သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှု သေဆုံးမှုတွေနဲ့ အရှိန်မြင့်


ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတွေ ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်ရှေ့မှာစုရုံးနေကြစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်သူတွေ ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်ရှေ့မှာစုရုံးနေကြစဉ်။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ထိုင်းနိုင်ငံမှာ Bangkok မြို့တော်မှာ ဝန်ကြီးချုပ် Yingluck Shinawatra အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ အရှိန်မြှင့်လုပ်ဆောင်ကြတဲ့ ဆန္ဒပြသူတွေအပေါ် ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးနားက တံတားမှာ ရဲက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခဲ့တယ်၊ ဆန္ဒပြသူတွေကလည်း မပေါက်ကွဲသေးတဲ့ မျက်ရည်ယို ဗုံးတွေကို ရဲတွေဆီ ပြန်ပစ်ခဲ့ကြတယ်လို့ ဆန္ဒပြသူ လူအုပ်ကြားထဲမှာရှိနေခဲ့တဲ့ VOA သတင်းထောက် Steve Herman က သူ့ရဲ့ Twitter လူမှုရေးကွန်ယက်ပေါ်မှာ ရေးထားပါတယ်။

ဆန္ဒပြသူတွေက အစိုးရရုံးအများအပြားဆီ သွားရောက်နိုင်ဖို့ ကြိုးစားကြတဲ့အပြင် ရုပ်မြင်သံကြားဌာနတွေဆီ ချီတက်ခဲ့ပြီး အစိုးရရဲ့အမြင်ကို တင်ဆက်မပေးဘဲ သူတို့ဘက်ကအမြင်ကိုပဲ ထုတ်လွှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကိုစိုးရိမ်လို့ အရောင်းစင်တာ တော်တော်များများ ပိတ်ထားပါတယ်။

ညတုန်းကစခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ(၃) ဦးမက သေဆုံးပြီး လူ (၅၀)ကျော် ဒဏ်ရာရခဲ့လို့ တင်းမာမှုတွေ မြင့်မားနေပြီး လုံခြုံရေးလည်း တင်းကြပ်နေတာပါ။ ဝန်ကြီးချုပ် Yingluck ကို ထောက်ခံသူတွေ အားကစားရုံက လူထုစုဝေးပွဲဆီ သွားနေကြတုန်း အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက တိုက်ခိုက်လို့ စနေညမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဘယ်သူက ပစ်တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အတိုက်အခံ ခေါင်းဆောင်တွေကတော့ ဒီကနေ့ တနင်္ဂနွေနေ့ဟာ သူတို့အတွက် အောင်ပွဲခံတဲ့နေ့ ဖြစ်ရမယ် လို့ပြောပြီး ဝန်ကြီးချုပ် Yingluck နုတ်ထွက်မပေးမချင်း ဝန်ကြီးဌာနတွေကို တခုချင်းသိမ်းသွားမယ်လို့ သူတို့က သံန္နိဌာန်ချထားပါတယ်။
XS
SM
MD
LG