သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ဖဲကြိုးနီဆု မြန်မာနိုင်ငံက The Help အဖွဲ့ရရှိ


ဝါရှင်တန်မှာကျင်းပနေတဲ့ AIDS ညီလာခံ။ (ဓာတ်ပုံ/ကြေးမုံ)
ဝါရှင်တန်မှာကျင်းပနေတဲ့ AIDS ညီလာခံ။ (ဓာတ်ပုံ/ကြေးမုံ)
နှစ်နှစ်တခါ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံတိုင်းမှာ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်နေ တဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေကို Red Ribbon Award (ဖဲကြိုးနီဆု) ချီးမြှင့်လေ့ ရှိပါတယ်။ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးတွဲပေးတဲ့ ဆုပါ။ ဝါရှင်တန်ဒီစီမှာ အခု ကျင်းပနေတဲ့ 2012 နိုင်ငံတကာ AIDS ညီလာခံမှာ 2012 ခုနှစ်ရဲ့ ဖဲကြိုးနီဆု ချီးမြှင့်ခံရတဲ့ အထဲ မြန်မာနိုင်ငံက The Help ဆိုတဲ့ အဖွဲ့ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့် အောက်ခြေ လူထုကြားထဲ AIDS ပညာပေးရေး လုပ်နေတဲ့အဖွဲ့ကို အခုလို အသိအမှတ်ပြုခံရတာဟာ တိုင်းပြည်တွင်း ပညာပေးရေး လုပ်ငန်းတွေအတွက် အားဖြစ်စေတယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံက လူမှုရေးလုပ်ငန်းတွေ လုပ်နေသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

နိုင်ငံတကာ AIDS ညီလာခံကနေ ပေးတဲ့ ၂၀၁၂ ခုနှစ် ဖဲကြိုးနီဆုတွေမှာ အမျိုးအစားအလိုက် ခွဲပြီး ပေးတဲ့နေရာ the Help Myanmar အဖွဲ့ဟာ လိင်ကတဆင့် HIV ကူးစက်မှုကို ကာကွယ်ရေး လုပ်ငန်း လုပ်ဆောင်မှု ခေါင်းစဉ်အောက်မှာ ဆု ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အစော ပိုင်းက ထူထောင်ခဲ့တဲ့ ဒီအဖွဲ့ဟာ လိင်တူချင်း ဆက်ဆံသူတွေကို အဓိက ပစ်မှတ်ထား ပညာပေး ကူညီတဲ့အဖွဲ့ဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ ဘေးဖယ်ခံရတဲ့ ဒီလူတွေရဲ့အသံ၊ ဒီလူတွေရဲ့ ခံစားမှုတွေကို အများလူငါသိအောင် ဖော်ထုတ်ပေးတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆုကြေညာချက် မှာ ဖော်ပြထားပါတယ်။
ရည်မှန်းချက်ကတော့ HIV ရောဂါပိုး ကူးစက်ခံရတဲ့ လိင်တူချင်း စိတ်ဝင်စားသူတွေကို လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှု လျှော့ပါးလာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့လို့ ဆိုထားပါတယ်။

အခုလို မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေ အသိအမှတ်ပြုခံရတာဟာ မြန်မာနိုင်ငံတွင်း AIDS ရောဂါတိုက်ဖျက်ရေးလုပ်ကိုင်နေသူ လူမှုရေးလုပ်သားတွေအတွက် အားတတ်စရာပါလို့ AIDS ညီလာခံကို တတ်ရောက်နေသူတဦးဖြစ်တဲ့ ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်က ပညာသင်ဆုရထားတဲ့ ကိုအောင်မင်းသိန်းက ပြောပါတယ်။

“အဖွဲ့နာမည်က The Help ပေါ့နော်။ မန္တလေးမှာဖွဲ့ထားတာပေါ့။ MSM ပေါ့။ Men who have sex with men target population ကလေ။”

MSM ဆိုတာကရော လိင်တူချင်း ဆက်ဆံတဲ့ဟာကို ပြောတာလား။

“ဟုတ်ပါတယ်။”

အဲဒါကရော သူ့လှုပ်ရှားမှုက မြန်မာနိုင်ငံထဲမှာ ဘယ်လောက်ထိ အောင်မြင်မှုရှိပါသလဲ။ လူထုလက်ခံမှု ဘယ်လောက်ရှိပါလဲ။

“သူ့ရဲ့ base ကတော့ မန္တလေးမှာပေါ့နော်။ မန္တလေးမှာ လုပ်တဲ့အထဲမှာ self help group ပဲ ခေါ် ရမှာပေါ့။ Self Help Group ရဲ့ ခေါင်းဆောင်ပေါ့။ သူက လုပ်တာတော့ တော်တော်ကြာခဲ့ပြီပေါ့။ ၆ နှစ်၊ ၇ နှစ် ဝန်းကျင်လောက်တော့ ရှိခဲ့ပြီ။ သူက cover ဖြစ်တဲ့ ဧရိယာကတော့ တော်တော်ကြီး တယ်ပေါ့။ အဲဒီ Self Help Group အနေနဲ့ဆိုရင် မန္တလေးမှာ အကြီးဆုံးလို့ ပြောလို့ရတာပေါ့နော်။”

ကိုအောင်မင်းသိန်းတို့ကလည်း လက်ရှိ မြန်မာနိုင်ငံထဲမှာ လုပ်နေတယ်ဆိုတော့ အခုလိုမျိုး AIDS ညီလာခံတွေကနေပြီးတော့ မြန်မာနိုင်ငံကနေ အဖွဲ့အစည်းတွေတက်လာတယ်။ တချို့လည်း ခုနပြောသလို Red Ribbon Award လိုဆုတွေရတယ်။ ဒီလို အခြေအနေမျိုးတွေက အထဲမှာ လုပ်တဲ့ကိစ္စတွေအတွက် ဘယ်လောက်ထိ အထောက်အပံ့ဖြစ်သလဲ ခင်ဗျ။

“ကျနော်တို့အနေနဲ့ကတော့ပေါ့နော်-community မှာ လုပ်တဲ့ဟာလေးကို ကမ္ဘာက သိအောင် ပြဖို့ လည်း လိုအပ်တယ်ပေါ့နော်။ ဒီကိုလာရခြင်းအားဖြင့် ကျနော်တို့အတွက်ကတော့ အရမ်းထူးခြားတဲ့ ပွဲလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်တွေက ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်နိုင်ငံမှာပဲ လုံးလည်ချာလည်လိုက်ပြီး လုပ်နေကြရတာ။ ဒီလိုမျိုး ပွဲတွေ လုပ်လိုက်တဲ့အခါကျတော့ ကျနော်တို့ ဘာတွေလုပ်နေတယ်၊ ဘာတွေ လိုအပ်တယ်ဆိုတာ ဒီမှာ ပြောခွင့်ရတယ်ပေါ့နော်။ နောက် တချက်ကတော့ သူများတွေက ဘာလုပ်နေလဲ၊ ဘယ်လိုလုပ်နေလဲဆိုတာ လေ့လာခွင့်ရတာပေါ့။ တကမ္ဘာလုံးက ဒီမှာလာပြီးတော့ sharing လုပ်ကြတာဆိုတော့။ ဒီလိုပွဲတွေကတော့ နောက်ထပ် လည်း များများလုပ်ဖို့ လိုတယ်လို့ ယူဆတာပဲ။”

ဒီ ဆုကိုတော့ အခု ဇူလိုင် ၂၅ ရက်နေ့ အမေရိကန်စံချိန် နေလည်ပိုင်းမှာ AIDS ညီလာခံ ကျင်းပ နေစဉ်အတွင်း ဆုချီးမြှင့်မှာဖြစ်ပြီး the Help Myanmar အဖွဲ့ရဲ့ တာဝန်ခံ သက်မွန်ဖြိုးက တက်ရောက် လက်ခံယူမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်း ပြောဖို့ရှိပါတယ်။ ဒီမတိုင်ခင်မှာတော့ AIDS ညီလာခံအတွင်း ဆွေးနွေးမှုတခုဖြစ်တဲ့ လိင်ကတဆင့် HIV ကူးစက်မှုနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးပွဲမှာ The Help Myanmar ကလည်း ပါဝင် ဦးဆောင် ဆွေးနွေးဖို့ ရှိနေပါတယ်။
XS
SM
MD
LG