သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန် ဦးစားပေးဆောင်ရွက်မည်


 Clinton Global Initiative ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားနေသည့် သမ္မတအိုဘားမား။ (၀၉၊ ၂၅၊ ၂၀၁၂။)
Clinton Global Initiative ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားနေသည့် သမ္မတအိုဘားမား။ (၀၉၊ ၂၅၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မနေ့ အင်္ဂါနေ့က မိန့်ခွန်းပြောကြားအပြီး ကုလသမဂ္ဂဌာနချုပ်မှာပဲ ကျင်းပတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ချပြခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာပဲ မြန်မာနိုင်ငံ က ပြောင်းလဲတိုးတက်လာနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ချီးကျူးပြောခဲ့သလို အဓမ္မ လုပ်အားပေးစေခိုင်းမှုနဲ့ ကလေးစစ်သားပြဿနာ ကိစ္စရပ်တွေကိုလည်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် သူ ဆွေးနွေး ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြော ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Dan Robinson ပေးပို့ ထားတဲ့ ဆောင်းပါးကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားက ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ Clinton Global Initiative ဆွေးနွေးပွဲမှာ လူမှောင်ခိုမှု တိုက်ဖျက်ရေး ကြိုးပမ်းမယ့် အစီအစဉ်သစ်တွေကို ကြေညာခဲ့ပြီး လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ကြီးမားတဲ့ လူ့အခွင့်အရေးကိစ္စရပ် တခု အဖြစ် ရည်ညွှန်းပြီး ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ မရှိသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“လူသားမျိုးနွယ်အတွက် ဒီကိစ္စဟာ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ လုပ်ရပ်ပါ။ လူမှုအသိုင်းအဝိုင်းတိုင်းက စိုးရိမ်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ လူမှုအသိုင်းအဝိုင်းဆိုတဲ့ ဇာပုဝါကို ဆုတ်ဖြဲနေလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာလည်း စိုးရိမ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ဈေးကွက်မှာ အနှောင့်အယှက် ဖြစ်တတ်လို့ပါ။ တိုင်းပြည်တိုင်းက စိုးရိမ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြု နေသလို အကြမ်းဖက် မှုတွေ ရာဇဝတ်ဂိုဏ်းတွေကိုလည်း အားပေးရာ ရောက်နေပါတယ်။ ကျနော်ပြောနေတာဟာ တရားမျှတမှု ကင်းမဲ့နေတဲ့အကြောင်းနဲ့ လူမှောင်ခိုကူးမှုဟာ ဒီကနေ့ခေတ် ကမ္ဘာကြီးရဲ့ ကျေးကျွန်လုပ်ငန်းလို့တောင် တကယ်တမ်း ခေါ်ရမယ့် ကိစ္စကို ပြောနေတာပါ။”

သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရရဲ့ ကန်ထရိုက် ငှားရမ်းခိုင်းစေတဲ့ ဝန်ထမ်းတွေဟာ အဓမ္မ လုပ်အားပေးစေခိုင်းမှု တွေနဲ့ ဆက်နွယ်မှု မရှိရလေအောင် ပိုမိုတင်းကြပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ သမ္မတရဲ့ အာဏာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လူမှောင်ခိုကူးမှုတွေကို ထောက်လှမ်းနိုင်ဖို့နဲ့ သားကောင်ဖြစ်ကြရသူတွေကို ကူညီဖို့ အစိုးရတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို လေ့ကျင့် သင်ကြားပေးဖို့ ကိစ္စတွေကိုလည်း သမ္မတက သူ့ရဲ့ အစီအစဉ်သစ်မှာ ထည့်သွင်းထားတာပါ။ ဒါ့အပြင် သားကောင် ဖြစ်ကြရသူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ကြဘူးလို့လည်း သမ္မတက အလေးထားပြောသွားပါတယ်။

လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ကြရသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှုလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နိုင်မယ့် မဟာဗျူဟာတရပ်ကို အကောင်အထည် ဖော်မယ့် အစီအစဉ်ကိုတော့ သမ္မတက အထူးတာဝန်ပေးထားတဲ့ အဖွဲ့ကနေ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အစီအစဉ်သစ်တွေနဲ့ပတ်သက်လို့ ပြောဆိုရာမှာလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားကိစ္စတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတဦးအဖြစ် မကြာသေးခင်တုန်းကမှ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတအိုဘားမား က ရည်ညွှန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ဆက်နိုင်အောင် ကျနော်တို့ အားပေးသွား မှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ဆိုတာဟာ တသံတည်း တညီတညွတ်တည်း ရှိဖို့လိုနေလို့ပါ။ ကျနော်တို့ သားသမီး တွေဟာ ရောင်းကုန်တွေ မဟုတ်ကြပါဘူး”

မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ စီမံချက် UNIAP ရဲ့ စီမံချက်ညှိနှိုင်းရေးမှူး မဥမ္မာ အိအိချော ကတော့ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ လူကုန်ကူးမှု အခြေအနေနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ပိုများလာတာဟာ တိုးတက်မှု လက္ခဏာတရပ်ဖြစ်ပြီး အစိုးရအနေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်ဆောင် နေတာ တွေ့ရပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေဆဲလို့ အခုလို ပြောဆိုခဲ့ပါတယ်။

“လူကုန်ကူးမှုရဲ့ သဘောသဘာဝအရပေါ့နော် လျော့သွားလား၊ တိုးသွားလား ဆိုတာကတော့ ပြောရ ခက်တာပေါ့။ မနှစ်ကကျတော့ တနှစ်လုံးမှာ ၁၃၆ မှု ရှိတယ်။ ဒီနှစ်မှာကျတော့ အခုအချိန်ထိကတော့ ၈၂ မှု ရှိတယ်ဆိုတော့လေ အမှု အရေအတွက်နဲ့ကတော့ တိုးသွားခြင်း၊ လျော့သွားခြင်း က သိပ်ပြီး မကွာတာကို တွေ့ရပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ကျမ ထင်ပါတယ် အထူးသဖြင့်တော့ တရားဥပဒေ စိုးမိုးရေးအပိုင်း၊ ပြီးတော့ ဒီလိုမျိုးကိစ္စတွေမှာ ဝန်ထမ်းတွေရဲ့ အသိအမြင်တွေ ပိုရှိလာဖို့ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေနဲ့ ကိုယ့်ရဲ့ တာဝန်ယူမှုတွေကို ဒီ့ထက် ပိုပြီးတော့မှ တိုးမြှင့်လာဖို့က အဓိက လိုအပ်မယ်လို့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လူမှောင်ခိုမှုတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ဦးဆောင်သွားမှာဖြစ်တယ်လု့ိ ကတိပြုရင်း သမ္မတအိုဘားမားက ကွန်ဂို၊ အင်ဒိုနီးရှားနဲ့ အမေရိကန်က လူမှောင်ခိုမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်သူ အမျိုးသမီး ၃ ဦးကိုလည်း အသိအမှတ်ပြု ချီးကျူးစကားပြောဆိုသွားပါတယ်။

သန်းနဲ့ချီရှိနေကြတဲ့ လူမှောင်ခို ကူးခံရသူတွေအတွက် သတင်းစကား အဖြစ်နဲ့လည်း ဒီလူတွေကို ရှာဖွေ ကူညီရင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်အောင် ကူညီမယ်လို့လည်း ကတိပြု ပြောဆို သွားခဲ့ပါတယ် ရှင်။
XS
SM
MD
LG