သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ


လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဒေသစံတော်ချိန် တနင်္ဂနွေမနက်ပိုင်းကစပြီးတော့ ထွက်ခွာလာခဲ့တဲ့ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။ သူဟာ အရင် အာဏာရှင် စစ်အစိုးရလက်ထက်ကတင်မဟုတ်ဘဲ အခုလက်ရှိ ရာထူး ထမ်းဆောင်စဉ် ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အလားတူပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကျဉ်းချတာတွေ ခြိမ်းခြောက်တာတွေ တွေ့ရပြီး လွန်ခဲ့တဲ့ တလအတွင်းမှာပဲ လူ ၇၀ ကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

သမ္မတရဲ့ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း အပါအဝင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိတာမို့ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ ပေးနိုင်ဖို့ ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးလည်း Burma Campaign UK က Mark Farmaner က အခုလို ဆက်ပြောပါတယ်။

“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ သင်တန်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ သင်တန်းပေးရာမှာ လူ့အခွင့်အရေးကို အားပေးမယ်ဆိုပေမဲ့ အခုလို သင်တန်းပေးရင် ငါးစားနေတဲ့ ငါးမန်းကို ငါးမစားတော့အောင် သင်တန်းပေးသလို ဖြစ်နေမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတာ စစ်တပ်ကဖြစ်လို့ ဒီချိုးဖောက်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသရွေ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းနဲ့ ဝန်ကြီးချုပ် အိမ်တော် အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံကြဖို့ ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ကချင်အမျိုးသားအစည်းအရုံးနဲ့အတူ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒေါင်းနင်းလမ်းဆန္ဒပြပွဲမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ကချင်အမျိုးသား အစည်းအရုံးက Mr Ring Du Lachyung က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“International Community သုံး လေးဖွဲ့ ရှိပါတယ်။ ရှမ်း ethnic၊ ကရင် ethnic တို့ တခြား ဒီ တိုင်းရင်းသား ethnic တွေကိုရော ကျနော်တို့ ဖိတ်စာပို့တယ်။ သူတို့ကိုယ်တိုင် လာပါဝင်မှ ကျနော်တို့ ဒီမှာ သမ္မတ ဦးသိန်းစိန် အဝင်အထွက် အားလုံး စည်းဝေးပြီးတဲ့အထိ ကျနော်တို့ အဲ့ဒီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။”

ဗြိတိသျှဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကချင်အမျိုးသား အစည်းအရုံးနဲ့ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေချိန်မှာပဲ ဗြိတိသျှပါလီမန်ရှေ့မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ UK ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဖို့ အင်တာနက် အွန်လိုင်းကနေ လက်မှတ် တစ်သန်း ရရှိတယ်လို့ဆိုတဲ့ AVAAZ အဖွဲ့နဲ့အတူ Burmese Rohingya Organization UK တို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Burmese Rohingya Org UK ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Ahamed Jarmal က ဗြိတိန်အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို အခုလို အရေးတယူနဲ့ ကြိုဆိုတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြကြရခြင်းဟာ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အသိပေးလိုတဲ့အတွက် ဖြစ်ပါတယ်။ သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်။”

တနင်္လာနေ့ ညနေပိုင်း Chatham House မှာလည်း UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး မြန်မာအစိုးရအဖွဲ့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက နိုင်ငံခြားရေးတာဝန်ခံ မခိုင်ထောင် က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG