သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ဆက်ဆံရေး သြစတြေးလျ တိုးမြှင့်သွားမည်


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်တို့ တွေ့ဆုံစဉ် (၁၈ မတ် ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်တို့ တွေ့ဆုံစဉ် (၁၈ မတ် ၂၀၁၃)
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် သြစတြေးလျနိုင်ငံက စစ်ဘက် ထောက်ပံ့မှု ကန့်သတ်ချက်တွေ လျှော့ချပေးမှာ ဖြစ်သလို ကူညီထောက်ပံ့ မှုတွေနဲ့ ဆက်ဆံမှုတွေ တိုးလုပ်သွားဖို့ ရှိတယ်လို့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) က ပြောကြားလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်း တနင်္လာနေ့က သြစတြေးလျ လွှတ်တော်မှာ ဝန်ကြီးချုပ် ဂေးလဒ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး သြစတြေးလျနိုင်ငံကို ပထမဆုံး မြန်မာခေါင်းဆောင်အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန် သွားရောက်တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်ကို တနင်္ဂနွေနေ့က ရောက်လာတာဖြစ်ပြီး တနင်္လာနေ့မှာတော့ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက အခုအခါမှာ မြန်မာနိုင်ငံနဲ့ မိတ်ဆွေအဖြစ် ဆက်ဆံသွားဖို့ အဆင်သင့် ရှိနေပြီလို့ ဝန်ကြီးချုပ် ဂေးလဒ် က သြစတြေးလျ လွှတ်တော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံသားအားလုံး လူ့အခွင့်အရေး အပြည့်အ၀ ရအောင်နဲ့ ၊ အမျိုးသား ပြန်လည်သွေးစည်းရေးအပြင်၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်ပြီး ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရတရပ်အတွက် အားပေးကူညီဖို့ သြစတြေးလျနိုင်ငံအနေနဲ့ မိတ်ဆွေအဖြစ်နဲ့ အသင့်ရှိနေပါတယ်။ မိတ်ဆွေအဖြစ်ရှိတယ် ဆိုတာကို စကားအဖြစ်နဲ့ပဲ ပြောနေတာမဟုတ်ဘဲ လက်တွေ့ အကူအညီတွေ ပေးဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးကတည်းက နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်လာတာမို့ နိုင်ငံတကာက ပြန်ပြီး ကြိုဆိုလာကြသလို၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ပါ စိတ်အားထက်သန်လာကြတာပါ။

မြန်မာနိုင်ငံကို သြစတြေးလျနိုင်ငံလို ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု အဖြစ်နဲ့ ပြောင်းလဲဖို့ လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

“မြန်မာနိုင်ငံကိုလည်း သြစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှု ရှိရှိနဲ့ ဒီမိုကရေစီ ထွန်းကားပြီးတော့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက် ကျနော့်အနေနဲ့ စိတ်ရင်းစေတနာ မှန်မှန်နဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံအနေနဲ့ သြစတြေးလျနိုင်ငံကို နမူနာယူပြီး လေ့လာစရာတွေ အများကြီးရှိပါတယ်။ သြစတြေးလျနိုင်ငံကလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီးအတွက် လိုအပ်တာတွေ ကူညီထောက်ပြပေးစရာတွေကို ကူညီပေးနိုင်မယ်။ အတွေ့အကြုံတွေကို ဖလှယ်ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီကနေ့အချိန်ဟာ ဆိုရင် သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား မိတ်ဖက်ဖြစ်မှု ရင်းနှီးချစ်ကြည်မှုတွေ အတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်တဲ့ အချိန်တခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကမ္ဘာမှာ မကြုံဘူးအောင် ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်တာမို့ စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး မိတ်ဆွေတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဒီကနေ့ ကမ္ဘာကြီးမှာ မကြုံဖူးသေးတဲ့ သုံးပွင့်ဆိုင် အပြိုင် ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုလိုချင်ပါတယ်။ ကျနော်တို့နိုင်ငံ စစ်အုပ်ချုပ်ရေးစနစ်ကနေပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေတဲ့ တပြိုင်နက်ထဲမှာပဲ နှစ်ပေါင်း ၆၀ ကြာခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိစေဖို့၊ ဗဟိုချုပ်ကိုင်မှုနဲ့ အထီးကျန် ခေတ်နောက်ကျခဲ့တဲ့ စီးပွားရေးစနစ်ကနေ ပြည်သူတွေအားလုံးကို ဆင်းရဲတွင်းကနေပြီးတော့ ကယ်ထုတ်နိုင်ဖို့၊ ခေတ်မှီ စီးပွားရေးစနစ်တခု ဖြစ်ပေါ်လာစေဖို့ အလွန်အရေးကြီးတဲ့ လုပ်ငန်းကြီး သုံးခုကို တပြိုင်နက်တည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေကြရတာ ဖြစ် ပါတယ်။”

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ဖို့၊ စီးပွားရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ အခြေခံ အဆောက်အအုံတွေ ခိုင်မာလာစေဖို့အတွက် အထောက်အကူ အဖြစ် ဒေါ်လာသန်း ၂၀ ပေးအပ်မှာ ဖြစ်တဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေပါ ပေးအပ်ဖို့ ရှိတယ်လို့လည်း ဝန်ကြီးချုပ် ဂေးလဒ် က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တချို့ကိုပါ ရုပ်သိမ်းပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက် ကိုတော့ ရုပ်သိမ်းပေးမှာမဟုတ်ဘဲ စစ်ဘက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ ငြိမ်းချမ်းရေး ထိန်းတပ် အကူအညီလိုမျိုး စစ်ဘက် ဆက်ဆံမှုတွေအတွက် ကန့်သတ်ချက်တွေကိုတော့ ရုပ်သိမ်းဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ လုပ်ဖို့ ဒီကနေ့ ပထမခြေ လှမ်း စလှမ်းလိုက်ပါပြီ။ ပုံမှန် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုအထိ အပြည့်အ၀ မရောက်သေးပေမဲ့ ဒါဟာ အရေးပါတဲ့ ပထမ ခြေလှမ်းတရပ် ဖြစ်တာမို့ နောင်မှာ စစ်ရေး လေ့ကျင့်တာအပါအဝင် ဆက်ဆံရေးတွေ တိုးလုပ်သွားဖို့ ဖြစ်လာနိုင်ပါတယ်။”

လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက်ကို ဆက်ပြီးထားရှိမှာဖြစ်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံ မှာရှိတဲ့ သြစတြေးလျသံရုံးအတွက် စစ်သံမှူးတဦးကို ခန့်ထားဖို့ရှိတယ်လို့ ပြော ပါတယ်။
XS
SM
MD
LG