သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဒု-သက်တမ်းအတွက် စဉ်းစားမည်


မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၂)။
မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၂)။
သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ ဦးသိန်းစိန်က လိုအပ်ရင် နောက်ထပ် သမ္မတ သက်တမ်း တာဝန် ထမ်းဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကနေ့ တိုင်းရင်းသား ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့၊ မကြာခင်က ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း သတင်းထောက်တွေ မေးမြန်းခဲ့တာတွေကို လည်း ဖြေကြားခဲ့ပါတယ်။ မသိင်္ဂီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ပြည်ပ သတင်းထောက်တွေ နဲ့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က ပြည်တွင်း မီဒီယာတွေနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဆုံဘူးလို့ မဖြစ်ရလေအောင် သူ့အနေနဲ့ အခု တွေ့ဆုံပွဲကို စီစဉ်ရတာပါလို့လည်း သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။

“ပြည်ပက မီဒီယာတွေနဲ့ ကျနော် မကြာမကြာ တွေ့တယ်။ အခု ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဖြစ်တာ အတော်လေး ကျနော် ကြာပါပြီ။ အဲဒီတော့ ပြည်တွင်း မီဒီယာတွေနဲ့လည်း ကျနော် တွေ့သင့် တယ်။ တွေ့ဆုံဖို့သင့်တယ် ဆိုပြီးတော့ ဒါ ကျနော်တို့ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ စီစဉ်ပြီးတော့မှ တွေ့ဆုံလိုက်တာပါ။”

အစိုးရရဲ့ သဘောထား ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိစေဖို့က မီဒီယာတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်လို့ သမ္မတက ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားတွေကို ပြည်သူတွေ သိရှိ နားလည်ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အမြင်၊ ကျနော်တို့ရဲ့ သဘောထားတွေ၊ ခင်ဗျားတို့ရဲ့ အမြင် ခင်ဗျားတို့ရဲ့ သဘောထားတွေကို နှစ်ဦးနှစ်ဘက် ရဲ့ အခြေအနေ သိနေရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူတွေ သိဖို့ အရေးကြီးပါတယ်။ အဲဒီလိုသိဖို့က ပြည်သူတွေသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့ သတင်းမီဒီယာ သမားတွေပဲ ဖြစ်ပါတယ်။”

ဒီကနေ့ တွေ့ဆုံပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားတာမှာတော့ လူထု အနေနဲ့ နောက်ထပ် သူ့ကို သမ္မတ အဖြစ် ရွေးဖို့ ဆန္ဒရှိနေတယ်ဆိုရင် ဒုတိယ သက်တမ်း စဉ်းစားမယ်ဆိုပြီး ဖြေကြားပါတယ်။ သမ္မတ ဦးသိန်းစိန်က ပြည်ပ ခရီးစဉ် တခုမှာ သူ့အနေနဲ့ ပထမ သက်တမ်းကုန်ရင် ဆက်ပြီး ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ နောက် လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးလည်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးခွဲ လာရောက်ဖွင့်လှစ်ခွင့် မပြုဘူးလို့လည်း ပြောပါတယ်။

ကချင်လက်နက်ကိုင် အဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေး ဆက်ပြီး လုပ်ဆောင်သွားမယ့် အနေအထားကိုလည်း ရှင်းသွားပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် စီမံချက် ၈ ခုနဲ့ အစိုးရက ဆောင်ရွက်နေတယ် ဆိုပေမဲ့၊ တကယ်တန်း အပြောင်းအလဲကို လူတိုင်း ခံစားနိုင်ဖို့ ဆိုတာတော့ အချိန်ယူရဦးမယ်လို့လည်း သူက ဆိုပါတယ်။

ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း သတင်းထောက်တွေ အယ်ဒီတာတွေကရော ဘယ်လို ရှုမြင်ကြပါသလဲ။ 7 Days News ဂျာနယ်ရဲ့ အယ်ဒီတာ ကိုအားမန်ကို ကျမ မေးကြည့်ပါတယ်။

“ထပ်ပြီး မျှော်လင့်တာကတော့ ဒီတကြိမ် ပြီးသွားလို့ရှိရင် နောက်တကြိမ် ရှိလာဦးမလား ဆိုပြီးတော့လေ။ အခုတော့ လမ်းကတော့ ပွင့်သွားပြီဆိုတော့ ဒီတခေါက်က ကျနော် ထင်တယ်။ ရှေ့မှာ သမ္မတလည်း သူ ဖြေခဲ့တဲ့ဟာတွေက များလာတော့ ဖြေခဲ့တဲ့ အတွေ့အကြုံများလို့ရှိရင်လည်း ကျနော်တို့ တချို့ မေးတဲ့မေးခွန်းတွေ ဆိုရင်လည်း ခက်ခက်ခဲခဲ မေးခွန်းတွေ ပါပေမဲ့ သူလည်း အင်တာဗျူးဖြေတဲ့ အတွေ့အကြုံ များလာတော့ ပြောတာတော့ အများကြီးပဲ။ ဒါပေမဲ့ သူလည်း ရှောင်တိန်း ပြီးတော့ ဖြေသွားတော့လေ၊ တော်တော်လေး ပြောတတ်ဆိုတတ်တာမျိုး ဖြစ်လာတာ တွေ့ရတယ်။ ပြောတာတော့ အများကြီးပဲ။ လိုချင်တဲ့ဟာကတော့ မရသွားဘူး။ ဒါပေမဲ့ သူ မဖြေဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ ဖြေတော့ ဖြေသွားတယ် ဆိုတာမျိုး။ အခုက အစဆိုတော့ နောင်လည်း ကျနော်တို့ ထပ်ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အခုပွဲကတော့ ရိုးရိုးသားသား ပြောရရင်တော့ မလုပ်ခင်ကလောက်၊ မျှော်လင့်သလောက်တော့ အချက်အလက်တွေ မရဘူးခင်ဗျ။”

ဒါကတော့ 7 Days News ဂျာနယ်က ကိုအားမန် ပြောပြသွားတာပါ။ ဒီကနေ့ သမ္မတ အိမ်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်လည်း တက်ရောက်ခဲ့ပြီး နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံမှာ လာရောက် သတင်းရယူနိုင်ဖို့ အတွက် အကြိမ်ကြိမ် ဝင်ထွက်နိုင်တဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေးဖို့ သူ ထောက်ခံထားတဲ့ အကြောင်းလည်း ပြောသွားပါတယ်။ ပြည်တွင်း သတင်းထောက် ၁၅၀ လောက် တက်ရောက်ခဲ့တဲ့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG