သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တိုက်တွန်း


မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ထိုင်းရေတပ်က မလေးရှားနိုင်ငံကို ခိုးထုတ်ပေးပြီး လူမှောင်ခိုကူးမှု လုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ ရိုက်တာသတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရေးတယူ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနယ်စပ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလုံနေကြတဲ့ ဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံနေရသူတွေရဲ့ လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားရမယ့် အခြေအနေ ဖြစ်နေတဲ့ အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝှမ်း လူကုန်ကူးမှုလုပ်ငန်းများဆိုင်ရာ နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာလည်း ခုလို လူမှောင်ခိုကူးမှု ကိစ္စတွေနဲ့ပတ်သက်လို့ တင်ပြထားတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

လူကုန်ကူးမှုလုပ်ငန်းတွေမှာ ထိုင်းအစိုးရပိုင်းက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ အပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အခုထက်ပိုပြီး တိုးမြှင့် ဆောင်ရွက်သွားဖို့ ထိုင်းအစိုးရကို တိုက်တွန်းထားတယ်လို့လည်း နိုင်ငံခြားရေးဌာ ပြောခွင့်ရက ပြောသွားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို စောင့်ကြည့်ရမယ့် နိုင်ငံတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG