သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ


ဇွန်လ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံတွင်း Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိစဉ်။
ဇွန်လ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံတွင်း Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိစဉ်။
ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏအများဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲ အများဆုံး ဖမ်းဆီးရမိမှုအဖြစ်နဲ့ အင်္ဂါနေ့က တိုက်ခန်းတစ်ခုမှာ Methamphetamine ဆေးပြား ၄ သန်းခွဲ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ပြီးတော့ ပစ်တိုသေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါး ပမာဏ များလွန်းတာမို့လို့ မီဒီယာရှေ့မှာ ခင်းကျင်းပြဖို့အတွက် အထုတ်တွေ ဖြီတာကိုပဲ တပ်ဖွဲ့ဝင်တွေ ၁၀ မိနစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဆေးပြားတွေနဲ့ crystal meth လို့ခေါ်တဲ့ crystal တုံး ပြုလုပ်ထားတဲ့ Methamphetamine ၁၃၂ ပေါင်က မြန်မာနိုင်ငံကနေ ခိုးသယ်လာတာတွေ ဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ဘန်ကောက်မြို့တော်နဲ့ အနီးတဝိုက်က ခရိုင်တွေမှာ ရောင်းချမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ အဲ့ဒီ ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းနိုင်ငံမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေးသမားတစ်ဦးလို့ ပြောလို့ရပြီးတော့ မကြာခဏဆိုသလိုပဲ အငြင်းပွားစရာကိစ္စတွေကိုလည်း ဖန်တီးတတ်သူ ဖြစ်ပါတယ်။ အခုလိုမျိုး မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲကို ဝင်မလာရအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတော့ ကြိုးစားလုပ်ဆောင်သင့်ပါသလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ ဒုဝန်ကြီးချုပ်က တခြားဘက်ကို လက်ညှိုးထိုးပြီးတော့ ဖြေသွားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်တာမို့လို့ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဝင်ပေါက်အားလုံးကို တင်းတင်းကျပ်ကျပ် စိစစ်ရပါမယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက တားဆီးရတဲ့ အနေအထားအထိ လုပ်ဆောင်ရပါမယ်လို့ ပြောသွားပါတယ်။ ဒါကလည်း ဘာကြောင့် ပြောရသလဲဆိုရင် ကျနော်က အတားအဆီး ခံရတဲ့ဘက်မှာ ဖြစ်နေလို့ပါလို့ ထိုင်းဒုတိယဝန်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောသွားခဲ့ပါတယ်။

ခရီးဆောင်သေတ္တာ အများကြီးထဲမှာ ဖွက်ပြီးတော့ ထည့်ထားတဲ့ အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းဆီးမိထားတဲ့ တရားခံ ၃ ဦးမှာတော့ ၁ ဦးက ဒီ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ သူတို့ကို ငှားထားတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သူတို့ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ သေဒဏ်ပေးခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်ကို တင်သွင်းမယ့် တရားမဝင် မူးယစ်ဆေးဝါးတွေ တထောက်ရပ်နားတဲ့ နေရာဖြစ်ပါတယ်။ မနှစ်ကဆိုရင် နယ်စပ်တွေကနေတဆင့် ထိုင်းနိုင်ငံထဲမှာ Methamphetamine ဆေးပြား သန်းပေါင်းများစွာ မှောင်ခို ရောက်ရှိခဲ့ပါတယ်ရှင်။
XS
SM
MD
LG