သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် နော်ဝေ ရောက် မြန်မာတွေနဲ့ တွေ့ဆုံ


နော်ဝေရောက် မြန်မာတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ် (၂၇ ဖေဖော်ဝါရီလ ၂၀၁၃)
နော်ဝေရောက် မြန်မာတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ် (၂၇ ဖေဖော်ဝါရီလ ၂၀၁၃)
နော်ဝေနိုင်ငံကို သုံးရက်ကြာခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီး တချို့ဟာ မနေ့က နော်ဝေရောက် မြန်မာ မိသားစုတွေနဲ့ အော်စလိုမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ကချင်နဲ့ တိုင်းရင်းသား အရေးကိစ္စတွေကစလို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ ကိစ္စတွေကိုပါ သမ္မတ ဦးသိန်းစိန် က ထည့်သွင်း ပြောကြားသွားခဲ့တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သူတွေက ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထား ပါတယ်။

နော်ဝေနိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ မနေ့က ညနေပိုင်းက နော်ဝေရောက်မြန်မာနိုင်ငံသား တွေကို သီးသန့် တွေ့ဆုံခဲ့တာပါ။

နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာရှိတဲ့ Literature House လို့ခေါ်တဲ့ စာပေဗိမ္မာန် တခုမှာ နှစ်နာရီလောက်ကြာခဲ့တဲ့ ဒီတွေ့ဆုံ ပွဲမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်စကား ပြောဆို သွားခဲ့ပြီး အချိန်မရတဲ့အတွက်လို့ ဆိုပြီးတော့ မြန်မာနိုင်ငံသားတွေဘက်က မေးမြန်းမှုတွေ ကိုတော့ ပြန်လည် ဖြေကြားမသွားခဲ့ပါဘူး။

“ဥရောပ ၅ နိုင်ငံ ခရီးကို ကျနော် ထွက်ခဲ့တဲ့နေရာမှာ နော်ဝေနိုင်ငံကို ဦးစားပေးပြီးတော့ ပထမဦးဆုံးနိုင်ငံအဖြစ် ရွေးချယ်ပြီးတော့ အခုလို ကျနော် ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ နော်ဝေ
နိုင်ငံကို ဦးစားပေးအနေနဲ့ ကျနော် ဘာကြောင့် ရွေးရသလဲဆိုရင် ဒီနိုင်ငံအနေနဲ့ ကျနော်တို့ရဲ့
နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရှိစေမယ့် အကူအညီတွေ အထောက်အပံ့တွေ ဒါတွေကို အများကြီး ပေးခဲ့ပါတယ်။ ဒီမှာဆိုရင် ကျနော်တို့ ကလေးတွေ ပညာသင်ကြားရေးနဲ့ ပတ်သက်လို့၊
နောက်ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့၊ နောက်တခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခင်ဗျားတို့ သိပါတယ်။ အင်းလေးကန်ကြီး မပျက်မစီးရအောင် ငွေကြေး အထောက်အပံ့တွေနဲ့ ဝိုင်းဝန်းပြီးတော့ ကျနော်တို့ကို အကူအညီ အထောက်အပံ့ ပေးတာတွေ ရှိပါတယ်။”

ဒီတွေ့ဆုံမှုအတွင်းမှာ သမ္မတဦးသိန်းစိန် အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ အတော်များများကို ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ တဲ့ မြန်မာ့သတင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ ပြဿနာတွေကို သူ့အနေနဲ့က ကျနော်တို့ မျှော်လင့်ထားတာ ထက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ပြောသွားတဲ့ သဘောမျိုးတွေ ရှိပါတယ်။ ဥပမာ ကိုယ်ကျင့်တရား ပျက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လာဘ်စားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
တော့ ပွင့်ပွင့်လင်းလင်း ပြောသွားတာ ကျနော်တို့ တွေ့တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ
ဖြစ်နေတဲ့ ပြဿနာတွေကို ဟိုအရင်တုန်းက အစိုးရတွေလိုမျိုး နယ်ချဲ့ကို ပုံချတာမျိုးတို့၊
နိုင်ငံတကာ အသိုင်းအဝိုင်းကို ပုံချတာမျိုးတို့ အတိုက်အခံကို ပုံချတာမျိုးတို့ အဲ့ဒါတွေ သူ မလုပ်ပါဘူး။ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ အတိုက်အခံတွေအနေနဲ့ မေးမယ့် မေးခွန်းတွေ
တော်တော်များများကို သူ ကြိုပြီးတော့ ဖြေသွားတဲ့ သဘောမျိုး သူ လုပ်သွားတာ ကျနော်တို့
တွေ့ရပါတယ်။ ဘာပဲပြောပြော တော်တော်လေး သိမ်မွေ့တဲ့ နည်းလမ်းတခုလို့ ကျနော်တို့ ခံစားရပါတယ်။”

ကချင်ပြည်နယ်တွင်း လက်ရှိ ပဋိပက္ခတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ တိုးတက်မှု ရှိတဲ့အကြောင်းကစလို့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေအထိ အစိုးရဘက်က ဆောင်ရွက်မှုနေတဲ့ အကြောင်းတွေကို သမ္မတက ပြောသွားခဲ့တဲ့အကြောင်းလည်း ဦးမောင်မောင်မြင့်က ပြောပြပါ တယ်။

တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုတော့ သမ္မတရဲ့ခရီးစဉ်မှာလိုက်ပါလာတဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ ဒုဝန်ကြီးတွေက အဓိက ဖြေကြားခဲ့တာပါ။

သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်တွေနဲ့ ဝန်ကြီးတွေရဲ့ တင်ပြချက်တွေအပေါ်မှာ တက်ရောက် လာသူတွေဘက်က စိတ်တိုင်းမကျစရာ အခြေအနေတချို့လည်း ရှိခဲ့ပါ တယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မနန်းကြည်အေးကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“သူပြောတာတွေကိုတော့ သူ့ရဲ့ စေတနာ၊ သူ့ရဲ့ ရိုးသားမှုကိုတော့ ကျမကတော့ လက်ခံပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက် လုပ်နိုင်သလဲ။ အာဏာကို ဘယ်လောက် သုံးနိုင်သလဲ ဆိုတာကိုတော့ ကျမ နည်းနည်း စဉ်းစားရတယ်။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စ သူ ပြော တယ်။ ရပ်ပါ ပြောပေမဲ့ ဘယ်သူမှ သူ့ကို နားမထောင်တာကို တွေ့ရတယ်လေ။ အဲ့ဒါကြောင့်မို့လို့ သူ့ရဲ့ ဒီ အုပ်ချုပ်ရေး အာဏာက ကစားနေသလို ဖြစ်နေတယ်လေ။ အဲ့ဒါကို ကျမက ထင်တယ်။
နောက်တခုက မြန်မာနိုင်ငံသားတွေ မေးတဲ့ မေးခွန်းတွေပေါ်မှာ ပြန်ဖြေတဲ့ အပေါ်မှာ ကျမဘက်က အားရကျေနပ်မှု နည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ မေးတဲ့မေးခွန်းတွေ အကုန်လုံးကို
အဖြေတွေ တိုက်ရိုက် ပြန်မရတဲ့အပြင် တခြားကိစ္စတွေကို ဟိုလွှဲ ဒီလွှဲ လွှဲပြီးတော့ ဦးစိုးသိန်းကနေ တခါတလေ ပေါ့ပေါ့တန်တန် စကားပြောတာမျိုးတွေ ကျမ သတိထား မိပါတယ်။ အဲ့ဒီအတွက်
ကြောင့်မို့ အားကျကျေနပ်မှု နည်းပြီးတော့ ကျမတို့ စိတ်မကောင်းစွာနဲ့ ပဲ ပြန်လာရ တာပေါ့နော်။”

မြန်မာနိုင်ငံဟာ ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့ နိုင်ငံဖြစ်လို့ အမျိုးသမီးတွေအပေါ် မတရားပြုမူတဲ့ ကိစ္စတွေ မရှိပါဘူးလို့ အမျိုးသမီး ဒုဝန်ကြီးတဦးက ပြောသွားတဲ့အပေါ်မှာလည်း တက်ရောက်လာသူတွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ သူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ် လို့လည်း တက်ရောက်သူ တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နော်ဝေခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာသမ္မတ တဦး ဥရောပ
နိုင်ငံတွေကို ပထမဆုံး ထွက်လာတဲ့ ခရီးစဉ် ဖြစ်သလို၊ အခုလို ခရီးစဉ်အတွင်း ဒေသခံ တိုင်းပြည် မှာ ရောက်နေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတာဟာလည်း အရင်စစ်အစိုးရခေတ်တွေမှာ မရှိခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

အခုလို သမ္မတနဲ့ ပြည်ပရောက် မြန်မာတွေ တွေ့ဆုံမှုကတော့ ပြောင်းလဲလာတဲ့ တိုးတက်မှုတခုလို့ ဦးမောင်မောင်မြင့် က ပြောပါတယ်။

“မြန်မာအစိုးရဟာ အခုချိန်ကျတော့မှ ပုံမှန် အစိုးရတရပ်အသွင် ဆောင်လာတဲ့ သဘောမျိုးလို့ ကျနော်တို့ မြင်လာပါတယ်။ ဟိုအရင်တုန်းကလိုဆိုရင် လူထုနဲ့ မဆိုင်သလိုမျိုး အစိုးရက လူထုကို အုပ်ချုပ်နေတဲ့ လူ သက်သက်ပဲ ဆိုတဲ့ သဘောမျိုး ကျနော်တို့ မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအမြင် ကတော့ ဒီနေ့ အတွေ့အကြုံကို ပြောမယ်ဆိုရင်တော့ အဲ့ဒီအမြင်တွေဟာ တဖြည်းဖြည်းနဲ့တော့
လျော့ပါးလာတာ အမှန်ပါပဲ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိလာပြီးတဲ့နောက်ပိုင်း အရင်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တဲ့ အနောက်နိုင်ငံ အစိုးရတွေနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာခဲ့သလို၊ အခုလို မြန်မာသမ္မတ တဦး ဥရောပနိုင်ငံတွေကို တရားဝင် လာရောက် လည်ပတ်တဲ့ ခရီးစဉ်တွေ လည်း ဖြစ်လာခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ေ၀ ဝန်ကြီးချုပ် အပါအဝင် နော်ေ၀ ထိပ်တန်း အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့အထိ နော်ဝေနိုင်ငံမှာ ရှိနေမှာဖြစ်ပြီးတော့ အဲ့ဒီနောက် ဘယ်လ်ဂျီယံ၊ ဖင်လန်၊ သြစတြီးယားနဲ့ အီတလီ နိုင်ငံတွေကိုလည်း ခရီဆက်ဦးမှာ ဖြစ်ပါတယ်။

မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ ကို နိုင်ငံတကာအနေနဲ့ အခုထက် ပိုပြီး စောင့်ကြည့်ဖို့ လိုအပ်တဲ့ အကြောင်း သတိပေးနေသလို
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ သမ္မတ ဦးသိန်းစိန်အစိုးရ ပြောနေသလို ယုံကြည်စိတ်ချ ရတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မဖြစ်ဘူးလို့ ထောက်ပြ ပြောဆိုနေကြပါတယ်။

အင်္ဂါနေ့က သမ္မတ ဦးသိန်းစိန်က နော်ဝေနိုင်ငံကို ရောက်ရှိလာချိန်မှာလည်း နော်ဝေရောက်
မြန်မာနိုင်ငံသားတွေက သူ့ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။
XS
SM
MD
LG