သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် ခရီးစဉ် အောင်မြင်ကြောင်း ပြောခွင့်ရသူပြော


ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ)
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ)
ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ဆက်ဆံရေးကို တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည်မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သောကြာနေ့မှာ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ နှစ်ရက်ကြာ ပြင်သစ်နိုင်ငံခရီးစဉ်ကို အဆုံးသတ်တဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် အချိန်ကလေးမှာ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က နှစ်နိုင်ငံဆက်ဆံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေအတွက် အဓိကလာရောက်တဲ့ ဒီခရီးစဉ်အတွင်း ဒါတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့- ဗြိတိန်နိုင်ငံ ခရီးစဉ်ရော၊ ပြင်သစ်နိုင်ငံ ခရီးစဉ်ရော နှစ်ခုလုံးမှာ သမ္မတကြီးအနေနဲ့ ရည်မှန်းချက် နှစ်ခု ရှိပါတယ်။ တစ်ချက်ကတော့ ကာလအတန်ကြာ အဆက်ပြတ်နေခဲ့တဲ့ ကျနော်တို့ နိုင်ငံတွေရဲ့ ကြားမှာရှိတဲ့ ဆက်ဆံရေး ပုံမှန်ဆက်ဆံရေး ပြန်လည်ရောက်ရှိစေပြီး အဲဒီဆက်ဆံရေးကမှတဆင့် ပိုမို တိုးတက်ခိုင်မာအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ နှစ်-ကတော့ ကျနော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေကို လာရောက်ရှာဖွေတာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ အဲဒီ ရည်ရွယ်ချက် နှစ်ခုလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် တရားဝင်စတင်တဲ့နေ့မှာပဲ ပြင်သစ်နိုင်ငံမှာရှိနေတဲ့ စီးပွားရေးကုမ္ပဏီပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အရင်ဆုံးတွေ့ဆုံခဲ့ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စကို အဓိကထား ဆွေးနွေးခဲ့တာပါ။ ဆယ်စုနှစ် နှစ်စုကျော်ကြာ အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်အစိုးရကနေ အရပ်သားအစိုးရပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်ပက လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် အခု ခရီးစဉ်အတွင်းမှာလည်း ပြင်သစ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုပဲ အဓိကဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အနောက်အင်အားကြီး နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုစိတ်ရှိပေမဲ့ အစစအရာရာ ဖွံ့ဖြိုးမှု နိမ့်ကျနေသေးတာကြောင့် ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်စိတ်ကို သမ္မတဦးသိန်းစိန်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါမယ်လို့လည်း သူတို့ဘက်က ကတိပြုခဲ့ကြတယ်လို့ ဦးရဲထွဋ်က ဆက်ပြောပြပါတယ်။

“စီးပွားရေးကတော့ဗျာ- ပြင်သစ်နိုင်ငံအနေနဲ့ ကဏ္ဍအတော်များများမှာ စိတ်ဝင်စားတယ်။ ဒါပေမဲ့ အဓိက သူတို့ပြောတာကတော့ သူတို့လုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံမှုရော၊ သမ္မတကြီးရဲ့ မူဝါဒအတိုင်းပဲပေါ့။ လူမှုရေး တာဝန်သိတဲ့ ဒီလို ရင်းနှီးမြှုပ်နှံမှု ကိစ္စမျိုးတွေကိုဆောင်ရွက်ဖို့ သူတို့ စိတ်ဝင်စားတယ်ဆိုတော့ ကျနော်တို့ မူနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။ တချို့ ကျနော်တို့ဘက်က ဖြည့်ဆည်းပေးရမယ့် လျှပ်စစ်စွမ်းအားလို ကိစ္စမျိုးတွေ၊ နောက်တခါ လမ်းပန်းဆက်သွယ်ရေးလို infrastructure လို ကိစ္စမျိုး ဒါမျိုတွေတော့ ရှိတာပေါ့။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဘက်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိနေပြီ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာလည်း ရှိနေပြီဖြစ်တဲ့အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အတားအဆီးဖြစ်စေခဲ့တဲ့ အရင်တုန်းက ပိတ်ဆို့တားဆီးမှုမျိုးတွေလည်း မရှိတော့ဘူးလို့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သမ္မတဦးသိန်းစိန်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ လက်ရှိ ဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ၊ ပညာရေးဆိုင်ရာနဲ့ သတင်းမီဒီယာအပိုင်းတွေမှာ ပြင်သစ်နိုင်ငံအနေနဲ့ ပိုမိုကူညီပေးသွားဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ၂ ရက်ကြာ ပြင်သစ် ခရီးစဉ် မတိုင်ခင်မှာတော့ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ တိုးမြှင့်ပူးပေါင်း လုပ်ဆောင်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေအတွက် စတာလင်ပေါင် သန်း ၃၀ ကို အကူအညီပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာ ဗြိတိန်အစိုးရက တရားဝင် ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုလို အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တိုးတက် ကောင်းမွန်လာနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အကြောင်း ထောက်ပြခဲ့ကြသလိုပဲ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေးကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG