သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြင်သစ်သမ္မတ
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြင်သစ်သမ္မတ
ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အပါအဝင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေဆဲ မြန်မာသမ္မတကို ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြင်သစ်ဝန်ကြီးချုပ်နဲ့ နေ့လည်စာ စားပြီးရင်တော့ ပြင်သစ်သမ္မတနဲ့ ညနေပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်နိုင်ငံခရီးစဉ် နောက်ဆုံးအခြေအနေကို မဆုမွန် က တင်ပြထားပါတယ်။

ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့ညက ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင်လ ၁၇ ရက်နေ့ ဗုဒဟူးနေ့မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Medes မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အရင်ဆုံး တွေ့ဆုံနေပါတယ်။ ပြီးရင်တော့ ပြင်သစ်ဝန်ကြီးချုပ် ယူမခ့် အီဟွတ် (Jean-Marc Ayrault) နဲ့ Elysee Palace မှာ နေ့လည်စာ စားဖို့ရှိပါတယ်။

ညနေပိုင်းမှာတော့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း (Francois Hollande) နဲ့ တွေ့ဆုံကြဖို့ှ ရှိပါတယ်။ အခုလို ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်လို့ သမ္မတက ပြောနေတဲ့ တပြိုင်နက်တည်းမှာပဲ နောက်ထပ် ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတဲ့အပေါ် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က ဆန့်ကျင်ကန့်ကွက်ကြောင်း ပြင်သစ်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ပြင်သစ်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ကိုထွေး က ပြောပါတယ်။

“မနက်ပိုင်းမှာ Medes မှာ တွေ့တယ်လေ။ နေ့ခင်းပိုင်းမှာတော့ ဝန်ကြီးချုပ် ယူမခ့် တို့နဲ့ နေ့လည်စာ စားမယ်။ ပြီးလို့ရှိရင် ညနေဘက်မှာ သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့မယ်။ ကျနော်တို့ ဆန္ဒပြဖို့ကတော့ သံရုံးရှေ့မှာပဲ စီစဉ်ထားတယ်။ ညနေ ၃ နာရီကနေ ၅ နာရီ။ ကျနော်တို့ ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကတော့ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထားတဲ့သူ ပြန်လွှတ်ပေးဖို့၊ သမ္မတကြီးကတော့ ရှေ့ကနေပြီးတော့ လွှတ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အနောက်မှာကတော့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပြင် တခြား ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ ဒီအရေးယူဖမ်းဆီးနေတာတွေ ရှိပါတယ်။ လွှတ်ပေးမယ်လို့ ပြောဖို့အတွက် ဖမ်းနေတာလား။ ဖမ်းနေတဲ့ အတွက်ပဲ လွှတ်ပေးမှာလားဆိုတာကို သုံးသပ်ဖို့ လိုပါတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

အလားတူ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးရှေ့မှာလည်း မြန်မာပြည်သူလူထုအတွက် လူနေမှုဘဝလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လုပ်ဆောင်ပေးဖို့ ပြင်သစ်နိုင်ငံရောက် မြန်မာသမ္မတကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကိုလည်း ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြင်သစ်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုမောင်လှအောင် က ပြောပါတယ်။

“အခု ကျနော်တို့ မြန်မာနိုင်ငံမှာ သူလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာ အရေးအကြီးဆုံး လိုအပ်နေတဲ့ ပြည်သူလူထုရဲ့ လူနေမှုဘ၀ လုံခြုံမှုရှိဖို့အတွက်ကို အရမ်းကို အရေးကြီးတယ်။ Rule of Law ဆိုပြီးတော့ ဥပဒေစိုးမိုးရေးဟာ အခု မြန်မာနိုင်ငံမှာ လုံး၀ မရှိသလို ဖြစ်နေတယ်။ အဲ့ဒါကို ကျနော်တို့ကနေ မီးမောင်းထိုးပြချင်တယ်။ ဒီအခု ကချင်ပြည်နယ်မှာရော၊ နယ်စပ်ဒေသတွေမှာရော ရခိုင်ပြည်နယ်မှာရော ဒီလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အားနည်းချက်တွေ အများကြီး ကျနော်တို့က တွေ့နေရတယ်။ အဲ့ဒါတွေကိုလည်း သမ္မတအနေနဲ့ နောက်ထပ် အဲ့ဒါမျိုးတွေ မဖြစ်ပေါ်ဖို့ ဖြစ်သွားပြီးသား အရာတွေကိုလည်း သူကနေ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့အတွက် ကျနော်တို့ကနေ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အဖွဲ့ကလည်း - မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစလို့ သတင်းမီဒီယာ သမားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူခဲ့ခြင်း မရှိတာတွေကို စုံစမ်းစစ်ဆေးပေးဖို့ အိတ်ဖွင့်ပေးစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတနဲ့အတူပါလာတဲ့ ကိုယ်စားလှယ်တချို့ကလည်း ဇူလိုင်လ ၁၈ ရက်နေ့မှာ သူတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း RSF အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ ဘင်ဂျမင် အစ္စမေးလ် (Benjamin Ismail) က ပြောခဲ့ပါတယ်။

အခုလို သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းလွတ်လပ်မှု ရှိစ ပြုလာတဲ့အချိန်မှာ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာ အပါအဝင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးခဲ့ပါတယ်။

နိုင်ငံပြန်လည်ထူထောင်နေတဲ့အချိန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကလိုအပ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးကိစ္စတွေကို ဆွေးနွေးနိုင်ခြေရှိတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ လိုတယ်လို့ ပြင်သစ်နိုင်ငံက ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်တဲ့ Beyond Rangoon က ဦးအောင်ကိုး က ပြောပါတယ်။

“မြန်မာပြည်တွင်းမှာလည်းပဲ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကစပြီးတော့ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အရင်ကနဲ့မတူဘူးပေါ့။ အရင်တုန်းက အုပ်ချုပ်ရေးနဲ့ အခု အုပ်ချုပ်ရေးနဲ့ မတူတော့တဲ့ကြားထဲမှာ သူတို့က အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုပြီးတော့ တိုင်းပြည် ကမ္ဘာလှည့်ပြီးတော့ စီးပွားရေးကိစ္စတွေကို စွမ်းဆောင်နေတယ်။ ဒါ ကောင်းတဲ့ကိစ္စ၊ စီးပွားရေးကိစ္စဆိုတာကတော့ တိုင်းပြည် ပြည်တွင်းမှာ စီးပွားရေးပြေလည်ဖို့ စီးပွားရေးဆိုတာကတော့ အကုန်ပါတာပေါ့လေ။ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ ဒါတွေ အဆင်ပြေဖို့က တိုင်းပြည်တပြည် ပြန်လည် ထူထောင်တဲ့ အချိန်ဆိုပြီး သူတို့က သတ်မှတ်ထားတော့ ဒါတွေ လာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တခုရှိတာက နောက် ဖြစ်မလား မဖြစ်မလားဆိုတာကတော့ ဒါတွေကတော့ စောင့်ကြည့်ပေါ့။”

ဥရောပခရီးစဉ်အတွင်း ၂ရက်တာ ကြာမြင့်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ပြင်သစ်ခရီးစဉ်မှာတော့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွင်းက လက်ရှိ အခြေအနေတွေနဲ့ ပြင်သစ်နိုင်ငံနဲ့ မြန်မာနိုင်ငံတွင်း ကုန်သွယ်မှုဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကိုလည်း ဆွေးနွေးနိုင်ခြေ ရှိပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၁၃ ခုနှစ်အကုန်မှာ လုံးဝ မရှိစေရအောင် လုပ်ဆောင်မယ်လို့ ကတိပေးပြောဆိုမှုအပေါ်မှာလည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက အပြောနဲ့အလုပ် ညီပြီး ပြောထားတဲ့ ကတိအတိုင်း တည်အောင် လုပ်ဆောင်ဖို့ကို ဖိအားပေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG