သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အကျင့်ပျက်ခြစားမှု လွှတ်တော် ကြားနာ


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အမှုကြားနာဖို့ လွှတ်တော်ကို ရောက်ရှိလာ။ (ဇန်နဝါရီ ၉-၂၀၁၅)
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အမှုကြားနာဖို့ လွှတ်တော်ကို ရောက်ရှိလာ။ (ဇန်နဝါရီ ၉-၂၀၁၅)

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် ကို တိုင်းပြည်ဘဏ္ဍာ ဒေါ်လာ ဘီလီယံနဲ့ချီဆုံးရှုံးစေခဲ့တဲ့ အစိုးရက တစိတ်တပိုင်း ထောက်ပံ့ ပေးတဲ့ ဆန်စပါး ဝယ်ယူမှု အစီအစဉ်နဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သောကြာနေ့ ထိုင်းလွှတ်တော်မှာ စတင်ကြားနာပါတယ်။ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ အမျိုးသား ဥပဒေပြုလွှတ်တော်ကို ဒီကနေ့ တင်သွင်းတဲ့ သူရဲ့ ကြေညာချက်မှာတော့ မစ္စ ယင်းလပ်က သူ့အပေါ် စွပ်စွဲထားတဲ့ အမှုအားလုံးကို ငြင်းဆန်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မစ္စယင်းလပ်ကို အာဏာကို အလွဲသုံးစားလုပ်မှုနဲ့ ပြီးခဲ့တဲ့နှစ် မေလတုန်းက စွပ်စွဲထား တာပါ။ အဲဒီနောက် တရားရုံးကို သူ့ကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့ပြီး သိပ်မကြာခင်မှာပဲ ထိုင်းစစ်တပ်က တိုင်းပြည်မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်တော့ မစ္စယင်းလပ်ဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ၅ နှစ် ပါဝင်လှုပ်ရှားခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ရှပ်နီဝတ်တွေ လို့ ခေါ်တဲ့ သူ့အပေါ် ထောက်ခံသူ ကျေးလပ်ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် လူ ၉၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူတွေ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြတာ ဖြစ်ပါတယ်။

အခု တရားရုံး ကြားနာမှုတွေဟာ ရှင်နာဝပ် မိသားစုရဲ့ နိုင်ငံရေး သြဇာကျ အောင်လုပ်တဲ့ ဘုရင့်သစ္စာခံ မြို့နေ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ နိုင်ငံရေး ပရိယာယ် တခု ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောဆို ကြပါတယ်။ မစ္စယင်းလပ်ရဲ့ အစ်ကို သက်ဆင် ရှင်နာဝပ် ဟာလည်း ၂၀၀၆ ခုနှစ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

သူ့ကို ၂၀၀၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပြည်ပမှာ တိမ်းရှောင်နေရ သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေးသြဇာအရှိန်အဝါကတော့ ခုချိန်ထိ တိုင်းပြည်တွင်းမှာ အင်အား ကြီးနေဆဲ ဖြစ်ပါတယ်

XS
SM
MD
LG