သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း


 The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲ၊ အမေရိကန် သမ္မတဟောင်း Jimmy Carter ၊ ရန်ကုန်မြို့ Strand Hotel၊ စက်တင်ဘာလ ၂၆။
The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲ၊ အမေရိကန် သမ္မတဟောင်း Jimmy Carter ၊ ရန်ကုန်မြို့ Strand Hotel၊ စက်တင်ဘာလ ၂၆။
မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့ မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့ နှိုင်းယှဉ် လိုက်ရင်တော့ အခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အဖွဲ့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်နေတဲ့ The Elders ခေါ် ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ အဖွဲ့ဟာ သူတို့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ Strand ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ တိုးတက်မှု သိသိသာသာ ရှိလာနေတယ်ဆိုပြီး အရင်စစ်အစိုးရလက်ထက်က ဖိနှိပ် အုပ်ချုပ်ခံခဲ့ရတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ပြီး အဖွဲ့ဝင် ၃ ဦးပါတဲ့ The Elders အဖွဲ့ကို ဦးဆောင်လာသူ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာက ပြောပါတယ်။

" တိုးတက်မှုလို့ ကျနော်ပြောတဲ့နေရာမှာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ရတဲ့ အခြေအနေကို နှိုင်းယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတာပြီးတော့ လွှတ်တော် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတာ၊ လွတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဖို့ ပြောဆိုဆွေးနွေးတာတွေ၊ အဲဒီကတဆင့် ဒီမိုကရေစီနဲ့ဆိုင်တဲ့ အသွင်သဏ္ဍာန်တွေ ဆင့်ပွားလာတာ၊ အပစ်အခတ် ရပ်စဲဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေ စသည်အားဖြင့် တဖြည်းဖြည်းခြင်း ဆင့်ကဲ တိုးတက် ပြောင်းလာတာတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်း အသိအမှတ်ပြု အလေးထားပါတယ်။"

တဖက်မှာ အဲဒီလို တိုးတက်မှုတွေ ရှိနေသလို တခြားတဖက်မှာလည်း လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတာတွေကို သမ္မတဟောင်း ဂျင်မီ ကာတာက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီအထဲက ပြဿနာတခုကို ပြောရမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သူတို့ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေး ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ နောက် အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေး အရ ဆွေးနွေးပွဲ လုပ်ဖို့ လိုပါတယ်။ ပြည်နယ်တွေမှာရှိကြတဲ့ တိုင်းရင်းသား တဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ဗဟိုအစိုးရကြား ကွားခြားချက်ကို လည်း မဖြေရှင်းနိုင်သေးပါဘူး။"

The Elders အဖွဲ့အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် သူတို့လို နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ဘယ်လို အကြံပြုချက်များ ပေးလိုပါသလဲလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -

" မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ပါလို့ ကျနော်ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျနော် မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နော်ဝေးမှာဆို လွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေပါ။ အဲဒီအချက်တွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တွေ့ခဲ့တဲ့ အဖွဲ့တိုင်းကို အကြံပြုခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆ ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်။"

အမေရိကန်သမ္မတဟောင်း Jimmy Carter ဦးဆောင်တဲ့ The Elders အဖွဲ့ဟာ သူတို့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရဖက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ နောက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင် အပါအဝင် တခြား အရပ်ဖက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့တော့ -

" ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာသူတွေ လာပြီး လေ့လာခွင့်ပြုမယ်လို့ ကျနော် မျှော်လင့် ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ တွေ့ဆုံတုန်းကလည်း ကျနော်တို့ အဲဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ အဲဒါကလည်း အစောပိုင်းကတည်းက ခွင့်ပြုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခွင့်ရှိသူတွေ မှတ်ပုံတင်တဲ့နေရာမှာလည်း တိကျ မှန်ကန်မှု ရှိဖို့ လိုအပ်တဲ့အတွက်ပါ။ ရှေ့နှစ်ဆန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေတယ်လို့ ကျနော် နားလည်ထားပါတယ်။ အဲဒီမှာလည်း လာရောက် လေ့ခွင့်ပြုဖို့ ကျနော်တို့ လိုလားပါတယ်။"

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြောဆိုမှုတွေကတော့ သူဖွဲ့ထားတဲ့ ကာတာစင်တာကို ကိုယ်စားပြု ပြောဆိုနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာ စင်တာအနေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၉၄ ခုကို စောင့်ကြည့်သူအဖြစ် သွားရောက် လေ့လာထားဖူးပြီး ဖြစ်တာကြောင့် သူတို့မှာ အဲဒီအတွေ့အကြုံ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ဟာ ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် မြင့်မားဖို့အတွက် နိုင်ငံအသီးသီးက ခေါင်းဆောင်ဟောင်းတွေ၊ အထင်ကရပုဂ္ဂိုလ်တွေ၊ နိုဘဲငြိမ်းချမ်းရေးဆုရှင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၄ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူတို့ ဒီကနေ့ မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
XS
SM
MD
LG