေလို့ခေါ်တာပေါ့နော်၊ ဦးသန်းရွှေတို့ ဒီရွာကိုစတည်တုန်းကတည်းက (၇) အိမ်၊ (၈) အိမ်ကတည်းက ရောက်နေတာပါ။ အဲဒီတုန်းကတည်းကပေါ့နော်- ဒီတံတားကြီးတောင် မလုပ်ရသေးဘူး၊ အိမ်ထောင်စုစာရင်းဆိုလည်း အဲဒီတုန်းကတည်းက (၁၅၀၀) ပေးပြီးလုပ်ထားရတာ၊ …အခါကျတော့လည်း အရင် (၅) ရက်လောက်ကတည်းက ကပ်ပြီ-သွားရှာဆိုတော့လည်း မတွေ့ဘူး။ မတွေ့လို့၊ တစ်ခါ၊ နှစ်ခါ၊ သုံးခါ ရှာလို့မတွေ့လို့ သွားပြောတဲ့အခါကျတော့ ဟိုလိုလို ဒီလိုလိုနဲ့ - အခုကျတော့ မဲကိုမထည့်ရဘူး။ မဲရုံကိုသွားတော့လည်း မထည့်ရဘူးဆိုလို့၊ အခု ဦသန်းရွှေတင်မဟုတ်ဘူး၊ အဲလိုတွေဖြစ်နေတာ အများကြီးရှိသေးတယ်။”

မြဝတီမြို့မှာ အနှစ် ၂၀ ကျော်နေထိုင်နေတဲ့ အသက် (၆၀) အရွယ် အဘွားတစ်ဦးကလည်း မဲထည့်ခွင့်ရခဲ့ပေမယ့် မဲပြား အပြည့်အစုံမရတဲ့အကြောင်း အခုလို ပြောပါတယ်။

“အကြီးက အသက် (၆၀) ရှိပြီ။ အကြီးက (၄) ပြား ရရမှာကို အကြီးကို (၃) ပြားပဲပေးတယ်။ အကြီးက မေးတယ်။ ‘ဟယ်၊ ၃ ပြားဆိုလို့ ရှိလို့ရှိရင် ငါက ၄ ပြားရရမှာလေ’-ဆိုတော့ သူကပြောတယ်၊ အဒေါ်က ဘာလူမျိုးလဲ-တဲ့။ ဟဲ့၊ ငါက - ငါ့ရုပ်က ဘာရုပ်ပေါက်နေလို့လဲ-လို့၊ ငါ ၄ ပြား ရရမှာပေါ့လို့ - ဆိုတော့ ဒီ …ထဲမှာလည်း မပါဘူး-တဲ့။ မပါတော့လည်း မထည့်ရရုံ၊ မထည့်ရရုံဆိုတော့ ငါ ထည့်ချင်တဲ့လူက ဒီအထဲမှာ ပါနေတယ်၊ ဘယ်လိုလုပ်မလဲလို့- နောက်ပြီးတော့ ဒီမှာ နေနေတာ ၁၈ - ၂၀ လောက်ဖြစ်နေပြီ။ အိမ်ထောင်စုစာရင်းတွေရော၊ မှတ်ပုံတင်တွေရော မပါလို့၊ အဲဒီဟာတွေယူပြီးတော့ သွားထည့်ဖို့သွားတဲ့ဟာကို လက်မခံဘူး။ နောက်တစ်ယောက်ကျတော့လည်း မှတ်ပုံတင်ပါသွားတယ်၊ သွားထည့်ဖို့သွားတဲ့ဟာကိုလေ- မရဘူး၊ ကြိုတင်ပြီးမပေးထားလို့-တဲ့။ အဲဒါ ကိုယ့်ရင်ထဲမှာ ကိုယ့်ဟာကိုယ်ထားပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် ပြန်-တဲ့။ ညစ်ပတ်တယ်။ ဘာမဲလဲ။”

မြဝတီမြို့ အမှတ် (၄) ရပ်ကွက်က ပြည်သူတစ်ဦးကတော့

မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)

“ဟာ- မဲမထည့်ရတော့ ဆန္ဒတောင်ပြမယ်လို့ လုပ်နေကုန်တာ။ တော်တော်များတာပေါ့ကွာ၊ မိသားစုလိုက်တွေ မထည့်ရလို့ လူတွေက အကုန်လုံး ပူညံပူညံတွေ ဖြစ်နေတာပေါ့။ အင်း….ရပ်ကွက်နဲ့ပြောမယ်ဆိုရင်တော့ တဝက်နီးနီးလောက်လို့ ပြောပါတော့ကွာ။”

မဲစာရင်းကို စတင်ကပ်ထားတဲ့အချိန်ကတည်းက မရှင်းမလင်းဖြစ်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးကလည်း ဆိုပါတယ်။

“သူတို့က မဲစာရင်းကို ရှုပ်အောင်လုပ်ထားတာ၊ ရှုပ်အောင်လုပ်အောင်လုပ်ထားတော့ လူတွေက တခေါက်သွားကြည့်လည်းမတွေ့၊ နှစ်ခေါက်သွားကြည့်လည်းမတွေ့။ ဒီနေ့ဆိုရင် ခိုင်လုံသွားအောင်ဆိုပြီးတော့ သန်းကောင်စာရင်းတွေရော၊ မှတ်ပုံတင်တွေယူသွားတော့လည်း ခွင့်မပြု။ အဲဒါမျိုးတွေ ဖြစ်ကုန်တာ အကုန်လုံး။”

မဲထည့်ရမယ့်စာရင်းထဲမှာ ပါမပါ ကြည့်ရှုတဲ့အခါမှာလည်း အကြိမ်ကြိမ်သွားပြောရတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရကြောင်း၊ ဒါပေမယ့် မဲထည့်ရမယ့်နေ့မှာတော့ သူတို့နာမည်တွေပါမယ်လို့ ယူဆတဲ့အတွက် မဲရုံကို သွားရောက်ခဲ့ပေမယ့် မဲပေးခွင့်မရတာတွေလည်းရှိတဲ့အကြောင်း ဒေသခံတွေက ပြောပြကြပါတယ်ရှင်။

တနိုင်ငံလုံး မဲဆန္ဒ နယ်မြေအသီးသီးက ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာလ (၉) ရက်၊ တနင်္လာနေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မနက် (၉) နာရီ၊ နေ့လည် (၁၂) နာရီ၊ ညနေ (၃) နာရီ၊ ညနေ (၆) နာရီ၊ ည (၉) နာရီနဲ့ ည (၁၁) နာရီတို့မှာ ရလဒ်တွေကို ကြေညာမယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း နိုဝင်ဘာလ (၉) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ နေပြည်တော်မှာ နေ့စဉ် ညနေ (၄) နာရီတိုင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

XS
SM
MD
LG