သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် Boao ဖိုရမ် တက်ရောက်


Boao Forum မှာ တက်ရောက်စကားပြောကြားနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ (ဧပြီလ ၇ ရက်၊ ၂၀၁၃)။
Boao Forum မှာ တက်ရောက်စကားပြောကြားနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ (ဧပြီလ ၇ ရက်၊ ၂၀၁၃)။
အရှေ့နဲ့အနောက် အာရှနိုင်ငံတွေကြား ကူးလူးဆက်ဆံရေးမှာ ပထဝီအနေအထားအရ အရေးပါတဲ့ အနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံက ဒေသတွင်းဖွံ့ဖြိုးရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တရုတ်နိုင်ငံ ဟိုင်နန်မှာ ကျင်းပတဲ့ ဘိုအောအစည်းအဝေး (Boao Forum) ပြောကြားခဲ့ပါတယ်။ သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံမှာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဟိုင်နန်မှာ သုံးရက်ကြာကျင်းပတဲ့ ဘိုအောဖိုရမ် အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကနေ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

“မြန်မာအစိုးရအနေနဲ့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုကို ထိန်းထားနိုင်ရေး အပါအဝင် ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေသလို ထင်သာမြင်သာရှိပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့နဲ့အနောက် အာရှနိုင်ငံတွေကြား ကူးလူးဆက်ဆံရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ အနေအထားမှာ ရှိနေတာမို့ တိုးတက်လာမယ့် မြန်မာနိုင်ငံကနေ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ သောကြာနေ့ညနေကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန်လေးစားမှုနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားဖို့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ စနေနေ့မှာ တရုတ်နိုင်ငံ CNMM သတ္ထုတွင်း ကုမ္ပဏီအကြီးအကဲ၊ North Petrol Chemical Corporation ဥက္ကဋ္ဌ တို့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့အပြင် ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ အဖွဲ့ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

လက်ရှိတည်ဆောက်နေတဲ့ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ကနေ ယူနန်အရောက် ပိုက်လိုင်းသွယ်တန်းတဲ့ကိစ္စ၊ နီကယ်နဲ့ ကျောက်မီးသွေးတူးဖော်ရေး ကိစ္စတွေအပြင် လျှပ်စစ်ဓာတ်အား စီမံကိန်းဆိုင်ရာတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ လောလောဆယ် အဆင်မပြေတာတွေ ရှိနေပေမဲ့ သေနင်္ဂဗျူဟာ မဟာမိတ်စာချုပ် ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ သိပ်ပြီး ဆိုးဆိုးရွားရွား မရှိလှဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။ အခု တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ဘိုအော ဖိုရမ်ကို မြန်မာနဲ့ အာရှနိုင်ငံ အတော်များများအပြင် အမေရိကန်နိုင်ငံက ကိုယ်စားလှယ်ပါ တက်ရောက်လာတာတွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“အာဆီယံနိုင်ငံ ၁၀ နိုင်ငံလုံးလည်း တက်တယ်။ နောက်ပြီးတော့ ကာဇက်စတန် တို့၊ ပါကစ္စတန်တို့၊ အိန္ဒိယတို့ အဲဒီလိုနိုင်ငံတွေလည်း တက်တယ်။ သြစတြေးလျတို့ နယူးဇီလန်တို့ အဲဒီဘက်ကနိုင်ငံတွေလည်း တက်တယ်။ အဓိက က အာရှတိုက်ကပေါ့လေ။ အတော်များများ တက်ကြတယ်။ မဟာသီရာ တို့ဘာတို့ ရှိစဉ်ကတည်းက သူတို့ကို အာရှတိုက်ရဲ့ အီးယူလိုဖြစ်အောင်ပေါ့။ Asia union လိုဖြစ်အောင် သူတို့စပြီး စီးပွားရေးအရ ပေါင်းစည်းနိုင်အောင်ဆိုပြီးတော့ လုပ်ကြတာ။ အဲဒီကနေ နိုင်ငံအချင်းချင်းကနေ Free Trade လုပ်ကြတယ်။ အချင်းချင်း သူတို့ swap system လို့ခေါ်တယ်လေ။ ကုန်သွယ်ရေးလုပ်ရင် ကြားခံဒေါ်လာငွေ မထားတော့ဘူး။ သူ့နိုင်ငံကငွေပဲပေး၊ အဲဒီလို swap system ဘဏ္ဍာရေးစနစ်တခုကို ဖော်ဆောင်တာပေါ့ အာရှတိုက်မှာ။”

ဒီနှစ်ဖိုရမ်မှာ ထူးထူးခြားခြား တက်ရောက်လာတဲ့နိုင်ငံတွေ၊ အရင်မတတ်ဖူးသေးတဲ့ နိုင်ငံက ဘယ်သူတွေပါလဲ။ -

“အဲဒါတော့ အခု ကျမတို့သိရသလောက်တော့ အမေရိကားတခုပဲ ရှိသေးတယ်။ အမေရိကားက ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဖြစ်မှာပေါ့။ အဲဒါ ပထမဦးဆုံး တတ်လာတာပဲ။”

မြန်မာနိုင်ငံကရော။ -

“မြန်မာနိုင်ငံက တောက်လျှောက်တက်နေတာပါ။ နှစ်တိုင်းတက်တယ်။”

ဒီနှစ်မှာမှ သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်တာပေါ့။ -

“သမ္မတကိုယ်တိုင်တက်တာ ဟုတ်တယ်။ သမ္မတကို ကိုယ်တိုင်တက်ဖို့လည်း ရှီကျင့်ဖျင်ကိုယ်တိုင်က ဖိတ်တာ။ သမ္မတကြီးကိုယ်တိုင် တက်ပါဆိုပြီးတော့ လှမ်းဖိတ်လို့ သူက လာတာ။ ခါတိုင်းနှစ်တွေက ဝန်ကြီးချုပ် ဦးစိုးဝင်း တို့ တက်ဖူးတယ်။ ဦးသိန်းစိန်လည်း ဝန်ကြီးချုပ်ဘဝက လာဖူးတယ်။”

အခုသမ္မတအဖြစ်နဲ့ ဦးသိန်းစိန်လာတာကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုကြိုဆိုလဲ။ ဒေါ်လှကျော်ဇောရဲ့ အမြင် သိပါရစေ။ -

“တကယ်တော့ တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့က အင်မတန်ရင်းနှီးတဲ့ ဆက်ဆံမှုရှိတာကိုနော်။ နဝတ တို့ နအဖ တို့ရှိကတည်းက။ ဦးသိန်းစိန်တို့ကိုလည်း ဆက်လက်ပြီးတော့ သူက ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံတဲ့သဘောပါပဲ။ နောက် မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့ကလည်း သေနင်္ဂဗျူဟာ မဟာမိတ်ဖွဲ့ရေး ဆိုတဲ့ စာချုပ်တွေဘာတွေတောင် ချုပ်ထားပြီးပြီလေ။ ဒါကြောင့်မိုလို့ သူတို့ဆက်ဆံရေးကတော့ ကောင်းပါတယ်။”

သမ္မတ ဦးသိန်းစိန် တက်လာပြီးတဲ့နောက် တရုတ်-မြန်မာဆက်ဆံရေးကို ဒေါ်လှကျော်ဇော အနေနဲ့ ဘယ်လိုမြင်ပါလဲ။ -

“အဖုအထစ်တွေကတော့ ရှိတာပေါ့။ ဥပမာအားဖြင့် မြစ်ဆုံကိစ္စလို ဟာမျိုးပေါ့။ နောက် အခု လက်ပံတောင်းတောင် ကိစ္စတို့။ အဖုအထစ်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ ကြည့်ရတာ သူက မြန်မာအစိုးရနဲ့ တစုံတရာ ဆက်ဆံထားတာက ထဲထဲဝင်ဝင် ရှိထားတယ်ထင်တယ်။ သူတို့ဘက်က သိပ် စိုးရိမ်ပူပန်ပုံ မရပါဘူး။ တချို့ ဒီမှာ စကားဝိုင်းတွေ ဘာတွေပေါ့၊ ဒိုင်ယာလော့တွေဘာတွေမှာတော့ တချို့ ပါမောက္ခတွေ ပြောနေတာရှိတာပေါ့။ မြန်မာပြည်ကို အမေရိကန်က ထိုးဝင်လာတာဟာ သူတို့ကို ရည်ရွယ်တာသာ ဖြစ်တယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းချုပ်ဖို့ အိုဘားမား တို့အစိုးရရဲ့ ခြေလှမ်းတခုသာ ဖြစ်တယ်၊ ဒီလိုတော့ ပြောတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်နှိက်က သိပ်ပြီး ပူပန်မှုရှိပုံမရပါဘူး။”

ဒေါက်တာ လှကျော်ဇော ပြောပြသွားတာဖြစ်ပါတယ်။
XS
SM
MD
LG