သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Elders မြန်မာနိုင်ငံ လာရောက်မည်


The Elders
The Elders

The Elders လို့ ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများ အဖွဲ့ရဲ့ အဖွဲ့ဝင် (၄) ဦးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုဆွေးနွေးဖို့အတွက် ဒီကနေ့သောကြာနေ့မှာ စတင်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံကို တပါတ်ကြာခရီး လာရောက်မှာ ဖြစ်ပါတယ်။ The Elders ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် ထိုင်းနိုင်ငံကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့ အထိ ဝင်ရောက်ကာ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အပါဝင် တခြား အဖွဲ့အစည်းတွေနဲ့ ချင်းမိုင်မြို့ မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ် အရင် နော်ေ၀ ဝန်ကြီးချုပ်ဟောင်း လည်းဖြစ်တဲ့ဂရို ဟာလမ် ဘရန့်တ်လန်း (Gro Harlem Brundtland) ဦးဆောင်ပြီးနိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း မာတီ အာတီဆရာရီ (Martti Ahtisaari) နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း လက်ခ်ဒါ ဘရာဟီးမီ (Lakhdar Brahimi) အပြင်၊ပါကစ္စတန်နိုင်ငံက နိုင်ငံတကာ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူ ဟီနာ ဂျီလာနီ (Hina Jilani) တို့ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွ နှစ်တနှစ်ကို ရောက်နေတဲ့ အားလျှော်စွာ ယခု ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင် ကြီးများအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူပြည်သားအားလုံးရဲ့ မတူကွဲပြားတဲ့ အရည်အသွေး ပေါင်းစုံထင်ဟပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဘက်ပေါင်းစုံပါဝင်မယ့် လူ့ဘောင် အသိုင်းဝိုင်း တရပ်ပေါ်ပေါက် စေရေး အားပေးကူညီသွားမှာ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရစေဖို့ ကူညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

The Elders ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်သလို နေပြည်တော်မှာလဲ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော်နဲ့ လွှတ်တော် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကနေ ပြန်လည်မထွက်ခွါခင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
အခုခရီးစဉ် ဟာ The Elders အဖွဲ့ရဲ့ တတိယမြောက်ခရီးစဉ်ပါ။ မာတီ အာတီဆာရီ ( Martti Ahtisaari) နဲ့ ဂရို ဟာလမ် ဘရန့်တလန် (Gro Harlem Brundtland) တို့ ဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ နဲ့ အတူ ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ မတ်လအတွင်းက လာရောက်ခဲ့ ကြပါတယ်။

XS
SM
MD
LG