သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီဖွဲ့ဖို့ မြန်မာအစိုးရနဲ့ RCSS သဘောတူ


မြန်မာသမ္မတဦးသိန်းစိန် နဲ့ RCSS ရှမ်းခေါင်းဆောင် ရွက်ဆစ်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံချိန် (၁၀ ဇွန် ၂၀၁၃)
မြန်မာသမ္မတဦးသိန်းစိန် နဲ့ RCSS ရှမ်းခေါင်းဆောင် ရွက်ဆစ်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံချိန် (၁၀ ဇွန် ၂၀၁၃)
RCSS လို့ခေါ်တဲ့ ရှမ်းပြည်ထူထောင်ရေး ကောင်စီရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ အဖွဲ့ဝင် ၂၀ ပါတဲ့ အဖွဲ့ဟာ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အခုလို တွေ့ဆုံ ရာမှာ နှစ်ဘက်ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အောက်ခြေအဆင့် နားမလည်မှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့အကြောင်း အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် အကဲခတ်ဖို့၊ ကော်မတီဖွဲ့စည်းဖို့အကြောင်းနဲ့ နှစ်ဘက်ယုံကြည်မှု တည်ဆောက်ဖို့ နိုင်ငံရေး အချေအတင် ဆွေးနွေးဖို့ စတဲ့အကြောင်းအရာတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဟာ မနေ့က ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပြီးတော့ ဒီကနေ့မနက် အစောပိုင်းမှာပဲ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့တာပါ။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်တွေ ရပ်စဲထားပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုတွေ ပြုလုပ်ထားပေမဲ့ မကြာခဏဆိုသလို ဒေသတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာ အောက်ခြေအဆင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကို ကောင်းကောင်း နားမလည်လို့ ဖြစ်ရတာဖြစ်ပြီးတော့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်သမ္မတ က ကတိပေးလိုက်တဲ့အကြောင်း RCSS ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်လည်းဖြစ်၊ RCSS ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်တဲ့ ဦးစိုင်းမင်း က ပြောပါတယ်။

“ကျနော်တို့ ပြောကြတဲ့နေရာမှာပေါ့ ကျနော်တို့ အထက်ပိုင်း လူကြီးပိုင်းတွေကတော့ နားလည်ကြတယ်။ ဒါပေမဲ့ အောက်က ငယ်သားပိုင်းတွေကျတော့ တချို့ကလည်း ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို နားမလည်သေးတဲ့အတွက်ကြောင့် ပဋိပက္ခတွေ ဖြစ်နေသေးတာ ရှိတာပေါ့နော်။ ဒါကို ကျနော်တို့ ဒီလိုမျိုး ထပ်မံ ဆွေးနွေးပြီးတော့ ဖော်ဆောင်သွားမယ်ဆိုရင်တော့ အောက်ပိုင်းကလည်း နားလည်သွားပြီဆိုရင် ဒါကလည်း တိုက်ပွဲတွေဆိုတာ ဖြစ်လာတော့မှာ မဟုတ်တော့ဘူးလို့တော့ ပြောကြားသွားတာ ရှိပါတယ်။”

နိုင်ငံတော် သမ္မတနဲ့မတွေ့ခင်မှာ RCSS ခေါင်းဆောင်တွေဟာ သမ္မတနဲ့တွေ့ဆုံချိန် ပြောဆိုဖို့ရှိတဲ့ အချက်တွေကို ပြောဆိုနိုင်အောင်ဆိုပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အချက် ၁၇ ချက်ကို ပြုစုခဲ့ပြီး အဲ့ဒီအချက်တွေကိုလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးစိုင်းမင်း က ဆက်ပြောပြပါတယ်။

“ကျနော်တို့ ဆွေးနွေးပွဲကတော့ များသောအားဖြင့်တော့ ကျနော်တို့ ကျိုင်းတုံမှာ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေ ပေါ့နော် ကျနော်တို့ ဘယ်လို ပြန်လည်ဖွဲ့စည်းမလဲ ဆိုတဲ့အချက်တွေရယ်၊ ပြီးတော့ ဒေသတွင်းမှာ ကျနော်တို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ တင်ပြချက်တွေပေါ့နော် အဲ့ဒီလို အဆင်မပြေသေးတဲ့ဟာတွေကို ကျနော်တို့ ဆွေးနွေးတာရှိပါတယ်။ ပြီးတော့ ဒေသတွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကျနော်တို့ တိုက်ပွဲတွေ ဆက်လက်ပြီးမဖြစ်အောင် ပိုပြီး လျော့ကျသွားအောင် ကျနော်တို့ ဘယ်လို ပူးပေါင်းရမလဲဆိုတဲ့ အချက်တွေ တင်ပြခြင်းဖြစ်ပါတယ်။”

အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားပေမဲ့ ရှမ်းပြည်နယ်အတွင်းမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် နှစ်ဘက်ယုံကြည်မှုတွေ ပြန်ပြီး တည်ဆောက်နိုင်ရေးတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

“ကျနော်တို့ တဘက်က တင်ပြတဲ့ ဆွေးနွေးတာတွေအားလုံးကို သူ ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ အားလုံးကိုလည်း တင်ပြတယ်။ ရှေ့မှာ သူ ဆက်ပြီး ဆောင်ရွက်မယ့် Peace Building ကိစ္စမှာ National Reconcilation ကိစ္စမှာ Ceasefire ကိစ္စတွေလည်း ရှင်းပြတယ်။ နောက်တဆင့်ဆောင်ရွက်မယ့် ကိစ္စတွေ အားလုံးပါဝင်မယ့် All Inclusive ပေါ့လေ Political Dialogue ဖြစ်ဖို့လည်း သူတို့အနေနဲ့ ရည်ရွယ်ချက်တွေကိုလည်း ကျနော်တို့ ရှင်းပြပါတယ်။ နောက်ထူးခြားချက်တစ်ခုကပေါ့လေ ဒီဘက်က တဘက်က တင်ပြတာကို သမ္မတကြီးဘက်က သဘောတူပါတယ်ဆိုပြီး ပြန်ရှင်းပြတဲ့အထဲမှာလည်း အချက်တွေက အများကြီးပါ။ ဒါပေမဲ့ ကျနော်တို့ ဒီ အပစ်အခတ်ရပ်စဲရေးကို Monitoring လုပ်မယ့် Committee ဖွဲ့တာမျိုးကိုလည်း သမ္မတကြီးက သဘောတူကြောင်း ဒါ ထည့်ပြီး ရှင်းပြပါတယ်။”

နိုင်ငံတော်သမ္မတဘက်ကလည်း RCSS ဘက်မှ တင်ပြလာသောအချက်များကို တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုပြီးတော့လည်း ပြန်ပြီးပြောခဲ့တဲ့အကြောင်း ဦးလှမောင်ရွှေ က ပြောပါတယ်။

အဲ့ဒီနောက် ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းကော်မတီက ဝန်ကြီးတွေဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့ကြပြီးတော့ အောက်ခြေအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေ လက်တွေ့ အကောင်အထည် ဖော်ရမယ့်ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဟာ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ခိုင်မာစေဖို့အတွက် ရှမ်းပြည်ကနေ သူ ကိုယ်တိုင်ယူလာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူနဲ့ ရှမ်းတိုင်းရင်းသား အင်္ကျီတစ်ထည်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသေးတယ်။
XS
SM
MD
LG