သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး အဆိုပြုခံရသူ ၂ ဦးရဲ့ ပညာရေးနောက်ခံပြဿ န


 ဒေါက်တာသန်းမြင့်
ဒေါက်တာသန်းမြင့်

ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်ကနေ အစိုးရသစ်မှာ ပါဝင်မယ့် ပြည်ထောင်စုဝန်ကြီးစာရင်းကို မနေ့က လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ အဲဒီစာရင်းမှာပါဝင်တဲ့ ဝန်ကြီးနှစ်ဦးရဲ့ ပညာရေးနောက်ခံနဲ့ပတ်သက်လို့ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ချက်တွေ ပေါ်ထွက်နေပါတယ်။ ကာယကံရှင် နှစ်ဦးစလုံးကတော့ အခုလို ဝေဖန်စွတ်စွဲချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်းမှာ ကန့်ကွက်မှုတွေ ရှိလာရင်၊ သူတို့ဖက်က တင်ပြတဲ့အထောက်အထားတွေအပေါ် တင်ပြီး လွှတ်တော်တခုလုံးရဲ့ အဆုံးအဖြတ်ကို ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ်စုံစမ်းမေးမြန်းထားတာပါ။

အဆိုပြု ပြည်ထောင်စုဝန်ကြီးစာရင်းထဲပါဝင်သူ ဒေါက်တာသန်းမြင့်နဲ့ ဦးကျော်ဝင်းတို့ ရထားတဲ့ စီးပွားရေး ဒေါက်တာဘွဲ့တွေနဲ့ ပတ်သက်လို့ ဒီဘွဲ့တွေ့ပေးခဲ့တဲ့ အမေရိကန်တက္ကသိုလ်တွေဟာ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်ဝင်းရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တယ်ဆိုတဲ့ Brooklyn Park University ဟာ ဆိုရင် နိုင်ငံတကာမှာ ဘွဲ့လက်မှတ်တုတွေ ထုတ်ပေးနေတဲ့ တကယ်အမှန်မရှိတဲ့ တက္ကသိုလ် ဆိုပြီး ၂၀၁၅ ခု New York Times သတင်း တရပ်ကို ကိုးကားပြီး ဝေဖန်မှုတွေရှိနေတာပါ။ ဦးကျော်ဝင်းကတော့ ဒီတက္ကသိုလ် အမှန်မရှိဘူးဆိုတာ သူ့အနေနဲ့ ၂၀၁၅ ဒီဇင်ဘာကျမှ သိခဲ့ရပြီး၊ အခု ဖြစ်ရပ်အတွက် လွှွတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဦးကျော်ဝင်း
ဦးကျော်ဝင်း

“ဦးကျော်ဝင်း။ ။ ဆရာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အဲဒီမှာပေါ့ အွန်လိုင်း ဒီဂရီတခုကို လိုချင်တာပေါ့ ။ အဲဒီတော့ ဆရာလိုက်ရှာတော့ Brooklyn Park University တွေ့တယ်။ တွေ့တော့ အဲဒီမှာလည်းရေးထားတာက US Economic Ensuring Department က လိုင်စင်ထုတ်ပေးတယ်ဆိုတော့ အန်ကယ်လည်း စိတ်ချတာပေါ့နော် ။ စိတ်ထဲမှာလည်းတော်တော် လည်းမကောင်းဘူးပေါ့ တလှုပ်လှုပ်လည်းခံစားရတယ်။ ကိုယ်ကတော့ ယုံကြည်အားထားပြီးတော့ လုပ်လိုက်တဲ့ ကိစ္စ။

ကိုထက်အောင်။ ။မနေ့ကတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ပေါ့နော်။ ဒီ အွန်လိုင်းပေါ်မှာ ဆရာတို့ Biography နဲ့တင်ခဲ့တဲ့ဟာက ဆရာတို့ကိုယ်တိုင်ရေးခဲ့တာလား။ ဒါမှမဟုတ် ပါတီကရေးခဲ့တာပါလား ဆရာ။

ဦးကျော်ဝင်း။ ။ လွှတ်တော်အမတ်တွေ အားလုံးကပေးခဲ့တာပေါ့။ ဆရာတို့ရေးခဲ့တဲ့အထဲမှာလည်း ပါတယ်။ ဟိုတုန်းကရေးထားတဲ့ Biography ဆိုတော့ ဆရာလည်း အမှတ်တမဲ့နဲ့ ပေးလိုက်တယ်၊ ပါသွားတယ် အဲဒါဖြစ်လိမ့်မယ်။

ကိုထက်အောင်။ ။အဲတော့ဆရာ။ တကယ်လို့များ ဆရာတို့ ဘွဲ့နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တဦး၊ တယောက်က ကန့်ကွက်မယ်ဆိုရင် ဆရာ့အနေနဲ့ ဘာများတုန့်ပြန်သွားမလဲဆရာ။

ဦးကျော်ဝင်း။ ။ ဆရာ့ရင်ထဲမှာ အခုရှိနေတာကတော့ ဒီတာဝန်ပေးတဲ့အခါကျရင် ဒီတာဝန် ထမ်းဆောင်ဖို့အတွက် ဆရာက သာမန်လူတန်းစားပါ။ ဆရာ့အဖေ၊ အမေကလည်း လယ်ယာသမားတွေ တောင်သူသမားတွေဖြစ်လာတာဆိုတော့ ဆရာတို့နိုင်ငံဆင်းရဲနေတာ၊ ဆရာတို့အလွှာတွေ ဆင်းရဲနေတာ ဆရာ ခံစားနေရတော့ လုပ်ခွင့်ရှိရင်လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် အခုလိုပေ့ါ အကြောင်းကြောင်းကြောင့် ဒီလိုဖြစ်သွားရင်လည်း ဆရာစိတ်မကောင်းဘူး ဝမ်းနည်းမယ် ဒါပဲရှိတာပေါ့။

ကိုထက်အောင်။ ။ ဘွဲ့နဲ့ပတ်သက်လို့ ပါတီအတွင်းမှာကော ဘာများပြောဆိုတာရှိပါသလဲဆရာ။

ဦးကျော်ဝင်း။ ။ အဲဒါက ဒီလို ဆရာလည်းသိတာလေ ၂၀၁၅ ဒီဇင်ဘာလောက်မှာ ဆရာလည်းသိတာ ။ ဆရာလည်း ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့ ကျောင်းလည်း လှည့်မကြည့်ဖြစ်ဘူးပေါ့နော် ။ အဲဒီကျောင်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ လှည့်မကြည့်ဖြစ်ဘူးပေါ့နော်။ အဲဒီကျမှ ဆရာလည်းသိတာ။ ဒါလည်း တကယ်ပြောရင်တော့ ပါတီက တကယ်ဆရာ့ကို ယုံကြည်လို့ သူတို့လည်း ဆရာတင်ထားတဲ့အပေါ်မှာ လက်ခံထားတယ်လို့ ဆရာထင်တယ်။ ပါတီမှာတော့ ချွင်းချက်မရှိဘူးလို့ထင်တယ်။ ဖြစ်ရင်ဆရာ့မှာ အပြစ်ရှိမယ်လို့ထင်တယ်။

ကိုထက်အောင်။ ။ ဆရာ ဒီကျောင်းကနေ PHD ကရော ဘယ်တုန်းက ရခဲ့ပါသလဲ ဆရာ။

ဦးကျော်ဝင်း။ ။ ၂၀၁၀ မှာ လက်မှတ်ထုတ်ပေးထားပြီးတော့ အဲဒီ Certificate လည်းဆရာ့ဆီမှာရှိတယ်။"

ပြည်ထောင်စုအစိုးရဝန်ကြီးအဖြစ် အဆိုပြုခံရသူ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်ရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တဲ့ Pacific Western University ဟာဆိုရင် အမေရိကန်အစိုးရ ပညာရေးဌာနကနေ အသိအမှတ်မပြုတဲ့ ဘွဲဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။ ဒီ တက္ကသိုလ်ခွဲနဲ့ ပတ်သက်လို့ ဘွဲ့အတုတွေ ထုတ်ပေးနေတယ်ဆိုတဲ့စွတ်စွဲမှုတွေကို အမေရိကန်လွှတ်တော်မှာ ၂၀၀၄ ခုနှစ်က စတင် ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Hawaii ပြည်နယ် အစိုးရက ဒီတက္ကသိုလ်ခွဲရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒေါက်တာသန်းမြင့်ကိုယ်တိုင်ကတော့ သူ့ဖက်ကတော့ သူလေ့လာသင်ယူပြီး ၁၉၉၉ ခုနှစ်မှာ ဘွဲှလက်မှတ်ရတယ်ဆိုတဲ့ အထောက်အထား အခိုင်ရှိပြီး၊ နောက်ပိုင်းပြဿနာဟာ အမေရိကန်တက္ကသိုလ်ဖက်က ပြဿနာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဒေါက်တာသန်းမြင့်။ ။ ဒီ ၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNDP Specialist နဲ့ Solomon Island ရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာတွေ့တာလေ။ ဟိုရောက်တော့ ကျနော်ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လား မသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းကပြီးသွားတယ်ပေါ့ဗျာ။ ပြီးသွားတော့ ဒါက ကျောင်းကတော့ အပေးအယူ ၊ ဟိုတုန်းကတော့ Online ဆိုပေမယ့် Online မရှိဘူးခင်ဗျ၊ တယ်လီဖုန်းနဲ့ စာတိုက်ရယ် နဲ့ပဲလုပ်ရတာပေါ့လေ။ လုပ်ရတော့ ကျနော် ၁၉၉၉ ဖေဖဝါရီလမှာ ပြီးတယ်ပေါ့လေ။ ကျနော်တို့က dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း ၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ကျနော် သိသလောက်ဆိုရင် ဒီကျောင်းက တက်တာအများစုက ကုလသမဂ္ဂဝန်ထမ်းတွေရှိတယ်ဗျ။ အသက်ကြီးတွေပေါ့နော်။ ၂၀၀၂ ခုနှစ်က အမေရိကန်မှာ ပညာရေး ဥပဒေတခုပြောင်းလိုက်တယ် လို့ပြောတယ်ခင်ဗျ ။ ပြောင်းလိုက်တော့ တချို့ Institutions တွေကို လိုင်စင် ထပ်မပေးတော့ဘူးလို့ပြောတယ်။ ပိတ်လိုက်တာက လိုင်စင်ထပ်မပေးတော့ တာလား။ ဟိုတုန်းကလုပ်တာတွေကို အသိအမှတ်မပြုတာလား။ ဒါတော့ကျနော်မသိဘူးခင်ဗျ။

ကိုထက်အောင်။ ။ ဆရာတို့ ဝန်ကြီး အဖြစ်မပေးခင်မှာ ကန့်ကွက်လို့ရတယ်ဆိုတော့လေ။ တကယ်လို့များ ဒီနေ့မှာ ကိုယ်စားလှယ်တဦးက ဆရာတို့ကို ကန့်ကွက်ခဲ့တယ်ဆိုရင် ဆရာအပါအဝင် အဖွဲ့ချုပ်ဘက်က ဘာများ တုန့်ပြန်သွားဖို့ရှိပါသလဲဆရာ။

ဒေါက်တာသန်းမြင့်။ ။ ဒါကတော့ ကန့်ကွက်တယ်ဆိုတာကတော့ဗျာ ပညာနဲ့ပတ်သက်လို့ အထောက်အထား မှားတယ်ဆိုရင်လည်း ပါတီက ဒါကတော့ ကျနော်တို့ ပညာရေးအထောက်အထားကို သက်ဆိုင်ရာ အမေရိကန် သံရုံးကတဆင့် မေးမယ်ခင်ဗျာ။ မေးလို့ကျနော်တို့က ဒါလုပ်ရတော့မှာပေါ့လေ။ သူက ကန့်ကွက်ရင် defense လုပ်ရတော့မှာပေါ့ဗျာ။”

အခုလို ဖြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖက်ကတော့ ကာယကံရှင်တွေကို မေးမြန်းဖို့သာ တုန့်ပြန်ပြီး တစုံတရာ မှတ်ချက်ပေးစရာမရှိသေးဘူးလို့ဆိုပါတယ်။ ဒါဟာ Online ပေါ်မှာ ရှိနေတဲ့ ပြဿနာဖြစ်နေပြီး၊ လုပ်ရိုးလုပ်စဉ် လွှတ်တော်တွင်း ကန့်ကွက်ပြောဆိုမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ကန့်ကွက်လာရင်လည်း ကာယကံရှင်တွေဖက်က အထောက်အထားနဲ့ ခုခံသလို၊ ပါတီဖက်ကလည်း ကန့်ကွက်မှုအပေါ်တည်ပြီး တုန့်ပြန်ဆောင်ရွက်မယ်လို့ NLD ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာဖြစ်နေတဲ့ အခု ဝေဖန်ချက်ဟာ လွှတ်တော်စာမျက်နှာမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နောက်ခံရာဇဝတ်မှတ်တမ်းပေါ်မူတည်ပြီး ရှိနေတာဖြစ်ပါတယ်။

အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နောက်ခံရာဇဝင်တွေကိုတော့ လွှတ်တော်တွင်း သီးခြားဖြန့်ဝေရာမှာ၊ လွှတ်တော်မှတ်တမ်းမှာရှိတဲ့ အချက်အလက်တွေနဲ့ တူမတူ အသေအချာ မသိရသေးပါဘူး။ ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက်မှာတော့ အထက်ပါ ပြဿနာနဲ့ပတ်သက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့စည်းပုံပါ ဖော်ပြချက်နဲ့ ရှင်းရှင်းလင်းလင်းမရှိပေမယ့်၊ ဒီ စွတ်စွဲချက်တွေ ခိုင်လုံရင်တော့ ဒီသက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ လွှတ်တော်အမတ် ရာထူးအပေါ်မှာ တစုံတရာသက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

XS
SM
MD
LG