သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အတိုက်အခံ ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ စစ်တပ် လုံခြုံရေး တင်းကျပ်။
ထိုင်းနိုင်ငံ စစ်တပ် လုံခြုံရေး တင်းကျပ်။

ထိုင်းနိုင်ငံမှာ အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံတခုကို ဒီကနေ့သွားဖို့စီစဉ်နေတဲ့ ထိုင်းအတိုက်အခံ ခေါင်းဆောင်နှစ်ဦးကို ထိုင်း စစ်တပ်က ဖမ်းလိုက်ပါတယ်။ အဲဒီပန်းခြံဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်အုပ်ချုပ်ရေးကို အထိမ်းအမှတ်ပြု တည်ဆောက် ထားတာဖြစ်ပြီး ထိုင်းစစ်အစိုးရ ပတ်သက်နေတဲ့ လာဘ်စားမှုအရှုပ်တော်ပုံတခုမှာ အဓိကပါဝင်နေပါတယ်။

Hua Hin ပင်လယ်ကမ်းခြေအပန်းဖြေမြို့က စစ်တပ်ပိုင်မြေပေါ်မှာ တည်ဆောက် ထားတဲ့ Rachabhakit ပန်းခြံ တည်ဆောက်ရေး ငွေသုံးစွဲတာနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် ပြီးခဲ့တဲ့နှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေး အစီအစဉ်ကို ထိခိုက်နိုင်တဲ့ အခြေအနေ ရောက်နေတာပါ။

ရှပ်နီအုပ်စုလို့လည်း သိကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး UDD ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ Nattawut Saikua နဲ့ Jatuporn Prompan တို့ ပန်းခြံကိုမရောက်ခင်မှာပဲ စစ်တပ်က ခေါ်သွားပါတယ်။

ဘုရင်ရုပ်တု တခုစီဟာ ဘတ်ငွေ သန်း ၄၀ စီ ကုန်ကျပြီး တခုချင်းစီအတွက် ကော်မရှင်ကြေးက ဘတ် ၁၀ သန်းပေးရတယ် ဆိုတာ ကျနော်တို့ စိုးရိမ်တဲ့ကိစ္စပါပဲလို့ စစ်ဘက်ပုဂ္ဂိုလ်တွေက ကားပေါ်တင်ခေါ်မသွားခင်လေးမှာတင် Nattawut က မီဒီယာတွေ ကိုပြောသွားပါတယ်။

ထိုင်းဘုရင်အဆက်ဆက်ရဲ့ ခန့်ငြားတဲ့ ရုပ်တုကြီးတွေ တည်ဆောက်ထားတဲ့ ပန်းခြံနဲ့ပတ်သက်ပြီး အတိုက်အခံက နိုင်ငံရေး ပယောဂနဲ့ လုပ်လာတာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်းစစ်အစိုးရကပြောထားပါတယ်။

XS
SM
MD
LG