သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန်


ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို ဝင်ရောက် စီးနင်းမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ နေရာတော်တော်များများမှာ အထူးလုံခြုံရေး ဥပဒေတွေကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ်က ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက်မြို့ နေရာအားလုံးနဲ့ မြို့ပြင်တချို့အရပ်တွေမှာ ပြည်တွင်းလုံခြုံရေး ဥပဒေကို ထုတ်ပြန်လိုက်တဲ့ အကြောင်း တနင်္လာနေ့နှောင်းပိုင်းမှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားကတဆင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ပြောဆိုခဲ့တာပါ။ မြို့တော်ရဲ့ အချက်အခြာနေရာတွေမှာ ပြဌာန်းထားပြီးဖြစ်တဲ့ ဒီဥပဒေအရ ရဲတွေအနေနဲ့ လမ်းတွေပိတ်ခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်နဲ့ ရှာဖွေ စစ်ဆေးခွင့်တွေ ရှိမှာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းကတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို ဝင်ရောက် စီးနင်းခဲ့ကြသလို တခြားအစိုးရ အဆောက်အဦးတွေဆီကိုလည်း ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူ ၁ ထောင် ကျော်ဟာ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦးထဲကို ဝင်ရောက်ခဲ့ကြပြီး နောက်ထပ် ဆန္ဒပြသူတွေကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဝင်းထဲအထိ အတင်း ဝင်ရောက်ခဲ့ကြပေမဲ့ တခြား အဆောက်အဦးတွေထဲကို ဝင်ရောက်တာမျိုးတော့ မရှိခဲ့ပါဘူး။

ရဲတွေကတော့ ဆန္ဒပြသူ ၃ သောင်းလောက်ဟာ ဘန်ကောက်မြို့တဝိုက်မှာရှိတဲ့ အစိုးရအဆောက်အဦး အနည်းဆုံး ၁၃ ခုလောက်ကို ချီတက်ခဲ့ကြတဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ ဆန္ဒပြသူတွေကို ရှင်းလင်း ဖယ်ရှားတာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။

အဓိကအတိုက်အခံပါတီက ဦးဆောင်တဲ့ ဆန္ဒပြသူတွေကတော့ လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ အရင်က ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့ ရုပ်သေး ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှုတ်ထွက်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG