သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လူ့အခွင့်အရေး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်စဉ်။ (၀၄-၁၉-၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လူ့အခွင့်အရေး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်စဉ်။ (၀၄-၁၉-၁၃)။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်း လဲရေး ဆက်ပြီး လုပ်သွားမဲ့ပုံရပေမဲ့ စိန်ခေါ် မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါ တယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီးကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံအလိုက်လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်တာမှာ ၂၀၁၂ ခုနှစ်အတွက် လူ့အခွင့်အရေး အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့ နိုင်ငံတွေမှာ အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို အစီရင်ခံစာ ထုတ်ပြန်ပွဲ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံကို ဥပမာပေးပြီး ခုလိုပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာပြီး လူ့အခွင့် အရေးကိုလည်း အရင်ကထက် လေးစားလာတဲ့အတွက် အရင်က အထီး ကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အခု တိုးတက်မှုတွေ ရှိလာပါပြီ။ ကျနော် တို့ ရောက်စေချင်တဲ့ အခြေအနေရောက်ပြီလားဆိုရင်တော့ မရောက်သေးပါဘူး၊ သွားတော့သွားနေပါတယ်။ လူတွေပိုပြီး စီးပွားရေး လုပ်လာနိုင်ကြတယ်။

အစိုးအဖွဲ့ထဲမှာ ပိုပြီးပါဝင်လာနိုင်ကြတဲ့ အတွက် မြန်မြန်ဆန်ဆန်နဲ့ စီးပွားရေး တိုးတက်မှု၊ ဖွံ့ဖြိုး တိုးတက်မှုလမ်းဆီကို ဦးတည်နေပါ တယ်။ နိုင်ငံတကာက စံထားတဲ့ လူ့အခွင့်အရေးတွေ ကို မြန်မာခေါင်းဆောင်တွေ စတင် ကျင့်သုံးလာတဲ့ အတွက် အိမ်နီးချင်း နိုင်ငံတွေတင် မက တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို လမ်းဖွင့်ပေးရာရောက်ခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စု ဖြစ်စေချင်တဲ့ အခြေအနေကို မရောက်သေး တဲ့ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေကိုလဲ နိုင်ငံခြားရေးဝန်ကြီး Kerry က ထောက်ပြခဲ့ပါတယ်။

“စိန်ခေါ်မှုတွေ အများကြီး ရှိနေပါသေးတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို အမြစ်ဖြတ်ပစ်ရပါမယ်။ အဖမ်းခံနေရဆဲ နိုင်ငံရေး အကျဉ်းသားတွေကို ပြန် လွှတ်ပေးဖို့ လိုပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ က ဒီမိုကရေစီအကြောင်း ရေးသားခဲ့တဲ့ စာရေးဆရာကြီး de Tocqueville ပြောခဲ့ သလို အများကောင်းကျိုးအတွက် စိတ်ထားတွေ မွေးမြူ ပြင်ကြဖို့ ဘယ်လောက် အချိန်ပေးဖို့လိုသလဲ ဆိုတာကို ပြန်ပြောင်းသတိရစေပါတယ်။ ဒါပေမဲ့ ပြည်သူ အားလုံးရဲ့အခွင့်အရေးကို မြန်မာခေါင်းဆောင်တွေ ဆက်ပြီး ကာကွယ် မြှင့်တင်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ကတိပေးထား သလို ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်ပြီးသွားမဲ့အနေအထားမှာ ရှိပါတယ်။”

နိုင်ငံတွေရဲ့ အနာဂါတ်ကို ပုံဖော်တဲ့နေရာမှာ လူ့အခွင့်အရေးအခြေဟာ အဓိက သော့ချက်တခုဖြစ်တယ်ဆိုတာကိုလည်း ဝန်ကြီး Kerry က လူ့အခွင့် အရေးအစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုတာဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတခု ဖြစ်ပြီး အစိုးရတိုင်းမှာ ဒီအခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရမဲ့ တာဝန်ရှိတယ်ဆိုတာကိုလည်း ထပ်ပြီး သတိပေးခဲ့ပါတယ်။ ဒီပွဲမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက ဆောင်ရွက်မှုတွေဟာ အားတက်စရာဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ ကိစ္စ၊ ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်မျှတတယ်လို့ ဆိုနိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ လွှတ်တော်အမတ်တွေဖြစ်လာတဲ့ကိစ္စ၊ သတင်း လွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးခဲ့တဲ့ကိစ္စတွေကို ဥပမာပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့လိုနေသေးတဲ့ကိစ္စတွေကိုလဲ လက်ထောက်ဝန်ကြီး Zeya ကခုလို ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အာဏာပြအုပ်ချုပ်တဲ့ပုံစံတွေဟာ ရှိနေဆဲဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးပြောခဲ့သလိုပါပဲ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက လူမှု အသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုက အင်မတန်စိုးရိမ်ပါတယ်။”

နိုင်ငံပေါင်း ၁၉၉ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ရေးသားထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၂ ခုနှစ် အတွင်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေကြောင့် လူ့အခွင့် အရေးအခြေအနေတွေဟာ သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ ထို့အတူပဲ၊ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။ တချို့အကျဉ်းသားတွေနဲ့ ထိန်းသိမ်းခံထား ရသူတွေအပေါ်မှာ မတရား အနိုင်ကျင့်မှုတွေ လုပ်နေဆဲဖြစ်သလို တချို့ အကျဉ်းသားတွေကို အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အနေအထားမျိုးမှာ ထားတာ၊ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ အရပ်သားတွေရဲ့ လုံခြုံရေးကို အစိုးရက ကာကွယ်မပေးနိုင်တာတွေကိုလဲ ဒီအစီရင်ခံစာထဲမှာပဲ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၂ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာ မှာ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ၊ အစိုးရတွေ အဂတိလိုက်စားတဲ့ ကိစ္စတွေ၊ အလုပ်သမားအခွင့်အရေး အခြေ အနေတွေနဲ့ အမျိုးသမီး အခွင့်အရေး ကိစ္စတွေကို အရင်နှစ်တွေထက် ပိုပြီး ထဲထဲဝင်ဝင် ဖော်ပြထားတာကို တွေ့ ရပါတယ်ရှင်။
XS
SM
MD
LG