သုံးရလွယ်ကူစေသည့် Link များ

သံတွဲမြို့ အခြေအနေ မတည်ငြိမ်သေး


ရခိုင်ပြည်နယ် သဗျူချိုင်ကျေးရွာတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရစဉ်။ (အောက်တိုဘာလ ၃၊ ၂၀၁၃)
ရခိုင်ပြည်နယ် သဗျူချိုင်ကျေးရွာတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရစဉ်။ (အောက်တိုဘာလ ၃၊ ၂၀၁၃)
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်က လူအနည်းဆုံး ၆ဦးသေဆုံးပြီး ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးမူတွေဖြစ်ပွားပြီးမှာတော့ မနေ့ကညအထိ အနီး တဝိုက်က ကျေးရွာတွေ အနေနဲ့ တည်ငြိမ်မူမရှိသေးဘဲ မီးရှို့ဖျက်ဆီးခံရမူတွေ ရှိနေသေးသလို ခြိမ်းခြောက်မူ မီးရှို့ဖို့ကြိုးစားမူတွေကြောင့် သံတွဲမြို့ပေါ် မှာလည်း အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖေါက် လူစုခွဲရမူတွေရှိနေဆဲဘဲလို့ သိရပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက်မအေးမာက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့က ပဋိပက္ခတွေအတွင်းမှာ လူ၆ဦးခန့် သေဆုံး ခဲ့ရပြီးနောက် ပဋိပက္ခတွေက တည်ငြိမ်သွားခြင်းမရှိသေးပဲ သံတွဲမြို့နဲ့ ၆မိုင်ခန့် ကွာဝေးတဲ့ ကင်မွန်အုပ်စု ကျောက်ဆိပ်ရွာက အစ္စလာမ်ဘာသာဝင် နေအိမ် တချို့ဟာ ည ၁၂နာရီကျော် အချိန်မှာ မီးရှို့ဖျက်ဆီးမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။

"ကျနော်အိမ်ရှေ့က ကျနော့်ညီ ဦးအုန်းတင်အိမ်ကို မီးရှို့ပါတယ်။ ကျနော်တို့ အစ္စလာမ် သုံးအိမ်ပဲရှိတယ်။ ရွာတာဝန်ခံဦးသန်းရွှေက အိမ်ကိုဖျက်ပေးပါ။ ဖျက်ပေးပါလို့ ကျနော်တို့ကိုပြောလို့ ကျနော်တို့ကျောင်းတိုက်ကြီးကျေးရွာ ကို ရှောင်နေရတယ်။ အဲ့ဒီ့ရွာတာဝန်ခံ ဦးသန်းရွှေက ခိုင်းတာပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တဆင့်ခိုင်းတာပါ။ ဖျက်ပေးပါလို့။"

မေး။ ။ ဆိုတော့ ရပ်ကွက်အုပ်ချုပ်မှူးတွေက ကိုယ်တိုင်က ရွာထဲမှာရှိတဲ့ ရာအိမ်မှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ကိုက ဒီဟာကို ဖယ်ပေးပါဆိုတာ အဲ့ဒီ့သုံးအိမ်လုံးကို အကြောင်းကြားတာလားရှင့်။

"ဟုတ်ကဲ့။ သုံးအိမ်စလုံးကို အိမ်ကိုဖျက်ပေးပါတဲ့။ အိမ်ကိုပါ ဖျက်ဖို့ခိုင်းတာပါ ကျနော်တို့ကို။ ကျနော်တို့မှာ ဒီလိုအခက်အခဲရှိတယ်။ လမ်းလဲ မကောင်းဘူး။ ဘာလဲမကောင်းဘူး။ ကျနော်တို့ ဒီနေရာမှာ ရှေ့နှစ်မှာ မနေနိုင်ဘူး။ နောက်သီတင်းကျွတ်လောက် ဆို နွေလ ပေါက်ရင် ပြောင်းမယ် လို့ပြောတာကို ကျနော်တို့ အကြိမ်ကြိမ်တောင်းပန်ပါတယ်။ ဒါကိုလည်း ပြောလို့မရပါ။ ကျနော်တို့ကို အိမ်ဖျက်ပေးပါ ဖျက်ပေးပါ ဒီလိုပြောပါတယ်။

မေး။ ဖျက်ပေးပါလို့ လာလာပြောနေတာ ဘယ်လောက်ကြာပြီလဲ။

"ဒီနေ့၊ ဒီနေ့ကို ဖျက်ပေးပါလို့ အိမ်ဖျက်ပေးပါလို့ ဒီနေ့ကိုပြောပါတယ်။"

သံတွဲမြို့ပေါ်မှာလည်း အခြေအနေတွေက တည်ငြိမ်သွားခြင်းမရှိသေးပါဘူး၊ ကမန်ပါတီဥက္ကဋ္ဌ ဦးကျော်စံလှရဲ့ နေအိမ်တလုံး မီးရှို့ဖျက်ဆီး ခံရပြီးတဲ့နောက် ရပ်ကွက် ၅နဲ့ ၆မှာရှိတဲ့ အိမ်ဌားတွေ ထားတဲ့ သူရဲ့ အိမ်တချို့ ဟာ ခြိမ်းခြောက် ခံရမူတွေရှိတာကြောင့် ညပိုင်းမှာ သေနတ်နဲ့ ပစ်ဖောက် ဟန့်တားမူတွေ လုပ်ခဲ့ရကြောင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က ဦးဝင်းနိုင်က ပြောပါတယ်။

"ဦးကျော်စံလှရဲ့ အိမ်သုံးလုံးလောက်ရှိသေးတယ်။ အဲ့ဒီ့မှာ ဗုဒ္ဓဘာသာဝင်တွေ ဌားနေတယ်။ ဌားနေတဲ့ အဲ့ဒီ့ဗုဒ္ဓဘာသာဝင်တွေကို ဒီမှာမနေနဲ့၊ ဆင်းပေး ဆိုတော့ ဘာဖြစ်လို့လဲလို့မေးတဲ့အခါ ညကျမှ သိလိမ့်မယ်လို့ ခြိမ်းခြောက်တယ်ပေါ့။ ည ခြောက်နာရီခွဲလောက်မှာ ကိုထွန်းတင့်အိမ်ကို ခဲနဲ့ဝိုင်းထုနေတယ်ဆိုတော့ ကျနော်လည်း အဲ့ဒီ့မှာ သတင်းပေးလိုက် တယ်ပေါ့။ သတင်းပေးလိုက်တော့ ခရိုင်ရဲမှူးကြီးကပဲ အရေးယူပေးပါတယ်။ သေနတ် ၁၀ချက်လောက် ပစ်ဖောက်ပေးပြီးတော့ လူစုကွဲ သွားပါတယ်။ သေနတ်ဖောက်တာ ၁၀ချက်လောက် ဖောက်လိုက် ရသေးတယ်ပေါ့နော်။"

သံတွဲမြို့ငပလီကမ်းခြေ လင်းသာရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးခင်မောင်ရဲ့နေအိမ်ကိုလည်း ည ၁၂နာရီကျော်မှာ မီးရှို့ဖို့ အတွက် ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

" မှိန်းနဲ့ပေါ့ဗျာ။ မှိန်းဆိုတာ ငါးတွေဘာတွေ ထိုးတယ်ပေါ့ဗျာ။ အဲ့တာပေါ်မှာ အဝတ်စမှာ ရေနံဆွတ်ပြီးတော့ အိမ်တွေကို မီးတင်တယ်တဲ့။ ဦးခင်မောင်က အစ္စလာမ်ဘာသာဝင်ဖြစ်တယ် ဒါပေမဲ့ အဲ့ဒီ့အိမ်က ဦးခင်မောင်အိမ်မဟုတ်ဘူး။ ဦးခင်မောင်ယောက္ခမများအိမ်ဖြစ်တယ်။ ဦးခင်မောင်အမျိုးသမီးက ဗုဒ္ဓဘာသာဗျ။"

ပိန်းတောကြီးနဲ့ ကျီးကန်းရဲ စတဲ့ကျေးရွာတွေက လူတွေကတော့ နီးစပ်ရာတောတောင်တွေထဲ အခုထက်ထိ ပုန်းအောင်းနေနေထိုင်နေရပြီး အခင်းဖြစ်ပွားပြီးကတည်းက ထမင်းမစားရတာ ၂ရက်ခန့်ရှိပြီလို့ဆိုပါတယ်။ သူတို့တွေကို အကူအညီပေးနိုင်ဖို့ အတွက် လိုအပ်နေတယ်လို့လည်း ဦးဝင်းနိုင်က ပြောပြခဲ့ပါတယ်။
XS
SM
MD
LG