သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု DNA သက်သေကို အဓိကထား စစ်ဆေးမည်


လိပ်ကျွန်းလို့လည်းသိကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ကော့တောင်အပန်းဖြေကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ၂ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးရဲ့ အမှုကို ဇူလိုင်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပြီး၊ လာမယ့်ရက်ပိုင်းအတွင်းမှာ မျိုးရိုးဗီဇ DNA သက်သေ အထောက်ထားတွေကို အဓိကထား စစ်ဆေးဖို့ ရှိတယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ ရှေ့နေတွေက ပြောဆိုလိုက်ပါတယ်။ ရိုက်တာသတင်းဌာနဲ့ သတင်းကို အခြေခံပြီး ဦးစံမိုးဝေက တင်ပြထားပါတယ်။

အသက် ၂၂ အရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကပဲ အဲဒီဗြိတိန်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတာပါ။ ဗြိတိန်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေ ဖြစ်ကြတဲ့ အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သတ်ဖြတ်ခံခဲ့ရပြီး သူတို့ရဲ့ အလောင်းတွေကို ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ရေငုတ်သမားတွေကြားမှာ ရေပမ်းစားတဲ့ ကော့တောင် ဆိုတဲ့ လိပ်ကျွန်းရဲ့ ကမ်းခြေမှာ တွေ့ရှိခဲ့ရပါတယ်။

မြန်မာအလုပ်သမား ၂ ဦးစလုံးက အစောပိုင်းမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပေမဲ့ နောက်ပိုင်းမှာတော့ နှိပ်စက်ညှဉ်းပမ်းပြီး ဖြောင့်ချက်ပေးခိုင်းလို့ အဲဒီလို ဝန်ခံခဲ့ရတာပါလို့ တရားရုံးမှာ ပြင်ဆင်ထွက်ဆိုထားပြီး အမှုကို ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမား ၂ ယောက်ရဲ့ အကျိုးဆောင် ရှေ့နေတွေကတော့ မျိုးရိုးဗီဇ DNA နမူနာတွေ အပါအဝင် အထောက်အထားတွေကို ပြန်လည်စစ်ဆေးဖို့ ဒီလဆန်းမှာပဲ တရားရုံးမှာ လျှောက်လဲထားခဲ့ပါတယ်။ မျိုးရိုးဗီဇ DNA နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီးတော့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး နခွန် ချွန်ပူချတ် က ပြောပါတယ်။

“မနက်ဖြန်ဟာ တော်တော်ခက်ခဲမယ့် နေ့တနေ့ ဖြစ်ပါလိမ့်မယ်။ ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ တော်တော်များများ ပါလိမ့်မယ်။ DNA ကို သိပ္ပံနည်းပညာအရ ဘယ်လိုအသုံးချတယ်ဆိုတာ ရှင်းပြမှာဖြစ်သလို၊ သံသယရှိထားသူတွေအနေနဲ့ ဘယ်လို ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတာကို သက်သေပြရမှာ ရှင်းပြရမှာ ဖြစ်ပါတယ်” - လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီတရားစီရင်မှုမှာ အဓိက အငြင်းပွားစရာ ဖြစ်နေတဲ့ အချက်ကတော့ သေဆုံးသူ Hannah Witheridge ရဲ့ ခန္ဓာကိုယ်ပေါ်က တွေ့ရှိရတဲ့ သံသယရှိထားသူတွေရဲ့ DNA အထောက်အထား ဖြစ်ပါတယ်။ ကနဦး ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ရရှိထားတဲ့ မျိုးရိုးဗီဇ DNA အထောက်အထားတွေတချို့ဟာ စမ်းသပ်စစ်ဆေးရာမှာ အသုံးပြုခဲ့ပြီး တချို့လည်း ပျောက်ဆုံးကုန်ပြီလို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ကြေညာချက် ပြန်ရုပ်သိမ်းခဲ့ပြီး DNA တွေ မပျောက်ပါဘူးလို့ ပြောဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒီမြန်မာလူငယ် နှစ်ယောက်ဟာ ဓားစာခံဖြစ်ကြရတာ ဖြစ်တယ်၊ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းရောက်ရှိလာတဲ့ အလုပ်သမားတွေ ဖြစ်နေကြလို့ ပြောဆိုကြပါတယ်။

မနေ့က တရားခွင်ကို လာရောက်ခဲ့တဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူ မြန်မာလူငယ်တဦးရဲ့ မိခင်ကတော့ တရားမျှတစွာ တရားစီရင်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

“တရားမျှတစွာ လုပ်ပေးပါလို့ ကျမ တောင်းဆိုချင်ပါတယ်။”

ကော့စမွေကျွန်းမှာ ရုံးထိုင်စစ်ဆေးနေတဲ့ တရားခွင်က မှုခင်းဆိုင်ရာ အထောက်အထားတွေကို ပြန်လည် စစ်ဆေးဖို့အတွက် တရားရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ဗဟိုမှုခင်း ဆေးပညာဌာနကို ပို့ပေးဖို့ အမိန့်ပေးထားပါတယ်ခင်ဗျာ။

XS
SM
MD
LG