သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်အဆုံးသတ်


သမ္မတဦးသိန်းစိန်ရဲ့ တတိယအကြိမ်မြောက် အနောက်ဥရောပ ၃ နိုင်ငံခရီးစဉ် အတွင်း ပြုပြင်ပြောင်းလဲရေး ဖော် ဆောင် နိုင်တဲ့ မြန်မာနိုင်ငံအရေး နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု၊ ဥရောပနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ မြန်မာပြည် သူတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲဆိုတဲ့ အမြင်အမျိုးမျိုးကို မဆုမွန်က တင်ပြထားပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ အဆုံးသတ်သွားပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် အနောက်ဥရောပ ၃ နိုင်ငံ ဆယ်ရက်တာကြာမြင့်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံဝန်ကြီးချုပ်၊ သမ္မတ အပါအဝင် ဝန်ကြီးတွေနဲ့ မြန်မာသမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ကြား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် နှစ်နိုင်ငံ သဘောတူညီမှုတွေ ချမှတ်ခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေဘက်က မြန်မာပြည်သူတွေ လိုအပ်နေတဲ့ အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးဖို့ ဆွေးနွေးခဲ့သလို ရေအရင်းအမြစ်ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အပါအဝင် ဥယျာဉ်စိုက်ပျိုးမှု အတတ်ပညာတွေကို မြန်မာသမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီလို ဥရောပခရီးစဉ်အတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး ဆွေးနွေး၊ လေ့လာမှုတွေ၊ သဘောတူညီချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လက်တွေ့ဘဝကို အမှန်တကယ် အကျိုးသက်ရောက်မှု ရှိစေမလားဆိုတဲ့အပေါ် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က လယ်သမားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်စည်းပေးမှသာ အကျိုးရှိနိုင်မယ်လို့ ဆိုပါတယ်။

“လောလောဆယ် urgent လိုအပ်နေတာကတော့ အခြေခံ လိုအပ်ချက်တွေပဲ။ အခြေခံ လိုအပ်နေတယ်ဆိုတာ လယ်ယာကဏ္ဍမှာ တောင်သူလယ်သမားတွေရဲ့ ကြွေးမြီသစ်တွေကို credit circle ဖြစ်နေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ လိုတယ်။ နောက်ပြီးတော့ ရာသီဥတုဒဏ်ခံနေရတဲ့ကိစ္စတွေ၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းနေတဲ့ကိစ္စတွေ၊ ဒါတွေအားလုံးက ချက်ချင်းလုပ်ရမယ့်ကိစ္စတွေ အများကြီးကို လိုအပ်နေပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း တောင်ယာစိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေကို လက်တွေ့ ကွင်းဆင်းလေ့လာခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း က အခုလို သုံးသပ်ပါတယ်။

“သမ္မတအနေနဲ့က သူက အထူးသဖြင့် သူ့အနေနဲ့က ဘာခေါ်မလဲ စိတ်ပါတဲ့လုပ်ငန်းတွေ ရှိတာပေါ့နော်။ အထူးသဖြင့်တော့ သူက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု ပပျောက်ရေးပေါ့ အဲ့ဒါကလည်း သူက ပြောထားတဲ့အခါကျတော့ ကျနော်ထင်တာက ဒီကိစ္စကို သူ တွန်းပြီးလုပ်ချင်တဲ့ ပုံစံရတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်သိရသလောက်ပေါ့ နယ်သာလန်က အဖွဲ့အစည်းတခုက မြန်မာပြည်မှာ ဒီမြန်မာပြည်မှာ ဧရာဝတီမြစ်ကြောင်းမှာပေါ့နော် မြစ်ကြောင်းထိန်းသိမ်းရေးလည်းပါတယ်။ နောက်တခါ ဆည်အသေးလေးတွေ အများကြီးနဲ့ လျှပ်စစ်ထုတ်တာတို့၊ ရေရရှိရေးတို့ ဒီလိုဟာတွေလုပ်ဖို့ ကြိုပြီးတော့ လေ့လာထားတာတွေ ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့ အကောင်အထည်ဖော်ဖို့ဆိုရင်တော့ ကျနော်တို့ဆီမှာ ငွေလည်း လိုတာပေါ့နော်။ နောက်တခါ နည်းပညာလည်း လိုတယ်ပေါ့။ အဲတော့ ကျနော်ထင်တာကတော့ သမ္မတကတော့ စိတ်ပါလို့ သွားလေ့လာတယ်လို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ ကျနော်တို့ဆီမှာ ဘယ်လိုပြန်အသုံးချမလဲ၊ အကောင်အထည်ဖော်မလဲပေါ့နော်။ အဲ့ဒါကတော့ ကျန်တဲ့ကိစ္စတွေနဲ့ အများကြီး ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

ဥရောပနိုင်ငံတွေရဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ကူညီမှုတွေမှာ လက်တွေ့ကျကျ ဆောင်ရွက်ခြင်းရှိ မရှိ၊ နောက် ငွေကြေးသုံးစွဲမှုတွေမှာလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်ကျတဲ့ လုပ်ဆောင်မှုတွေ ဖြစ်သလားဆိုတာကို စောင့်ကြည့်လေ့လာဖို့ လိုတယ်လို့လည်း မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက အကြံပြုပါတယ်။

“အမေရိကန်ကပဲဖြစ်ဖြစ်၊ ဥရောပသမဂ္ဂပဲဖြစ်ဖြစ်၊ အနောက်နိုင်ငံတွေကပဲဖြစ်ဖြစ် အကူအညီတွေ အထောက်အပံ့တွေ မြန်မာပြည်အတွက်ကို ၂၀၁၁ ခုနှစ်နောက်ပိုင်း တော်တော်ကို များများဝင်နေတာကို သိရတယ်ပေါ့။ အဲ့လိုအနေအထားမျိုးမှာ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာ အစီရင်ခံမှုအပိုင်းက တော်တော်လေး အားနည်းတာကို တွေ့ရတယ်။ အဲ့ဒီအခါကျတော့ ပြည်တွင်းမှာရှိတဲ့ လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ ပညာရှင်တွေ၊ ဒါမှမဟုတ်ရင် နိုင်ငံတကာမှာရှိတဲ့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ အဲ့ဒီလိုမျိုးတွေကိုလည်း ထိန်းညှိပြီးတော့ အကူအညီ အထောက်အပံ့တွေ အောက်ခြေ ပြည်သူလူထုအပေါ်မှာ အကျိုးပြုနိုင်မှု၊ ထိရောက်နိုင်မှုတွေ၊ စနစ်တကျ ဆန်းစစ်ဖို့ လိုအပ်မယ်လို့တော့ မြင်တယ်။ အခုအချိန်ထိ အဲ့ဒီအပိုင်းကို လုပ်ဆောင်မှုမှာ အတော်လေး အားနည်းတာကို တွေ့ရတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒီနိုင်ငံတွေအားလုံးမှာ အဓိက အလေးအနက်ထားပြီးတော့ လေ့လာပြီးတော့ evaluate လုပ်ဖို့ လိုတာပေါ့ဗျာ။”

ဦးသိန်းစိန်ဟာ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်အထိ ဥရောပ ၅ နိုင်ငံ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံကို သွားရောက်ခဲ့သလို၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဥရောပ ၂ နိုင်ငံဖြစ်တဲ့ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အခု တတိယအကြိမ်မြောက် ဥရောပခရီးစဉ်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် နိုင်ငံတွေဆီ သွားရောက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG