သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အောင်မြင်မှု ရှိကြောင်း ကော်မရှင် ကြေညာ


ရွေးကောက်ပွဲ အောင်မြင်မှုရှိကြောင်း ကော်မရှင်ကြေညာ (Photo- MOI)
ရွေးကောက်ပွဲ အောင်မြင်မှုရှိကြောင်း ကော်မရှင်ကြေညာ (Photo- MOI)

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမှားအယွင်းတွေ ရှိခဲ့ပေမဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ကနဦး ရလဒ်တချို့မှာတော့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရတာကိုလည်း တွေ့ကြရတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ပြောပြပေးပါဦးရှင်။

မဲစာရင်းတွေမှာ အမှားအယွင်းတွေ၊ မဲရုံတွေမှာ ပြဿနာတွေ ကြုံခဲ့ရပေမဲ့ တနိုင်ငံလုံး အတိုင်းအတာမှာတော့ ပြောပလောက်အောင် မများခဲ့တာကြောင့် ရွေးကောက်ပွဲဟာ အောင်မြင်မှုရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တာပါ။ အယောင်ဆောင်မဲပေးတဲ့ အမှု ၄ မှု၊ မဲလက်မှတ်မှားပေးတာ ၁၄ မှု၊ မဲရုံမှူးလက်မှတ် မပါတာ ၃ မှု၊ တရားမဝင်မဲဆွယ်တာ ၁၂ မှု၊ တခြားအမှု ၁၅ မှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ၄၈ မှုသာ ရှိခဲ့တာကြောင့် ရွေးကောက်ပွဲ အောင်မြင်မှုရတဲ့အကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြောကြားသွားပါတယ်။

“တနိုင်ငံလုံးမှာရှိတဲ့ မဲရုံအရေအတွက်နဲ့ အချိုးချလိုက်တဲ့ အခါကျတော့ ဖြစ်စဉ်ပေါင်း ဝ.၁၁၉ ရာခိုင်နှုန်း၊ မဲရုံ ၁၀၀၀ မှာ ဖြစ်စဉ် ၁ ကြိမ်ပဲရှိတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ ဒီကနေ့ ရွေးကောက်ပွဲ ရလဒ်တွေကို စတင်ထုတ်ပြန်နေပါပြီ။ ဒီကနေ့ ညနေပိုင်း ပထမဆုံးအသုတ် မဲရလဒ်ကို ထုတ်ပြန်ရာမှာတော့ ရန်ကုန်တိုင်းအတွင်းက ၁၂ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြေညာခဲ့တာပါ။

“အခုအချိန်အထိ ကျနော်တို့ ပြည်သူ့လွှတ်တော်က ၁၂ နေရာနဲ့ အမျိုးသား၊ တိုင်းဒေသကြီးက သတင်းရပါတယ်။ ကျနော်တို့ ဝင်လာတဲ့ အနိုင် ၊ အရှုံးရလဒ်တွေကိုတော့ ဆက်လက် သက်မှတ်ထားတဲ့ အချိန်တွေမှာ ထုတ်ပြန်ကြေညာသွားပါမယ်လို့ ပြောကြားလိုပါတယ်။”

NLD ပါတီတာဝန်ရှိသူ တချို့ကတော့ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရမယ်လို့ မျှော်လင့်နေကြတာပါ။ ရွေးကောက်ပွဲ ရလဒ်တချို့ကို ထုတ်ပြန်ကြေညာနေတဲ့ ရန်ကုန်မြို့က NLD ပါတီ ရုံးချုပ်ကို ဒီကနေ့ အစောပိုင်း ရောက်လာတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူထုအနေနဲ့ အနိုင်အရှုံးကို ခန့်မှန်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အရိပ်အမြွက် ပြောဆိုခဲ့တာပါ။

“အခုအချိန်မှာဆိုရင် မဲရလဒ်တွေကို တရားဝင် အတည်မပြုရသေးပါဘူး။ ဒါပေမယ့်လည်း အများပြည်သူက ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကိုတော့ သဘောပေါက်ကြပါလိမ့်မယ်လို့ ကျမတို့ထင်ပါတယ်။”

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး ကတော့ ဧရာဝတီတိုင်း ဟင်္သာမြို့က မဲဆန္ဒနယ်မြေမှာ ရှုံးနိမ့်သွားခဲ့သလို၊ ပါတီထိပ်တန်းခေါင်းဆောင် နေရာက ဖယ်ရှားခဲ့ခဲ့ရတဲ့ သူရဦးရွှေမန်းဟာလည်း ရှုံးနိမ့်ခဲ့ပြီး၊ ဒီမဲဆန္ဒနယ်တွေမှာ NLD ပါတီ ကသာ အနိုင်ရခဲ့ကြောင်း ကနဦး ရလဒ်တွေကို ကိုးကားပြီး နိုင်ငံရေး ပါတီတွေက ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG