သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သက်သေပြန်လွတ်


ဝဲမှယာ ညီညီအောင်၊ အောင်လင်းဇော်၊ မောင်မောင်(အစိုး၇သက်သေအဖြစ်ခေါ်ခံထားရသူများ) - ဓာတ်ပုံ-ကိုမင်းဦး(FED)။
ဝဲမှယာ ညီညီအောင်၊ အောင်လင်းဇော်၊ မောင်မောင်(အစိုး၇သက်သေအဖြစ်ခေါ်ခံထားရသူများ) - ဓာတ်ပုံ-ကိုမင်းဦး(FED)။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဖြစ်ခဲ့တဲ့ဲ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်မှုတွေအတွက် စွပ်စွဲခံရသူ ၂ ဦးကို အင်္ဂါနေ့က ကော့စမွေတရားရုံးမှာ ရုံးထုတ်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူ ၂ ဦးနဲ့ အစိုးရသက်သေ ၃ ဦးကို သက်သေခံချက်အဖြစ် တရားသူကြီးရှေ့မှာ စစ်ဆေးရာမှာ အပြန်အလှန် မေးမြန်းခွင့်ရခဲ့ပြီး၊ ကျူးလွန်တဲ့အခြေအနေ ဖြစ်ပေါ်စေတဲ့ အထောက်အထားတွေကို တင်ပြနိုင်ခြင်းမရှိဘူးလို့ မြန်မာသံရုံးဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အဓိကသက်သေအဖြစ် ထိန်းသိမ်းခံထားရတဲ့ မောင်မောင်ကို ထိန်းသိမ်းထားတဲ့ နေရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သား တွေဖြစ်တဲ့ ရခိုင်လူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက တရားခံတွေအဖြစ် စွပ်စွဲပြီး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ကနေ ည ၇ နာရီခွဲအထိ ကေ့ာစမွေ တရားရုံးမှာ အမူတွဲနဲ့ ပတ်သက်လို့ တရားသူကြီးရှေ့မှာ သက်သေအဖြစ် စစ်ဆေးချိန် မြန်မာနိုင်ငံဘက်က ရှေ့နေတွေလည်း အပြန်အလှန် မေးခွန်းတွေ မေးမြန်းခွင့်ရခဲ့ပါတယ်။ ရှေ့နေတွေရဲ့ မေးမြန်းချက်အရ အစိုးရသက်သေ ၃ ဦးစလုံးဟာ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေအတွက် ခိုင်မာတဲ့သက်သေ မပြနိုင်ခဲ့ဘူးဆိုပြီး မြန်မာနိုင်ငံဘက်က ရှေ့နေဖြစ်သူ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“မောင်မောင်ရယ်၊ အခု လင်းလင်းဇော်ရယ်၊ ညီညီဇော်ရယ်က အစိုးရသက်သေပါ။ ကျနော်တို့ အခုသုံးသပ်ရတာကတော့ ၃ ယောက်စလုံး ထွက်ချက်က အခုတရားခံလို့ စွပ်စွဲခံနေရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့နဲ့ ပတ်သက်လို့ ဘာမှငြိစွန်းတာတော့ သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကလေးတွေ လူသတ်မှုနဲ့ ပတ်သက်လို့ ကျူးလွန်ပါတယ် ဆိုတာကို သိတာမြင်တာကို ထွက်ဆိုတာ တခုမှမရှိပါဘူး။ ကျနော်တို့ဖက်ကလည်း ရှေ့နေ ၄ ယောက် ပါလာတာ အဲဒါနဲ့ ပတ်သက်လို့ Cross Question ပေါ့ ပြန်လှန်မေးခွန်းတွေ မေးလို့ရပါတယ်။ စစ်လို့ရပါတယ်။ လေ့လာရသလောက် တရားသူကြီးလည်း ကျနော်ထင်ပါတယ်၊ မျှမျှတတ စစ်မယ့်သဘောတော့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမှုမှာ ပထမဆုံး အစိုးရရှေ့နေက စစစ်တဲ့အချိန်မှာလည်း လိုအပ်ချက်တွေကိုပဲ မေးသွားဖို့ သဘောထားမျိုး ပြောပါတယ်။ ဒီဖက်က ပြန်မေးတဲ့ အခါမှာလည်း လိုအပ်ချက်ကိုပဲ အဓိကအချက်တွေကိုပဲ မေးဖို့ ဆိုတဲ့သဘောမျိုး အမှုနဲ့ပတ်သက်လို့ ဒါတွေပဲပြောပါတယ်။”

ထိုင်းနဲ့ မြန်မာ ရှေ့နေ ၄ ဦးဟာ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ကြမှာပါ။ အကျဉ်းကျနေတဲ့ လူငယ်၂ ဦးနဲ့ အင်္ဂါနေ့ တွေ့ဆုံချိန်မှာတော့ ပထမတကြိမ် တွေ့ဆုံတာထက် အခြေအနေကောင်းမွန်ပြီး အမှန်အတိုင်း ထွက်ဆိုမယ့် အကြောင်းတွေကို ပြောပြခဲ့တယ်လို့ မြန်မာသံရုံးက တာဝန်ပေးအပ်ထားတဲ့ အလုပ်သမားရေး လုပ်ဆောင်သူ ဦးကျော်သောင်းကလည်း ဆိုပါတယ်။

“ဒီကလေးတွေဟာ အရင်အပတ်တုန်းက ပုံစံမျိုးနဲ့ မတူတော့ပဲနဲ့ ကျနော်တို့ စကားပြောခွင့်ရတဲ့အခါမှာ အမှန်အတိုင်းပဲ ပြောပါတော့မယ်၊ ကျနော်တို့ အားလုံးကိုပဲပြောတောမယ် ဆိုပြီးတော့ အားရှိသွားတာကလည်းပဲ အမှုမှန်ပေါ်ပေါက်ဖို့အတွက် တော်တော်ကြီးကို အခြေအနေကောင်းသွားတယ်လို့ ပြောချင်တယ်။”

ထိုင်းအာဏာပိုင်တွေက အဓိက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကိုလည်း ဗုဒ္ဓဟူးနေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ထိန်းသိမ်းမှုတွေအတွင်းမှာ သူနဲ့ သူ့သူငယ်ချင်းတွေဟာ ထိတ်လန့်စရာ အဖြစ်တွေ ကြုံခဲ့ရတယ်ဆိုပြီး မောင်မောင်က ဆိုပါတယ်။

“ဖမ်းလာတဲ့ညမှာ မေးတယ်ပေါ့။ ပုလိပ် ၄ ယောက်က လက်ကို တယောက်တဖက်၊ ခေါင်းကိုဖိထားတယ်၊ ခြေထောက်ကို တယောက်တဖက် နင်းထားတယ်ပေါ့နော်။ ဒီမှာလည်ပင်းက အရေတွေဘာတွေ ကွာသွားတယ်။ အဲဒါဆိုတော့ ဘာသာပြန်ကို ကျနော်ကလည်း ပြောတာပေါ့နော်။ ကျနော့်ကို သတ်ရင်လည်းသေမယ်လို့ ကျနော်ဒီလောက်ပဲသိတယ်လို့။ နောက်ထပ်လည်း မေးလာရင်လည်း ဒီစကားပဲပြောမှာပဲလို့။ တခါတလေကျတော့ပေါ့နော် မျက်နှာကိုပုဝါပတ်ပြီး ခေါ်သွားတယ်။ တနေ့မှာ ကျနော်မှတ်မိတာ မျက်နှာကို ပုဝါပတ်ထားပြီး အဲဒီအခန်းထဲမှာ ကျနော့်ကို ၁၀ မိနစ်ပတ်ဝန်းကျင်လောက် မျက်နှာကို ပတ်ထားပြီး လက်ထိပ်က နောက်ပြန်ခတ်ထားတယ်။ ကျနော့်မှာ အသက်ရှုလို့တောင်မရဘူး။ ကျနော်ကလည်း ဘာသာပြန်ကို စကားကအဆုံးပြောပြီးသား၊ ပြောထားတယ်ပေါ့နော်၊ ကျနော့်ကို ဘယ်အချိန်ပဲလာမေးမေး ဒီစကားပဲထွက်လာမယ်၊ ဒီလောက်ပဲသိတယ်ပေါ့နော်။ လူတယောက်မှာ အဓိကက စိတ်ကျဉ်းကြပ်မှုက တော်တော်ကို ထိရောက်မှုရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကိုယ့်ကိုတခါတလေဆိုရင် ကိုယ့်ကိုယ်ကို သတ်ပစ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ ကိုယ့်မှာဘာမှအပြစ်မရှိတဲ့လူ တယောက်ဆိုတော့။ ဇော်လင်းဆိုတဲ့သူနဲ့ ကျနော်နဲ့ ခနလေးဆုံတဲ့အခါမှာ သူကပြောသွားတယ်ပေါ့နော် သူ့မှာရင်ဘတ်ကိုထောက်တာ၊ ခေါင်းမှာအိတ်စွပ်ပြီး သူတို့ရိုက်တယ်လို့ ပြောတာပေါ့နော်။ ကျနော့်ကိုပြောတာ ဇော်လင်းဆိုတဲ့လူက ခေါင်းကအိတ်စွပ်ပြီး ငါ့ကိုရိုက်တယ်မောင်မောင်တဲ့။ ဒါပေမဲ့ ဟိုဟာပေါ့နော် ငါ့ကို မနေ့က ရိုက်ထားတယ်ပေါ့နော်၊ မင်းကိုရိုက်လားတဲ့။ အေး၊ ငါ့ကိုတော့ မင်းလောက်တော့ မများဘူးပေါ့။ ငါ့ကိုတော့ နည်းနည်းပါးပါးရိုက်တယ်။ ငါကစကတည်းက စကားကို ဒီလိုမျိုး ပုံမှန်ပဲပြောထားတာပေါ့ အခုအချိန်အထိ။ နောက်ထပ်လည်း ကျနော်ဆီမှာ ထပ်ပြီးအသစ်ရမှာမဟုတ်ဘူးပေါ့နော်။ အဲဒီလိုပြောထားတာသူ့ကို။”

ကော့စမွေတရားရုံးက တရားသူကြီးကတော့ ဒီအမှုကို ၃ လအတွင်း အပြီးစစ်ဆေးမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ရှေ့နေတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ မကြာခင်မှာတော့ တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေလည်း ထိုင်းကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခု အစိုးရသက်သေတွေအဖြစ် ထွက်ဆိုထားတဲ့ လူငယ် ၃ ဦးရဲ့ လုံခြုံရေးအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ တာဝန်ယူပေးထားမှာ ဖြစ်သလို၊ တရားခံတွေအဖြစ် စွပ်စွဲခံထားရသူ လူငယ် ၂ ဦးရဲ့ မိသားစုတွေ ရောက်ရှိလာခဲ့ရင်လည်း လုံခြုံရေး၊ နေထိုင်ရေးအတွက် တာဝန်ယူထားမှာ ဖြစ်တယ်ဆိုပြီး မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG