သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ယန်းမြို့ SSA စခန်းတွေ ဆုတ်ခွာဖို့ မြန်မာတပ် သတိပေး


SSA ရှေ့တန်းတပ်များ
SSA ရှေ့တန်းတပ်များ

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်စခန်းတွေကို အစိုးရတပ်ဖက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ တောင်းဆိုထားပြီး ရှမ်းတပ်ဖွဲ့ဖက်က လက်မခံရင်တော့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်လာနိုင်တဲ့အခြေအနေ ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ သြဇာရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ စစ်ရေးနည်းနဲ့ မဖြေရှင်းသင့်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဆုတ်ခွာခိုင်းထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်စခန်းတွေဟာ တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်အနောက်ဖက်မှာ ရှိတဲ့ လွယ်စေး၊ လွယ်လန်းတောင်ပေါ်က ဖြစ်ပြီး ဒီလ ၂၂ရက်နေ့ နောက်ဆုံးထားဆုတ်ခွာပေးဖို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်က တောင်းဆိုထားတာပါ။

လောလောဆည်မှာတော့ တပ်တွေ ဆုတ်ခွာရေးနဲ့ပတ်သက်ပြီး SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ သဘောထားကို အဖွဲ့ရဲ့ ဒုတိယအတွင်းရေးမှုး ဦးစိုင်းခမ်းသီက အခုလို ပြောပါတယ်။

“ တပ်မတော်က ကျနော်တို့ကို ထပ်ရွေ့ခိုင်းတာပါ။ ၂၂ ရက်နေ့ အပြီးဖယ်ခိုင်းတာလေ။ လွယ်စေး တဝိုက်နဲ့ သံလွင်မြစ်ကြောတလျှောက်ပေါ့။ ကျနော်တို့ အဲဒီဒေသတွေက ကျနော်တို့နေခဲ့တဲ့နေရာတွေဖြစ်တာကော အခုလောလောဆယ်တော့ ရွေ့ဖို့အခြေအနေတော့ မရှိသေးပါဘူး။”

တပ်တွေ မပြောင်းရွှေ့ရေးအတွက် SSPP/SSA မြောက်ပိုင်းရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ရမခ ဒုတိုင်းမှုးနဲ့ ဆွေးနွေးနေကြောင်းနဲ့ ဒီတပ်စခန်းတွေ ပြောင်းရွှေ့ဖို့ကို နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်စဉ်ကလည်း သဘောတူထားတာမရှိဘူးလို့ ပြောပါတယ်။

တန့်ယန်းဒေသခံတဦးကတော့ နှစ်ဖက်ညှိနှိုင်းတာမပြေလည်ရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လွယ်စေးပတ်ဝန်းကျင်လောက်ကတော့ဗျာ နည်းနည်းတိုက်ပွဲတွေဖြစ်လာနိုင်တာပေါ့ဗျာ။ လွယ်စေးက တန့်ယန်းနဲ့ဆို ၁၂ မိုင်ပဲရှိတယ်လေ။ မိုင်းကောင်က ၂၅ မိုင်ရှိတယ်။ အဲတော့ မိုင်းကောင်လိုနေရာမျိုးမှာ တပ်ရင်းတရင်းလည်း ထိုင်ထားပြီးသားလည်းရှိတယ်ဗျ။ အစိုးရတပ်လေ အဲဒါက ။ အဲဒီတော့ လွယ်စေးကိုလုပ်မယ်ဆိုရင်တော့ နှစ်ဖက်ညှပ်ပြီးတော့ ပြီးသွားနိုင်တာပေါ့လေ။ အဲတော့ အခုအချိန်အထိတော့ လှုပ်ရှားမှုမတွေ့ရသေးဘူးဗျ။”

လွယ်စေး၊ လွယ်လန်းတောင်ကြောဟာ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။ ဒီတောင်ကြောဟာ UWSA အခြေစိုက်ထားတဲ့နယ်မြေနဲ့နီးကပ်ပြီး စစ်ရေးအရ စိုးမိုးနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

“ လွယ်လန်းပေါ်ကလှမ်းကြည့်ရင် ပန်ဆန်းကိုတော့ မမြင်ရဘူး။ ပန်ရန်းဆိုတဲ့နေရာရဲ့ အပေါ်ဆီး ကြတယ်။ ဆိုတော့ ပန်ရန်းဆိုတဲ့နေရာရသွားတယ်ဆိုရင်တော့ ပန်ဆန်းက နည်းနည်းနီးစပ်သွားတာပေါ့လေ။ ပန်ဆန်းကနီးစပ်သွားတော့ အဲဒါကြောင့်မို့လို့ သူတို့ကလည်း ဖယ်လိမ့်မယ်လို့တော့ မထင်ဘူးဗျ။ ၀ ကိုလည်း ခြိမ်းခြောက်လို့ရတဲ့နေရာပဲ အဲဒီလွယ်လန်းကတော”

ရှမ်းပြည်နယ်အတွင်းမှာ အင်အားကြီး နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကပြောရေးဆိုခွင့်ရှီသူ ဦးစိုင်းလိတ် တော့ သူတို့ပါတီရဲ့သဘောထားကို အခုလို ပြောပါတယ်။

“၀ နဲ့ မဖြေရှင်းပဲနဲ့ သူတို့ SSA ကိုပဲ သွားပြီးဖိအားပေးတာမျိုးတွေဟာ ရှမ်းပြည်ထဲမှာ ပြဿနာ မဖြစ်ဖြစ်အောင် ဖန်တီးသလိုများဖြစ်နေမလားပေါ့နော်။ ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ စစ်ရေးနဲ့ပဲ ချဉ်းကပ်နေမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်ပေါ်နိုင်မှာမဟုတ်ဘူး။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ဟာ ၂၀၁၂ခုနှစ် ဇန်နဝါရီလက အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲပြီးနောက်မှာလည်း တပ်တွေ နေရာရွှေ့ပြောင်းဖို့ အစိုးရတပ်ဖက်ကတောင်းဆိုခဲ့တာတွေ ရှိခဲ့သလို တိုက်ပွဲတွေ မကြာခန ထပ်မံဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဟာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG