သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့တောင်ကျွန်း လူသတ်မှု မြန်မာလုပ်သားများ အစစ်ဆေးခံနေရဆဲ


Koh Tao ကျွန်းမြေပုံ။
Koh Tao ကျွန်းမြေပုံ။

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းမှာ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အဲဒီမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူ မေးမြန်း စစ်ဆေးတာတွေ လုပ်နေတာမှာ ရိုက်နှက်ပြီးတော့ စစ်ဆေးခံရတာတွေရှိတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေကြောင့် အလုပ်သမားတွေအကြား စိုးရိမ်နေပြီး အလုပ်အကိုင်ပျက်တဲ့ထိ ဖြစ်နေကြတယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်ကထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းလို့ လူသိများတဲ့ လိပ်ကျွန်းမှာ အသက် ၂၀ ကျော်အရွယ် ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ရဲတွေက သေသူတွေရဲ့အလောင်းတွေကို စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ DNA ၂ မျိုး တွေ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ လူသတ်မှုကျူးလွန်သူတွေဟာ အာရှသားတွေဖြစ်တယ်လို့ ရဲက ကောက်ချက်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်က စပြီး အဲဒီကျွန်းမှာ ထောင်နဲ့ချီပြီး အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ဆေးမေးမြန်းမှု၊ သွေးစစ်ဆေးရယူမှု၊ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်း ရယူမှုတွေကိုလည်း အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတချို့ဟာ စစ်ဆေးမှုတွေအတွင်း ရိုက်နှက်ခံရမှုတွေလည်း ရှိတဲ့အကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဆိုပါတယ်။

“ဗြိတိသျှနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးကတည်းက အဲဒီကျွန်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံသားအတော်များများပေါ့-ကျနော်တို့ ကြားသလောက်ဆို အနည်းဆုံး အယောက် ၂၀ လောက်တော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်တာ တွေ့ရတယ်။ ကျနော်တို့ကို လာပြီး အကြောင်းကြားတာပေါ့နော်။ စစ်ဆေးမေးမြန်းရင်းနဲ့ နှိပ်စက်ခံရတယ်ဆိုတာမျိုးပေါ့။ ရိုက်နှက်မှုခံရတာတော့ မြန်မာနိုင်ငံသားလေးတစ်ယောက်ပေါ့နော်။ သူကတော့ သူ့ကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ အရိုက်ခံရတယ်ဆိုတဲ့အကြောင်း ကျနော်တို့ကို တိုင်ကြားတာ ရှိပါတယ်။ မနက်ဖြန်တော့ ကျနော်တို့ဆီက အဖွဲ့အစည်းကတော့ တရားဝင်ပေါ့နော်- ရှေ့နေတွေနဲ့ သွားပြီးတော့ မေးမြန်းဖို့တော့ ပြင်ဆင်နေတယ်။ အခု လက်ရှိ ပြောပြချက်အရကတော့ မေးမြန်းရင်းနဲ့ ဟိုဘက်က စစ်တဲ့လူတွေက စိတ်မရှည်တာလား။ ဒီဘက်က ပြောတဲ့လူအနေနဲ့ကလည်း ဘာသာစကား အခက်အခဲကြောင့်ပဲလားတော့ မသိဘူး။ အရိုက်ခံထိတယ်ပေါ့နော်။”

အခုအခါမှာ လူ ၃၀ ထက်မနည်းကို စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒါပေမယ့် သေဆုံးသူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတဲ့ အမျိုးသားနှစ်ဦးရဲ့ သုတ်ရည်တွေဟာ DNA စစ်ဆေးချက်အရ သေဆုံးခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနဲ့ မတူသလို လူသတ်မှုနဲ့ပတ်သက်လို့ အခုထိ စစ်ဆေးမေးမြန်းခံခဲ့ရသူတွေရဲ့ DNA နဲ့လည်း မတူကြောင်း ရဲအဖွဲ့က ပြောပါတယ်။ ဒါကြောင့် တချို့ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့သလို စစ်ဆေးခံရသူတွေကို အချိန်မရွေး ပြန်လည်ခေါ်ယူ စစ်ဆေးနိုင်အောင်လည်း သတိပေး ပြောဆိုမှုတွေ ရှိတဲ့အကြောင်း အလုပ်သမားတွေက ဆိုပါတယ်။ အဲဒီကျွန်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးကတော့ သူတို့မိသားစု အစစ်ဆေးခံခဲ့ရကြောင်း CCTV ကင်မရာထဲက ပုံနဲ့ နီးစပ်တယ်ဆိုပြီး သူ့ရဲ့သားဖြစ်သူကို စစ်ဆေးခဲ့ကြောင်း အခုလို ပြောပြပါတယ်။

“သားကလည်း သူ့သူငယ်ချင်းတွေနဲ့ အလုပ်လုပ်တယ်။ သူ့သူငယ်ချင်းတွေနဲ့ အတူနေတယ်ပေါ့။ အဲဒါ နင့်သူငယ်ချင်းတွေ ဘယ်မှာလဲ၊ သွားခေါ်ဆိုပြီးတော့ ရဲတွေက ခေါ်သွားပြီးတော့ သူ့သူငယ်ချင်း သုံးယောက်ကို သွားခေါ်တယ်။ ခေါ်ပြီးတော့ သူတို့သုံးယောက်စလုံးကို စစ်တယ်။ စစ်ပြီးတော့ ဓာတ်ပုံတွေရိုက်၊ သွေးတွေစစ်တယ်လို့ ပြောတယ်။ သူတို့ကို ထိုင်ခိုင်းထားတယ်ပေါ့။ ထိုင်ခိုင်းထားတော့ ကျနော်တို့လည်း စောင့်နေတယ်ပေါ့။ ဗမာတွေဆိုလို့ရှိရင်လည်း ကြောက်ပြီးတော့ ပန်းရံတွေလည်း သိပ်မလုပ်ကြတော့ဘူးပေါ့။ စစ်သားတွေရော၊ ရဲတွေရော စစ်တယ်ဆိုတော့ ကြောက်ပြီးတော့ --သူတို့က ဒီလိုမျိုးပဲ ဆွဲဆွဲပြီးတော့ ထည့်နေတဲ့အခါကျတော့----။ ကျနော့မိန်းမက ပြောတယ်။ သူသားမဟုတ်ရ၊ တခြားလူနဲ့မတူလည်း မတူဘူးဆိုတာပြောတယ်။ သူတို့က ပုံစံချင်းတူတယ်ဆိုလို့ရှိရင် လိုက်လိုက်ပြီးတော့ မေးတယ်။ ပုံကလည်း သိပ်မကွဲပြားဘူးလေ။ နေ့တိုင်း ခေါ်ခေါ်ပြီး စစ်တာပေါ့။ အခုဆိုလို့ရှိရင် ကျွန်းထဲမှာ ရဲတွေ၊ စစ်သားတွေ၊ အကုန်လုံးသတင်းထောက်တွေဆို ပြည့်နေရော။”

အခုလို ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ ထိုင်းအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြင်းအထန်ဆောင်ရွက်နေသလို အခုအချိန်အထိတော့ တရားခံအဖြစ် တိတိကျကျ စွပ်စွဲပြောဆိုနိုင်တာတော့ မတွေ့ရသေးပါဘူး။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ အခုလိုမျိုး သတ်ဖြတ်ခံရမှုတွေ ရှိပေမယ့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးတာမျိုး မရှိသလောက် အားနည်းခဲ့ပါတယ်။ အခု ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ကျွန်းမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄ ထောင်လောက် နေထိုင်နေကြပြီး ပန်းရံလုပ်ငန်း၊ ဟိုတယ်လ်ဝန်ထမ်း၊ စားသောက်ဆိုင်ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ကိုင်ကြသူတွေများပြီး အခုအခါမှာတော့ အလုပ်သမားအတော်များများဟာ အလုပ်မသွားရဲကြတော့အောင် စစ်ဆေးခံရမှာကို ကြောက်ရွံ့နေကြရတယ်လို့ ဆိုပါတယ်။

Koh Tao Island
Koh Tao Island

XS
SM
MD
LG