သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ခံမလား ဆိုပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းအစိုးရက နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မလုပ်တဲ့ နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမား တသန်းကျော်ကို နေရပ်ရင်း ပြန်ပို့မယ် ဆိုပြီး ပြောဆိုနေတာမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံသား လက်မှတ်လုပ်ဖို့က အားနည်းချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ကုလသမဂ္ဂကတော့ အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မှာ ကိုတော့ ကန့်ကွက်ပြီး ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြောပြပေးထားပါတယ်။

ထိုင်းအစိုးရက နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ အတွက် အိုင်အယ်လ်အို ညွှန်ကြားရေးမှူး Guy Ryder နဲ့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ စနေနေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အတောအတွင်း တွန်းအားပေး တောင်းဆိုမယ်လို့ မျှော်လင့်ထားကြပါတယ်။ ထိုင်းအစိုးရ က ဒီဇင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ကို အပြီးထိ ဆက်ပြီး လုပ်ကြဖို့နဲ့ ဆက်ပြီး ပျက်ကွက်ရင် နေရပ်ပြန်ပို့မယ်ဆိုပြီး ကြေညာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အိုင်အယ်လ်အို အကြီးအကဲ ထိုင်းနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲ လောက် ရှိနေပြီး အများစုက အိမ်နီးချင်း မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်သမား ၅ သိန်းလောက်ဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကို ပြည့်ပြည့်စုံစုံ လုပ်ထားကြပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ အရင်က သတ်မှတ်ရက်ကို သက်တမ်းတိုးပေးခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီတခါတော့ တိုးပေးမယ့်ပုံ မရှိပါဘူး။ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို မှီခိုနေရတဲ့ ထိုင်း ကုန်သွယ်ရေးအဖွဲ့ကတော့ ဒီလို အလုပ်သမားတွေ ပြန်ပို့မယ့် လုပ်ငန်းစဉ်က သူတို့ လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အိုင်အယ်လ်အို ရဲ့ အာရှ ပစိဖိတ် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အကြီးတန်း အရာရှိ
Nilim Baruah (NIH-lihm BAR-oh-wah) ကတော့ အခုလို ပြောပါတယ်။

"ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်ပြီး သုံးသပ်ဖို့ ၊ ဒီလို ပြန်လည်သုံးသပ်တာမှာလည်း အကြံပေးမှုတွေကို လက်ခံဖို့နဲ့ တရားဝင်ပြုလုပ်မှု လုပ်ငန်းစဉ်ကိုလည်း သက်တမ်းတိုးဖို့နဲ့ အထူးသဖြင့် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နေဆဲ အလုပ်သမားတွေကို အချိန်ထပ်ပြီး ပေးဖို့အရေး လုပ်ဆောင်မယ်ဆိုတာကို မစ္စတာ ရိုင်ဒါက ကုန်သွယ်ရေး အဖွဲ့ အကြီးအကဲနဲ့ ဒီကနေ့ တွေ့ဆုံတာမှာ သေချာပြောခဲ့ပါတယ်။"

ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းခွဲလောက်ဟာ နိုင်ငံသား စိစစ်ရေး လုပ်ထားပေမယ့်လည်း သူတို့ရဲ့ လက်မှတ်တွေ မရသေးပါဘူး။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေက သူတို့ကိုလည်း နေရပ်ပြန်ပို့မယ် ဆိုပြီး ခြိမ်ခြောက်နေတာ ဖြစ်ပါတယ်။

နိုင်ငံတွေအနေနဲ့ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို နေရပ်ပြန်ပို့ခွင့် ရှိပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အကျုံးဝင်အောင် လုပ်သင့်တယ်ဆိုပြီး Baruah က ပြောပါတယ်။ အရင်က လုပ်အားခတွေကို အားလုံးပေးဖို့နဲ့ နေရပ် ပြန်ပို့တာမှာလည်း အလုပ်သမားတွေဆီကနေ ငွေကြေးမတောင်းဖို့ စတဲ့ အခွင့်အရေးတွေကို လိုက်နာသင့်တယ်လို့လည်း သူမက ပြောပါတယ်။

"အစုလိုက် အပြုံလိုက် ပြန်ပို့တာမျိုးမလုပ်ဘဲ လေးလေးစားစားနဲ့ နေရပ် ပြန်ပို့တယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်အောင် လုပ်သင့်ပါတယ်။"

ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်ခွ ထုတ်လုပ်ရေးတွေမှာ အဓိက ကျောရိုးအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ တရားဝင် လက်မှတ်တော့ မရှိကြပါဘူး။ ဒီလို တရားမဝင်မှုကြောင့်လည်း အနိုင်ကျင့် စော်ကားခံရမှုကနေ အကာအကွယ်မဲ့ ဖြစ်ကြရပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ဆောင်တာ မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးဖို့ လိုအပ်ပြီး ဒါမှလည်း အလုပ်သမားတွေ အနေနဲ့ အလုပ်လုပ်ခွင့်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်က နှေးကွေးနေပြီး အလုပ်ရှင်ဘက်ကလည်း အထောက်အကူပေးဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားတွေကို တရားဝင် အသိအမှတ်ပြု လက်မှတ် မရှိအောင် တမင် ရည်ရွယ် လုပ်ဆောင် နေသလိုဘဲ ပွဲစားတွေကလည်း တရားဝင် လက်မှတ်ရဖို့ အတွက် လုပ်ခ လစာအတော်များများ ရဖို့ လုပ်နေကြပါတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။

အိုင်အယ်လ်အို ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလဲစေချင်တယ်လို့ Baruah က ပြောပါတယ်။

"အလုပ်အကိုင် ရှာဖွေသူနဲ့ အလုပ်အကိုင် ခန့်ထားရေး ဥပဒေမှာ ဝင်ရောက်လာတဲ့ အလုပ်သမားတွေကို အလုပ်ခန့်ထားရေး လုပ်ထုံးလုပ်နည်းတွေ ပါဝင်ရေး ပြန်လည် သုံးသပ်သင့်ပါတယ်။ ဒုတိယ အနေနဲ့တော့ မကျေလည်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အနေအထားမျိုးလည်း ရှိသင့်ပါတယ်။"

အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်ဟာ သောကြာနေ့ မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG