သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သခင်သိန်းမောင် ကွယ်လွန်


မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီရေးမှာဆိုလည်း ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများအဖွဲ့မှာ ပါဝင်ခဲ့သူလည်း ဖြစ်တဲ့ သခင်သိန်းမောင်ဟာ မနေ့ စနေညပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ သခင်သိန်းမောင်ဈာပနကို မနက်ဖြန် တနင်္လာနေ့ ညနေ ၅ နာရီ ရေဝေး သုသာန်မှာပြုလုပ်မှာပါ။ သခင်သိန်းမောင် ကွယ်လွန်တဲ့သတင်းနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဝါးခယ်မသခင်သိန်းမောင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကို စတင်လာစေခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကစပြီး အဲဒီနောက် နယ်ချဲ့ ဆန့်ကျင်ရေး ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုအဆက်ဆက် ပါဝင်လှုပ်ရှားလာခဲ့သူပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြန်ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ကျော်ခဲ့ပြီလို့ သားဖြစ်သူ ဦးဇော်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“အသက် ၉၅ နှစ်နဲ့ ၇ လလို့ပဲ တိတိကျကျ ပြောရမှာပေါ့ဗျာ။ သူက ၁၉၁၉၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မွေးတယ်လေ။ ၉၆ နှစ်လို့ပဲ ခြုံပြောပါတော့။ သူဆုံးတာတော့ အာရှတော်ဝင်ဆေးရုံမှာ မနေ့က ည ၁၁ နာရီ ၁၅ မှာ ဆုံးသွားပါတယ်။ ဆုံးသွားတဲ့ အဓိကရောဂါကတော့ နမိုးနီးယားပါပဲ။ အဆုတ်အအေးမိပြီး ချွဲတွေထ၊ ချွဲတွေကနေတဆင့် ပိုးသတ်ဆေးတွေစားပြီးတော့ ပိုးသတ်ဆေးတွေ side effect နဲ့ အသက်ကြီးတာနဲ့ပေါင်းပြီးတော့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။”

ဝါးခယ်မသခင်သိန်းမောင်ဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ရုံတင်မဟုတ်ပဲ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါ တက်တက်ကြွကြွ ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ လွတ်လပ်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ စုဖွဲ့ထားတဲ့ ဝါရင့် နိုင်ငံရေး သမားဟောင်းကြီးများအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီကနေ မြန်မာ့နိုင်ငံရေးကို မပြတ်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သခင်သိန်းမောင်ဟာ နောက်ဆုံး ကွယ်လွန်ချိန်အထိလည်း နိုင်ငံရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ အဖွဲ့အစည်းတွေမှာ တာဝန်ယူခဲ့တယ်လို့ သားဖြစ်သူ ဦးဇော်သိန်းက ပြောပါတယ်။

“သူက ၈၈ နောက်ပိုင်းမှာတော့ ဒေါ်စုကို ဝန်းရံပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အတော်လေး အားပေးခဲ့တယ်။ လေထီးဗိုလ်အုန်းမောင်တို့၊ ဦးအုန်းမြင့်တို့လိုပေါ့။ အတူတူလုပ်ခဲ့ကြတာ။ နောက် ဖေဖေက NLD ဦးကြည်မောင်နဲ့လည်း ငယ်သူငယ်ချင်းဆိုတော့ NLD ကို တော်တော်လေးကို သူထောက်ခံခဲ့တာ။ ဒေါ်စုကိုလည်း ထောက်ခံခဲ့တယ်။ နောက်သူက ဝါရင့် နိုင်ငံရေးအဖွဲ့မှာလည်း ပါတယ်ခင်ဗျ။ သခင်အုန်းကြည်တို့၊ သခင်ချန်ထွန်းတို့နဲ့ သူတို့အဖွဲ့တွေပေါ့။ ဆုံးခါနီးမှာလည်း သူက သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးကော်မတီ၊ နောက် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်မှာ နာယက၊ နောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှာ နာယကပေါ့ခင်ဗျာ။”

သခင်သိန်းမောင် ဈာပနကိုတော့ မနက်ဖြန် တနင်္လာနေ့ ညနေပိုင်း ၅ နာရီ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG