သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးခေါင်ရေရှားမှုကြောင့် ဘန်ကောက်ရေပြတ်နိုင်


ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုနဲ့ ပင်လယ်ရေမှော်တွေရဲ့ အန္တရာယ်ကြောင့် ခမ်းခြောက်လာတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရွာချိန်တန်ပြီး မရွာတာကြာနေတဲ့ မိုးကို ထိုင်းပြည်သူတွေ စောင့်မျှော်နေကြတာနဲ့အမျှ ဘန်ကောက်မြို့မှာ တလအတွင်း သောက်သုံးရေ ပြတ်သွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မြို့တော် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အကြီးအကဲက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်တစုကျော် ကာလတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရတာပါ။ ဘန်ကောက်မြို့တွင်း သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေဖြန့်ဝေပေးနေတဲ့ ဆည်တွေထဲမှာ ရေပမာဏ လျော့မသွားအောင် ထိန်းထားနိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရက လယ်သမားတွေကို စပါးမစိုက်ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ပြောထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင်မှုတွေ ရှိတဲ့တိုင်အောင် ကျောက်ဖယားမြစ်ထဲကို စီးဝင်တဲ့ အဓိက ရေလှောင်ကန် သုံးခုမှာ ရေသိသိသာသာ နည်းလာနေပါတယ်။

ကျောက်ဖယားမြစ်ကတော့ ဘန်ကောက်မြို့တွင်း သောက်သုံးရေ အဓိက ဖြန့်ဝေပေးနေတဲ့ နေရာနှစ်ခုထဲက တခုပါ။ တကယ်လို့သာ မိုးမရွာဘူးဆိုရင် ရက်သုံးဆယ်အတွင်း ဘန်ကောက်မြို့မှာ ရေပြတ်သွားလိမ့်မယ်လို့ မြို့တော်တဝိုက် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အုပ်ချုပ်ရေးမှူး Thanasak Watanathana က ပြောပါတယ်။ ရေပြတ်သွားနိုင်တာကြောင့် အိမ်တိုင်းမှာ သောက်ရေ ၆၀ လီတာ ကြိုတင် လှောင်ထားကြဖို့နဲ့ ရေကို လျှော့သုံးကြဖို့လည်း ဒီဌာနက မြို့ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ လောလောဆယ် အချိန်ထိကတော့ ရေလီတာ ၁ ထောင်ကို ထိုင်းဘတ်ငွေ ၈ ဘတ်ခွဲ ဒေါ်လာနဲ့ဆိုရင် ၂၅ ဆင့်နဲ့ ဈေးပေါပေါ ပေးပြီး ဝယ်နိုင်နေသေးတာကြောင့် လူတွေက သိပ် အလေးထား မလာကြသေးဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG