သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သက်သေခံပစ္စည်းမှာ မြန်မာနှစ်ဦး DNA မတွေ့ရ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းစစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ရဲအရာရှိ အပါအဝင် တရားခံပြ သက်သေ ၃ ဦးကို ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

လူသတ်မှုနဲ့ပတ်သက်လို့ သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ်လို့ ရဲအာဏာပိုင်တွေ သက်သေတင်ထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံထားရတဲ့ လူငယ် ၂ ဦးရဲ့DNA မျိုးရိုးဗီဇ မတွေ့ရဘဲ သေဆုံးသူ ၂ ဦးရဲ့ DNA အပြင် အမည်မသိသူ ၂ ဦးရဲ့DNA တွေကို တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာပြီဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှာ တရားခံပြ သက်သေတွေကို ထပ်မံစစ်ဆေးရာမှာ အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံ အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးတဦးကို စစ်ဆေးခဲ့တာပါ။ တရားခံပြသက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က အခုလို ပြောပါတယ်။

“အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်၊ ဒုတိယက ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီး၊ နောက် တတိယက အဲဒီ ထောင်ထဲမှာ ကလေးတွေကို သွားပြီးတော့ စစ်တဲ့ ဆရာဝန် ဒီ ၃ ယောက်ပေါ့ ပထမဆုံးစစ်တဲ့ဆရာဝန်က ဒေါက်တာပွန်ထစ်တို့ ဌာနကပဲလေ။ သူကလည်း အဲဒီ ပြောချင်တဲ့အတိုင်းကတော့ ဒီကလေးတွေရဲ့ DNA က မတူဘူးဆိုတာနဲ့ ပေါက်တူးမှာရှိတဲ့ ပထမဆုံး DNA ၂ ခုက မိန်းမနဲ့ ယောကျာ်း DNA အဲဒါကတော့ သေတဲ့လူ ၂ ယောက်ရဲ့ ဒေးဗစ်နဲ့ ဟန်နာရဲ့ DNA နောက်တခါ အမည်မသိတဲ့ ယောကျာ်း DNA နှစ်ခု၊ တခုက ပြည့်စုံတယ်၊ တခုက မပြည့်စုံဘူး။ အဲဒီ DNA နှစ်ခုက ကလေးတွေရဲ့ DNA နဲ့မတူဘူး။ ဒါကိုပဲ ထွက်ဆိုသွားတာပါ။”

မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်လို့ DNA စစ်ဆေးရာမှာ ဆေးရုံတွေကနေ သေချာစစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း မှုခင်းရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးကလည်း ထွက်ဆိုသွားတယ်လို့ အခုလို ပြောပါတယ်။

“ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးထွက်ဆိုတာကတော့ ဒီလိုမျက်မြင်သက်သေမရှိတဲ့ မုဒိမ်းမှုဖြစ်တဲ့ အမှုတွေမှာ မိန်းကလေးကို စစ်ဆေးတဲ့အခါမှာ အချင်းဖြစ်တဲ့နေရာတင် မကဘဲနဲ့ ဆရာဝန်တွေ၊ ဆေးရုံတွေမှာလည်း လိုက်စစ်သင့်တယ်ပေါ့။ ဘယ်လိုစစ်ရမလဲဆိုရင် သူ့ရဲ့တန်ဆာပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေကို ဘီးနဲ့ဖြီးရမယ်ပေါ့လေ။ အဲ့လို ဘီးနဲ့ဖြီးလို့ရှိရင် အဲဒီမှာ မုဒိမ်းကျင့်တဲ့ယောကျာ်းရဲ့ အမွှေးအမျှင် ပတ်သက်လာလို့ရှိရင် တရားခံလိုက်ရလွယ်တယ် ဆိုတဲ့ဟာကို လာထွက်သွားတာ သူက။”

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ မြန်မာလူငယ် ၂ ဦးရဲ့DNA ကို ထပ်မံစစ်ဆေးဖို့အတွက် တရားခွင်မှာပဲ တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံ အမျိုးသားမှုခင်းစစ်ဆေးရေးဌာနက ထိုင်းနိုင်ငံက မှုခင်းဆေးဆရာဝန်ကြီး ဒေါက်တာပွန်ထစ် က စစ်ဆေးခဲ့ပါတယ်။ သတ်ဖြတ်မှုမှာ အသုံးပြုတယ်လို့ ရဲအာဏာပိုင်တွေက သက်သေအဖြစ် တရားရုံးမှာတင်ပြထားတဲ့ ပေါက်တူးမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့DNA တွေကို မတွေ့ရဘူးလ့ို ပြီးခဲ့တဲ့ တရားခွင်မှာ ဒေါက်တာပွန်ထစ်က ထွက်ဆိုသွားခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေလည်း ရှှိနေတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ လက်ရှိ တရားခံတွေအဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး၊ ၂ ပတ်ခန့်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာပဲ မြန်မာလူငယ် ၂ ဦးကို ပြန်လည်ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG