သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းအပေါ် သုံးသပ်ချက်တချို့


သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော် ဒီကနေ့ မတ်လ ၃၀ ရက်နေ့ ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ၅ နှစ်တာ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေအပေါ် အမြင်သဘောထားတွေလည်း မြန်မာ့အရေး သုံးသပ်သူတွေကြားမှာ အမျိုးမျိုး ရှိနေပါတယ်။ သမ္မတဦးသိန်းစိန်ကရော နောင်တာဝန်ယူမယ့် ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ ဘယ်လို မျှော်မှန်းချက်နဲ့ သထောထားတွေ ရှိပါသလဲ၊ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် အောင်မြင်အောင် ဆောင်ရွက်ခဲ့သူ၊ ပြုပြင်ပြောင်းလဲရေးတွေ အစပျိုးခဲ့သူအဖြစ် အသိအမှတ်ပြု ပြောဆိုကြသူတွေထဲမှာ အမေရိကန်ပြည်ထောင်စု George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg လည်း ပါဝင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ကမ္ဘာမှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ သိပ်ကို ထူးခြားတဲ့ ပုံစံနဲ့ ပြောင်းလဲခဲ့တာကို ကျနော်တို့ နားလည်ဖို့ လိုပါတယ်။ ဒီအပြောင်းအလဲတွေဟာ ထိပ်ပိုင်း၊ ခေါင်းဆောင်ပိုင်းက လာတဲ့၊ အကောင်အထည်ဖော်တဲ့ အပြောင်းအလဲတွေပါ။ လမ်းမပေါ်ကနေ လူထုအုံကြွမှုတွေကြောင့် ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။ ဒါမျိုးက အာရှမှာဆိုရင် ထိုင်ဝမ်မှာပဲ ရှိခဲ့တာပါ။ ထူးခြားတဲ့ အပြောင်းအလဲတွေအတွက် ခေါင်းဆောင်ပိုင်းက တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။ ဒီအပြောင်းအလဲတွေကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ သမ္မတ ဦးသိန်းစိန် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ထက် ပိုပြီး ဝါရင့်တဲ့ စစ်တပ် ခေါင်းဆောင်တွေ ပါဝင်တဲ့ လက်ရှိ စစ်တပ်ရဲ့ အခြေခိုင်ပြီးသား အခန်းကဏ္ဍ။ အတိုက်အခံတွေနဲ့ ပဋိပက္ခ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ဒီလို ဘက်ပေါင်းစုံကြားမှာ ချိန်ခွင်ရှာထိန်းညှိပြီး အချိန်တိုတိုအတွင်း အပြောင်းအလဲတွေ ဖော်ဆောင်သွားတာ တွေ့ရမှာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်လက်ထက် တိုးတက်မှုတချို့ ရှိခဲ့တယ်ဆိုတာကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပုလဲမြို့က အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြည်ပရောက် အစိုးရအဖွဲ့မှာ အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ ဒေါက်တာတင့်ဆွေက လက်ခံပါတယ်။ ဒါပေမဲ့လည်း သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး သမားတယောက်တော့ မဟုတ်ဘူးလို့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“အရေးကြီးတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းချက်ကို ၅ နှစ်တာ တားထားခဲ့တာကတော့ ကြိုဆိုရမယ့် ရဲရင့်တဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်နဲ့ နယ်စပ်အရေးတွေမှာ သူ့လက်ထက် တိုက်ပွဲတွေချည်း ဖြစ်လာတယ်။ အဲဒီအတွက် အကြွေးတွေကို အတိုးနှုန်းအများကြီးနဲ့ ချေးယူပြီး မျက်နှာပြန်လုပ်သလားလို့တောင် မေးစရာဖြစ်လာပါတယ်။ နောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အဆင့်တခုကိုတော့ လုပ်သွားနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲမှု အတိုင်းအတာတခုနဲ့ လက်မှတ်ထိုး စာရွက်တခုသာ ကျန်ရစ်ပါတယ်။ ယာယီ အစီအစဉ် အစဉ်တရပ်ကို တနည်းအားဖြင့် ၅ နှစ်တာ အစီအစဉ်တရပ်ကို ငွေသန်းပေါင်းများစွာနဲ့ ဝယ်လိုက်တာသာ ဖြစ်တယ်လို့ မြင်ပါတယ်။ အချုပ်ပြောရရင် ဦးသိန်းစိန်ဟာ ပြုပြင်ရေသမား မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးကို NLD က ကြိုးစားပြီး နှစ်ပေါင်းများစွာအကြာ ကြိုးစားလာခဲ့ရတဲ့ အတိုင်းအတာတခုအထိ ရလာချိန်မှာ စတင်ကပြတဲ့ ပွဲဦးထွက် သရုပ်ဆောင်ခွင့်ရတဲ့ မင်းသားတလက်သာ ဖြစ်ပါတယ်။ သူကိုယ်တိုင်က မူဟောင်းကြီးကို အဓိက ဆုပ်ကိုင်နေတဲ့ ထိပ်ဆုံး လေးငါးယောက်ထဲက တယောက် အပါအဝင်ဖြစ်ပြီး ဆက်လက် ပြုပြင်ပြောင်းလဲရေး လုပ်မှာကို ခုခံကာကွယ်နေတဲ့သူသာ ဖြစ်ပါတယ်။”

သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ၅ နှစ်တာဝန် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ နောင်အစိုးရသစ်မှာ တာဝန်ယူမယ့်သူကို ဘယ်လို ဆောင်ရွက်စေချင်တဲ့ ဆန္ဒရှိသလဲ၊ သူ့ရဲ့ မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောခဲ့ဖူးပါတယ်။

“ဘယ်သူပဲ တိုင်းပြည်ခေါင်းဆောင်အဖြစ် တက်လာတက်လာ တိုင်းပြည်အတွက် အကျိုးရှိမယ့် အလုပ်တွေကိုတော့ ကျနော်တို့က ဆက်ပြီးတော့ တွန်းပြီးတော့ သွားစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒီနေ့ လုပ်နေတာ၊ ပန်းတိုင်ကို ခရီးလမ်းတခုကို စထွက်ပြီး ရောက်နေပြီဆိုတာတော့ သေချာတယ်။ ဘယ်နေရာအထိ ရောက်နေပြီဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ တနေရာကိုတော့ ရောက်နေပြီ၊ စပြီး တာထွက်တဲ့နေရာတော့ မဟုတ်တော့ဘူး၊ ရောက်နေတဲ့ နေရာကို တိုင်းပြည်အတွက် ကောင်းအောင် နောက်တက်လာတဲ့သူက ဆက်ပြီးတေ့ တွန်းအားပေးဖို့ လိုပါတယ်။ အရင်လုပ်ထားတာတွေ အရင်ဖျက်၊ တစ်က ပြန်စဆိုရင် တိုင်းပြည်နစ်နာမှာ ဒါတခုပဲ ကျနော်တို့က စိုးရိမ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်က သူ့အနေနဲ့ တာဝန်တွေလွဲှပြောင်းပြီးတဲ့အခါ သူဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ ရည်ရွယ်တဲ့ အကြောင်းလည်း မတ်လဆန်းက နေပြည်တော်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူးနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံနှုဆက်တဲ့အချိန် ပြောဆိုထားပါတယ်။

XS
SM
MD
LG