သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဖို့ လိုအပ်ကြောင်း The Elders ထောက်ပြ


The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ အရင် နော်ေ၀ ဝန်ကြီးချုပ် ဟောင်းလည်းဖြစ်သူ Gro Harlem Brundtland
The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ အရင် နော်ေ၀ ဝန်ကြီးချုပ် ဟောင်းလည်းဖြစ်သူ Gro Harlem Brundtland

စစ်တပ် ကြီးစိုးမှုရှိနေဆဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးနဲ့ မြန်မာနိုင်ငံရေးပြောင်းလဲဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား အရေးကြီး ဆောင်ရွက်သင့်တယ်လို့ The Elders အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ WLB အမျိုးသမီးများအဖွဲ့ချုပ်နဲ့ ဒီကနေ့တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး အခြေအနေတွေ သုံးသပ်ဆွေးနွေးကြချိန် အခုလို ပြောဆိုလိုက်တာပါ။ The Elders အဖွဲ့ရဲ့ တတိယအကြိမ်မြောက် ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

The Elders လို့ ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင် (၄) ဦးဟာ သူတို့ရဲ့မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း မြန်မာနိုင်ငံတွင်းကနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြားဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးအနေအထားတွေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းနိုင်ငံအခြေစိုက် ( Women’s league of Burma-WLB) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ တာဝန်ရှိသူတွေနဲ့ The Elders အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့တဲ့ အကြောင်း WLB ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောပါတယ်။ The Elders အဖွဲ့ဘက်က မြန်မာ့နိုင်ငံရေး အခြေအနေကို သူတို့အနေနဲ့ လေ့လာသုံးသပ်မှု ထားတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာကို ဒေါ်တင်တင်ညိုက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့အဓိကပြဿနာနှစ်ရပ်က စစ်တပ်ကြီးစိုးမှုရှိတာရယ်၊ ပြီးတဲ့အခါကျလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ။ အဲဒါက ပြင်ကိုပြင်ရမယ်ဆိုတဲ့ပုံစံမျိုး၊ အဲဒါက အဟန့်အတားဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးကို ထောက်ပြသွားတယ်ဆိုကတည်းကတော့ ကျမတို့လက်ရှိ မြန်မာနိုင်ငံရဲ့အပြောင်းအလဲကို သူတို့အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်နိုင်တယ်လို့ မြင်ပါတယ်။ --- အပေါ်မှာတော့ သူတို့အနေနဲ့ စိတ်ဝင်စားမှုရှိတယ်။ အပြန်အလှန်လည်းဆွေးနွေးတယ်။ နောက်ပြီးတော့ ခုနကပြောသလိုပဲ သူတို့ရဲ့သုံးသပ်ချက်က ကျမတို့ပြောဆိုမှုအပေါ်မှာ အများကြီး ထင်ဟပ်ပါတယ်။”

မရေမရာဖြစ်နေတဲ့ ဖော်ဆောင်နေဆဲ မြန်မာငြိမ်းချမ်းရေး အနေအထားကြောင့် မြန်မာနိုင်ငံတွင်း ချိုးဖောက်ခံနေရတဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း အမျိုးသမီးများအဖွဲ့ချုပ်ဘက်က တင်ပြဆွေးနွေးခဲ့တယ်လို့ ဒေါ်တင်တင်ညိုကပြောပြပါတယ်။

“WLB - အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကိုယ်စားလှယ်တွေနဲ့ The Elders ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဖြစ်ပါတယ်။ တွေ့ပြီးတဲ့အခါကျတော့ ကျမတို့အနေနဲ့ကလည်း မကြာခင်ကပဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်၊ စစ်တပ်က ဆက်လက် ကျူးလွန်နေတယ်၊ အဲဒါလည်း တရားဝင်ကျူးလွန်ခွင့်တွေ ဆက်ပေးထားတယ်ဆိုတဲ့ဟာကို ထောက်ပြထားတဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ပြောကြားတယ်။ အဲဒီအပြင်ကို စစ်ပွဲတွေဆက်ဖြစ်နေတဲ့ဟာ၊ တခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့အနေအထားတွေ၊ ဒါတွေကိုလည်းပဲ ကျမတို့ သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။”

The Elders နဲ့ မြန်မာ ထိပ်ပိုင်းခေါင်းဆောင်တွေ လွှတ်တော်၊ တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေ မတွေ့ဆုံခင် အခုလို နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံပြီး လက်ရှိအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့တာကို အားရကျေနပ်မိပြီး The Elders အနေနဲ့လည်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံချိန် ဆွေးနွေးတင်ပြဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ကြောင့်လည်း WLB ကပြောပါတယ်။

“ကျမတို့ကတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ သုံးသပ်တဲ့အချိန်မှာဆိုရင် ဒီ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်မတိုးတဲ့ကိစ္စရယ်၊ အပစ်အခတ် ရပ်စဲရေး ဆိုင်းထိုးထားပေမယ့်လည်း ဒီစစ်ပွဲတွေ ဆက်ဖြစ်နေတဲ့ကိစ္စ၊ ခုနလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျမတို့ ပြောပြ တာပေါ့ နော်။ အဲဒီအပေါ်မှာတော့ The Elders အဖွဲ့က မြန်မာနိုင်ငံရဲ့သမ္မတဟောင်းတို့၊ နော်ဝေးနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းတို့ကပေါ့လေ၊ သူတို့လည်း ပါတယ်ဆိုတော့ - သူတို့အနေနဲ့ အဓိက သုံးသပ်ချက်တွေ ပေးသွားတာက မြန်မာနိုင်ငံရဲ့အဓိကပြဿနာ၊ အဓိကအဟန့်အတားက အကြောင်းအရာ နှစ်ခုအပေါ်မှာ အခြေခံတယ်ပေါ့၊ တင်ပြတဲ့အပေါ်မှာတော့ သူတို့က တဘက်ခေါင်းဆောင် အစိုးရနဲ့တွေ့တဲ့အချိန်မှာလည်း တစုံတရာ ပြန်ပြီးတော့မှ တင်ပြနိုင်လိမ့်မယ်၊ ဒါမှမဟုတ်လည်း ဆွေးနွေးပြောဆိုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ The Elders အဖွဲ့ကကျတော့ တကယ့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့အတွက်ကြောင့်မို့လို့ တစုံတရာတော့ နိုင်ငံတကာရဲ့ မီဒီယာမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ မူ၊ ပေါ်လစီပိုင်းအရ ချမှတ်နေတဲ့ နေရာမှာပဲဖြစ်ဖြစ် အတိုင်းအတာတခုအထိပေါ့လေ- သူတို့အနေနဲ့ ပြောဆိုဆွေးနွေးလို့ ရလောက်တဲ့အနေအထားတော့ ရှိမှာပါ။”

The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ အရင် နော်ေ၀ ဝန်ကြီးချုပ် ဟောင်းလည်းဖြစ်တဲ့ဂရို ဟာလမ် ဘရန့်တ်လန်း (Gro Harlem Brundtland) ဦးဆောင်ပြီးနိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း မာတီ အာတီဆရာရီ (Martti Ahtisaari) နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း လက်ခ်ဒါ ဘရာဟီးမီ (Lakhdar Brahimi) အပါအဝင် ပါကစ္စတန်နိုင်ငံက နိုင်ငံတကာ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူ ဟီနာ ဂျီလာနီ (Hina Jilani) တို့ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွ နှစ်တနှစ်ကို ရောက်နေတဲ့အားလျှော်စွာ ယခု ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင် ကြီးများအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူပြည်သားအားလုံးရဲ့ မတူကွဲပြားတဲ့ အရည်အသွေး ပေါင်းစုံထင်ဟပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဘက်ပေါင်းစုံပါဝင်မယ့် လူ့ဘောင် အသိုင်းဝိုင်း တရပ်ပေါ်ပေါက် စေရေး အားပေးကူညီသွားမှာ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရစေဖို့ ကူညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ The Elders ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်သလို နေပြည်တော်မှာလဲ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော်နဲ့ လွှတ်တော် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ကနေ ပြန်လည်မထွက်ခွါခင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG