သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်မည့်ရက် ပြင်ဆင်မည်


အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတတွေရဲ့ အမည်စာရင်းကို မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားတာကို လွှတ်တော်မှာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားပြီး ဒုသမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်ဖွဲ့စည်းရေး အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာပဲ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲလုပ်မယ့် သတင်းတွေ ထွက်ပေါ်လာတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

သမ္မတ တဦးအဖြစ် ရွေးချယ်မှုတွေ မတိုင်မီ ဒုတိယသမ္မတ ၃ ဦး အမည်စာရင်း တင်သွင်းဖို့ မတ်လ ၁၇ ရက်နေ့မှာ သတ်မှတ်ထားပေမဲ့ အခုအခါ ပြင်ဆင်ဖို့ စီစဉ်နေကြတာပါ။ အင်္ဂါနေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးမယ့် အစီစဉ်ထည့်သွင်းထားတယ်လို့လည်း NLD ပါတီရဲ့ မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက ပြောပါတယ်။

“မနက်ဖြန်မှ ကြေညာမှာ ဟုတ်တယ် အဲလိုပါတယ်။ ကျနော်တို့တွေကိုတော့ ဘယ်သူမှတွေတော့မပြောသေးဘူး ။ ကျနော်တို့လည်း အဲဒီကိစ္စ ဒါပဲ ဆွေးနွေးနေတယ်လို့ ထင်တာပေါ့လေ။”

လွှတ်တော်မှာ ဒုသမ္မတလောင်း သုံးဦးရဲ့အမည်စာရင်းတွေကိုတော့ NLD နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ မူလက မတ်လ (၁၇) ရက်နေ့မှာ တင်သွင်းဖို့ စီစဉ်ထားကြတာပါ။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကတော့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ နေရာ အနိုင်ရရှိထားတဲ့အတွက် ဒုသမ္မတ ၂ ဦး ရွေးချယ်ခွင့်ရထားပြီး၊ တပ်မတော်သား ကိုယ်စားလှယ်တွေက ၁ ဦး ရွေးချယ် တင်မြှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉-စ အရ လက်ရှိမှာ သမ္မတတာဝန်ယူခွင့်မရပဲ ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ မကြာသေးခင် လတွေအတွင်း တွေ့ဆုံမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မယ့် အခွင့်အလန်းတွေ ပွင့်လာတော့ မယ်လို့ မျှော်လင့် မှုတွေလည်း ထွက်ပေါ်လာပါတယ်။ဒါပေမဲ့လည်း အခုအခါ ဒုသမ္မတအမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲတွေ ဖြစ်လာ တာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူခွင့်ယူဖို့ ညှိနှိုင်းမှုတွေ ပြေလည်မှု မရတာကြောင့် ဖြစ်နိုင်တယ် လို့လည်း မြန်မာ့အရေးအကဲခတ် လေ့လာသူဦးစည်သူအောင်မြင့် က သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအနေနဲ့ တင်မြှောက်လို့ရအောင် ပုဒ်မ ၅၉ ( စ ) ကိုပေါ့နော် လွှတ်တော်ထဲမှာ ဆိုင်းငံ့တာတို့ လုပ်ဖို့အတွက်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းမှု ဘာညာဆိုပြီးတော့မှ အချိန်ယူတာတို့ အဲဒီလိုမျိုးယူဆတယ်။ အဲဒီတော့ အခုလောလောဆယ် နောက်ဆုံးအခြေအနေမှာ အဲဒါက ညှိနှိုင်းလို့ အဆင်မပြေဘူး။ ဒီအသွင်ကူးပြောင်းရေးကာလမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတလုပ်ဖို့ ကြိုးစားတော့မယ့် ပုံမပေါ်ဘူး။ အဲဒါတချက်ပေါ့နော်။ ဒုတိယတချက်က ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်ခင်စန်းလှိုင်တင်တဲ့ အဆို ပြဿနာပေါ့ ။ အခု NLD ဘက်က နောက်ဆုံးအဖြေက သမ္မတ တင်မြှောက်ရေးကိစ္စ အစိုးရဖွဲ့ရေးကိစ္စကို အချိန်ဆွဲထားဖို့ ဘာအကြောင်းမှ မရရှိတော့ဘူး။ စောစော စီးစီသာ သမ္မတ ၊ဒုသမ္မတတို့ရွေးထားပြီးတော့ အစိုးရ အဖွဲ့ဝင်တွေ ကိုလည်း ရွေးထား လိုက်မယ်ဆိုရင် အဲဒီ မတ်လ ၃၀ ရက်နေ့မတိုင်ခင်မှာ သူတို့ ကောင်းကောင်းမွန်မွန်လုပ်နိုင်လိမ့်မယ်လို့ ယူဆတဲ့ပုံပေါ်တယ်။ နောင်တက်လာမယ့် အစိုးရအတွက် ပိုအဆင်ပြေနိုင်တယ်လို့ ပိုအချိန်စောပြီးတော့မှ လုပ်ရတယ်လို့ထင်တယ်လေ။”

NLD ပါတီကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ ဖွဲ့စည်းတဲ့အခါ တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ အကြီးအကဲ တာဝန်တွေကိုတော့ NLD ပါတီက ကိုယ်စားလှယ်တွေကိုသာ ခန့်အပ်တာဝန်ပေးမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားပြီး ဒုသမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်ဖွဲ့စည်းရေး အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာပဲ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲလုပ်မယ့် အခြေအနေနဲ့ ပတ်သက်လို့ မသိင်္ဂ ီထိုက်ကမေးမြန်းရာမှာ ဦးဖေသန်းက အခုလို စပြောပါတယ်။

"ဦးဖေသန်း။ ။ မနက်ဖြန် Agenda မှာ တွေ့တာကတော့ ဒီသမ္မတ ရွေးချယ်ရေးအစီအစဉ်ကို ရက်စွဲ နေ့ရက်ကို ပြင်ဆင် သက်မှတ်မယ်ဆိုတဲ့ agenda တခုပါပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ မတ်လ ၁၇ ရက်နေ့မှာ သမ္မတ ရွေးချယ်ရေးအစီအစဉ်ကို လွှတ်တော် ၂ ရပ် သီးခြားခွဲပြီးတော့ စတင်လုပ်ဆောင်မယ်ဆိုပြီးတော့ ပြောထားပါတယ်။ အခုအခါကျတော့ ပြန်ပြင်မလို့နဲ့တူပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလားတော့မပါပါဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ ထင်တာကပေါ့နော် ဒီသမ္မတရွေးချယ်ရေးအစီအစဉ်ကို ရှေ့ကို ဒီထက် နည်းနည်းတိုးပြီးတော့ ဒါမျိုးက စောစောစီးစီး လုပ်ချင်ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေအရပေါ့နော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်မှာ အဖြေတခုရလောက်ပြီ၊ ဝန်ကြီးတွေရွေးဖို့ ပြည်ထောင်စု ဝန်ကြီးတွေရွေးဖို့ ကိစ္စလည်း အစီအစဉ် လျာထားချက်တွေ ပြီးလောက်ပြီ။ အဲဒါနဲ့ ဒီနေ့ရက်ကို ရှေ့တိုးပြီးတော့ သက်မှတ်တယ်၊ သက်မှတ်မယ်လို့ ကျနော်ထင်တာပေါ့နော်။ အဲလို သတ်မှတ် လိုက်ရင်တော့ ကျနော်တို့ သမ္မတက အမြန်ဆုံးဖြစ်လာမယ်။ ပြီးတော့မှ တဆက်တည်းပဲ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဝန်ကြီး ဌာနတွေ ရွေးချယ် သက်မှတ်တဲ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်လို့ရမယ်။ ပြီးမှ ကျနော်တို့ ပြည်နယ်တွေ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ဆက်ပြီးတော့ ရွေးဖို့အစီအစဉ်တွေ အများကြီးရှိပြီးတော့ အဲဒီလို ရက်ရွေ့ပြီးတော့ ရှေ့ကို တိုးသက်မှတ်တာ လို့ ကျနော်ယူဆပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ။ ဆရာ ဒီ သမ္မတ အမည်စာရင်းနဲ့ပတ်သက်ပြီးတော့ရော ဆရာတို့ ဘယ်လောက်ထိ သိထားပါပြီလဲရှင့်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရော နီးစပ်ပါသလား။

ဦးဖေသန်း။ ။ ကျနော်တို့ကတော့ မီဒီယာ သတင်းတွေ အရပေါ့ဗျာ ပြောရမယ် ဆိုရင်တော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အဲဒီကိစ္စမှာ ပြေလည်မှု သိပ်မရဘူးလို့ ကျနော်တို့ ကြားပါတယ်။ ပြီးတော့ ဒီ လက်ရှိအစိုးရနဲ့လည်းပဲ နည်းနည်း အဖုအထစ်လေးတွေရှိတာပေါ့နော်။ ဟိုဘယ်လိုပြောမလဲ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေဒါတွေလည်း ပါတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်အထင်ကတော့ပေါ့နော် ၊ အထင်ပဲပြောပါမယ် သူ့အနေနဲ့ သမ္မတဖြစ်ခွင့်ကို စွန့်လွတ်လိုက်ပြီလို့ ယူဆတဲ့အတွက်နဲ့ ဒီလိုနေ့စွဲကို ရက်ရှေ့တိုးပြီးတော့ သက်မှတ်တယ်လို့ပဲ ကျနော်တို့ ယူဆပါတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ မပြောတက်ဘူးဗျ။ ဒါပေမယ့် ဒါက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပဲ သိမယ့်ကိစ္စပဲဖြစ်ပါတယ်။”

ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကို မသိင်္ဂ ီထိုက်ကမေးမြန်းခဲ့တာကိုလည်း အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG