သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ယုံကြည်မှုတည်ဆောက်ရေး The Elders တိုက်တွန်း
နောက်ဆုံးရသတင်း

ယုံကြည်မှုတည်ဆောက်ရေး The Elders တိုက်တွန်း


The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံး)
The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံး)
မြန်မာ့လူမှုအဖွဲ့အစည်းထဲမှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ အချင်းချင်း ယုံကြည်မှုကင်းမဲ့နေတာကို ကျော်လွှားဖို့နဲ့ နိုင်ငံလူထု အတွင်းမှာရှိတဲ့ ကွဲပြားမှုအမျိုးမျိုးနဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထင်ဟပ်စေဖို့ လူအများ ပူးပေါင်းပါဝင်မှု ပိုကြီးမားလာစေရေး အစိုးရ အနေနဲ့ ကြိုးပမ်းအားထုတ်ပါလို့ The Elders အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ The Elders အဖွဲ့ရဲ့ အဖွဲ့ဝင်နှစ်ဦးဖြစ်သူ နော်ဝေး၀န်ကြီးချုပ်ဟောင်း Gro Harlem Brundtland နဲ့ ဖင်လန်သမ္မတဟောင်း Martti Ahtisaari တို့ရဲ့ မတ်လ ၂၄ ရက်ကနေ ၂၈ ရက် နေ့အထိ မြန်မာနဲ့ ထိုင်းနိုင်ငံခရီးစဉ် အဆုံးသတ် သောကြာနေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကနေ ထုတ်ပြန်ချက်ထဲ အဲဒီလို တိုက်တွန်းထားတာပါ။

ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနည်းကျ ပါဝင်မှုဟာလည်း လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတဝန်းမှာ သဘော တူညီမှုရဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေဟာ ပြည်တွင်း ပဋိပက္ခဖြစ်နိုင်တဲ့အလားအလာကို လျော့ပါး စေပြီး ပဋိပက္ခတွေကတော့ ဒီမိုကရေစီကို အားနည်းစေကြောင်း၊ ခေတ်သစ်ပေါ်ပေါက်ဖို့အတွက် ပဋိပက္ခမှာပါဝင်နေသူအားလုံး အမြော်အမြင်ကြီးကြီးနဲ့ အပြုသဘောဆောင် ပါဝင်သင့်ပါတယ်လို့ နေပြည်တော်နဲ့ ကချင်ပြည်နယ်တွေဆီ သွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတဲ့ထဲမှာ ဂရိုဟာလမ် ဘရန့်တလန်းက ပြောထားပါတယ်။

မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းတွေဆီ သွားခဲ့ပြီး ဆေးခန်းတွေ၊ ကျောင်းတွေ၊ ကျွမ်းကျင်မှုတွေ တည်ဆောက်ထားနိုင်တာကို မာတီ အာတီဆာရီက ချီးကျူးစကားဆိုထားပါတယ်။

မကြာခင်ရလာမယ်လို့ မျှော်လင့်ရတဲ့ နိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေး သဘောတူကြပြီးတဲ့နောက် ဒီဝန်ဆောင်မှုတွေ၊ ဆရာဝန် တွေ၊ ကျောင်းဆရာဆရာမတွေကို နိုင်ငံအဖွဲ့အစည်းတွေမှာ ပူးပေါင်းထည့်သွင်းခြင်းအားဖြင့် နောက်ထပ် ယုံကြည်မှု တည်ဆောက်ဖို့ အခွင့်အရေးရမယ့်အကြောင်း၊ အပြန်အလှန် အကျိုးစီးပွား၊ ယုံကြည်မှုတို့နဲ့ အုပ်ချုပ်တဲ့ ထုတ်လုပ်အားကောင်း၊ ကျွမ်းကျင်မှုရှိပြီး ကျန်းမာတဲ့ ပြည်သူလူထုကို နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုအပ်တဲ့အကြောင်း မာတီ အာတီဆာရီက ပြောပါတယ်။

The Elders ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာလက အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ၊ မာတီ အာတီဆာရီနဲ့ ဟာလမ် ဘရန့်တလန်တို့ရဲ့ ပထမဆုံး ခရီးစဉ်နောက်ပိုင်း အခု ခရီးစဉ်ဟာ The Elders အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။
XS
SM
MD
LG