သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာရွေးကောက်ပွဲ နိုင်ငံတကာ လုပ်ငန်းရှင်တွေ စောင့်ကြည့်


နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် မြန်မာ့ လွှတ်တော် ရွေးကောက်ပွဲတွေ အပေါ် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတို့ စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက် ပေးနိုင်တဲ့ နိုင်ငံ တခု ဖြစ်တယ်ဆိုတာကို အခု ရွေးကောက်ပွဲတွေမှာ အစိုးရဘက်က ဘယ်အတိုင်းအတာ ပွင့်လင်းမြင်သာမှု ရှိရှိ၊ တည်တည်ငြိမ်ငြိမ် တာဝန်ယူ ကျင်းပနိုင်မလဲ ဆိုတာနဲ့ ဆုံးဖြတ်နိုင်ဖို့လည်း မျှော်လင့်နေကြတာပါ။ Reuters သတင်းတပုဒ်ကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲလို့ တင်စားရမယ့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေဟာ မြန်မာ့ စီးပွားရေး အပေါ်မှာပါ သက်ရောက်မှု ကြီးကြီးမားမား ရှိလာမယ့် အလားအလာ ရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် စီးပွားရေး သမားတွေက ရွေးကောက်ပွဲ ရလဒ်ကိုဘဲ စိတ်ဝင်စားတာ မဟုတ်ပါဘူး။လူနည်းစုတွေ ၊ နိုင်ငံရေး ပါတီတွေနဲ့ မူဆလင်တွေ အပေါ် ခွဲခြား ဖိနှိပ်ပြီး မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ လာမယ့် ရွေးကောက်ပွဲကို အစိုးရဘက်က ဘယ်လို ကိုင်တွယ်သလဲ ဆိုတာကိုပါ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဂျပန် ပြည်ပ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့ JETO ရဲ့ ရန်ကုန်ရုံးခွဲဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Hirokazu Yamaoka က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံဟာ တည်ငြိမ် အေးချမ်းတဲ့ နိုင်ငံဖြစ်ပြီး ပြဿနာ တစုံတရာ မရှိဘူးဆိုတာကို ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေကို သက်သေပြနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတဲ့ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ရလဒ်တွေက ဂျပန်တို့ရဲ့ ပြင်ဆင်မှုတွေကို သက်ရောက်မှု မရှိဖို့ မျှော်လင့်ပါတယ်။”

၁၉၈၈ ကျောင်းသား အရေးတော်ပုံ နောက်ပိုင်း ၁၉၈၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာကို ဂျပန် အစိုးရ စာရင်းတွေက ဖော်ပြကြပါတယ်။ ဒီကာလတွေ အတွင်း မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံကြသူတွေကတော့ တရုတ်က ၂၉ ရာခိုင်နှုန်း၊ ထိုင်းက ၂၀ ရာခိုင်နှုန်းနဲ့ စကာၤပူက ၁၄ ရာခိုင်နှုန်း ရှိနေတာပါ။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု နှေးကွေးလာနေမှုနဲ့ ဒီလပိုင်းတွေ အတွင်း နိုင်ငံတဝန်း ရေဘေးဒဏ်ကြောင့် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ကမ္ဘာ့ဘဏ်က မူလက ၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားတာကနေ တိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းလောက်ဘဲ ရှိတော့မယ်လို့ မကြာသေးခင်ကဘဲ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေး လုပ်ဖို့ အခက်ခဲဆုံး တိုင်းပြည်တခုဖြစ်ပြီး အဆင့် ၁၁၇ မှာ ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က သတ်မှတ်ပါတယ်။

အစိုးရရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ၊ ဘဏ်စည်းမျဉ်းစည်းကမ်းတွေ မရှင်းမလင်း ဖြစ်နေတာနဲ့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီးတို့လို အခြေခံ အဆောက်အဦတွေ အားထားရလောက်အောင် မရှိတာတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းသစ် လုပ်ဖို့ ဆိုတာ အခက်အခဲမျိုးစုံ ရှိနေတာပါ။
ဒါ့အပြင် ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေကြောင့်လည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံကြရေးမှာ လက်တွန့်နေကြတာ ဖြစ်ပါတယ်။ဘန်ကောက်မြို့တော်က Mahasarakham တက္ကသိုလ်က မြန်မာ့အရေး ပို့ချသူ Lalita Hanwong ကတော့ ဘယ်လို အခြေအနေမျိုးဘဲ ဖြစ်ဖြစ် အကျိုးအမြတ်ကိုဘဲ မျှော်ကိုးတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဆက်ပြီး ရှိနေဦးမယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေ ဘာဘဲ ဖြစ်နေ ဖြစ်နေ ရင်းနှီးမြှုပ်နှံသူတွေကတော့ အကျိုးအမြတ် များတာကြည့်ပြီး ဝင်နေဦးမှာလို့ ကျမက ထင်ပါတယ်။ ပဋိပက္ခတွေနဲ့ နိုင်ငံရေး အငြင်းပွားမှုတွေက မြန်မာ့ မြို့ကြီးတွေမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ အများစုက ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်နေတာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို မျက်စိကျစေတဲ့ အချက်က သဘာ၀ သယံဇာတ ပေါကြွယ်တာနဲ့ လုပ်အားခ ဈေးသက်သာတာဘဲ ဖြစ်ပါတယ်။”

ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အပြောင်းအလဲ တခုကို ပြင်းပြင်းထန်ထန် လိုချင်နေကြတာပါ။ ရန်ကုန်မြို့က လက်ဝတ်ရတနာ အရောင်းဆိုင်က ကိုအောင်နိုင် ပြောတာကတော့

“အစိုးရပဲအနိုင်ရသွားမယ်ဆိုရင်တော့ ကျနော်တို့ကတော့ စီးပွားရေးကို နည်းနည်း လှုပ်လှုပ်ရွရွဖြစ်လာလိမ့်မယ်လို့တော့ ယူဆတယ်။ နဲနဲလေးပြန်ထပ်ကြလာနိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဟုတ်ကဲ့လက်ရှိမှာ သူတို့လူနဲ့ပဲ သူတို့ စိုးမိုးထားတာဆိုတော့ ကျလာမယ်လို့တော့ ကျနော်ထင်တယ်။”

ဆိုင်ရှင် မနုနုတင်ကလည်း သယံဇာတ ပေါပြီး ဆင်းရဲနေတဲ့ နိုင်ငံအတွက် သင့်တော်တဲ့ စီးပွားရေးဆိုင်ရာ စနစ်တခု လိုတယ်လို့ ဆိုပါတယ်။

“စီးပွားရေးကောင်းလာဖို့ကို အမျှော်လင့်ဆုံးပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်က like a poor country. Many nature resources တွေရှိပေမယ့်လည်း ဆင်းရဲတဲ့နိုင်ငံဖြစ်နေတာပေါ့နော်။ အဲတော့ စီးပွားရေး ကောင်းမှပဲ အားလုံးအတွက် ကောင်းမှာပေါ့နော်။”

မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ လက်ရှိ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့ကြား မဲဆန္ဒနယ် အများစုမှာ အဓိက ယှဉ်ပြိုင်ကြရမယ့် အနေအထားမှာ ရှိနေတာပါ။ အခု ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလမှာတော့အတိုက်အခံ NLD ပါတီကတော့ လူကြိုက်များလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် လွှတ်တော်နေရာ အများစုကို အနိုင်ရနိုင်ခြေပိုများနေတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ ရလဒ်အပေါ် မကျေနပ်လို့ စစ်တပ်က နိုင်ငံရေးမှာ ပိုပြီး ကြားဝင်လာမယ့် အရေး၊ ဆန္ဒမဲပေးတာမှာ မမှန်မကန်မှုတွေနဲ့ လူထုကြား မကျေမနပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်ခြေ အပေါ်မှာ စောင့်ကြည့်သူတွေ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG