သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီး စတင်


မြန်မာသမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား နိုင်ငံကို မထွက်ခွာမီ တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး။ (အောက်တိုဘာလ ၇ ရက်၊ ၂၀၁၂ ခုနှစ်)
မြန်မာသမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား နိုင်ငံကို မထွက်ခွာမီ တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး။ (အောက်တိုဘာလ ၇ ရက်၊ ၂၀၁၂ ခုနှစ်)
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါပြီ။ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ဖွံ့ဖြိုးရေး အကူအညီတွေကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတရုံးက ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို တောင်ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ကြပါသလဲ။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာမယ့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို အောက်တိုဘာလ ၇ ရက် တနင်္ဂနွေနေ့ မနက်က စတင်ထွက်ခွာ သွားပါပြီ။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှု အပါအဝင် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေရော၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်နေတဲ့ အကူအညီတွေကိစ္စပါ ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

“အဓိက ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင် ဖို့။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက်အရ သွားတာပါ။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့။ နှစ်နိုင်ငံ ဆက်ဆံမှု အပြန်အလှန် ဖလှယ်ဖို့ပေါ့။ အားလုံး အကျုံးဝင်မှာပါ။ သူက ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး တို့ အကုန်ပါတာပါ။ စီးပွားရေးကတော့ အဓိက ဇောင်းပေးပေါ့။ ကျန်တာတွေကတော့ အားလုံး ပါမှာပါ။ လောလောဆယ် ထုတ်ပြန်ချက်ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆက်ဆံမှု မြှင့်တင်ဖို့ပေါ့။ ၁၀ ရက်နေ့ ပြန်ရောက်မယ်ဗျ။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဒီ ၂၀၁၂ ခုနှစ် မေလပိုင်းမှာပဲ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီး လာရောက်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ ဆယ်စုနှစ် ၃ စုနီးပါးကြာ ကာလအတွင်း တောင်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်တဦးရဲ့ သမိုင်းဝင် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံကို တောင်ကိုရီးယားသမ္မတ တဦးအနေနဲ့ နောက်ဆုံး လာရောက်ခဲ့တာက ၁၉၈၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ဟာ ရန်ကုန် အာဇာနည်ကုန်းမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုမယ့်အချိန်၊ မြောက်ကိုရီးယား သူလျှိုတွေရဲ့ ဗုံးခွဲလုပ်ကြံဖို့ ကြိုးစားမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် အတော်များများ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ကြရပါတယ်။ ဒါကြောင့် မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအစိုးရနဲ့ သံတမန်ဆက်ဆံရေးကို အဲ့ဒီအချိန်ကစပြီး ချက်ချင်း ရပ်စဲခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကျမှ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားကြားမှာ သံတမန်အဆက်အသွယ်တွေ ပြန်ထူထောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်ရဲ့ မေလတုန်းက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှု အခြေအနေတွေကိုလည်း မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် သွားရောက်တဲ့အထိ ဆက်ဆံရေး ကောင်းမွန်လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ ကြိုဆိုခဲ့ကြ ပါတယ်။ ဒေသတွင်းမှာ အဲ့ဒီလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်မှ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကိုလည်း ကူညီပေးတာလိုမျိုး အပြန်အလှန် အကျိုး ဖြစ်ထွန်းမှုတွေ ရှိလာနိုင်မယ်လို့ ဝါရင့် သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်း က အခုလို ပြောခဲ့ပါတယ်။

“တောင်ကိုရီးယားက စီးပွားရေး ဖွံ့ဖြိုးနေတဲ့နိုင်ငံ၊ စက်မှုနိုင်ငံ တနိုင်ငံ ဖြစ်တယ်လေ။ မြောက်ကိုရီးယား နဲ့ အပြိုင် ဆက်သွယ်ရေးကို မြန်မာနဲ့ရော၊ ကမ္ဘာအရပ်ရပ်က နိုင်ငံ အသီးသီးနဲ့ပါ ကောင်းချင်တာပေါ့။ အခု မြန်မာကရော အစစအရာရာ လိုအပ်နေတာ။ စီးပွားရေးနဲ့ စက်မှုလက်မှု ထွန်းကားဖို့ဆိုတာ လိုနေတယ်။ သူတို့နိုင်ငံရဲ့ အခြေအနေအရ တောင်ကိုရီးယားက ပေးနိုင်ကမ်းနိုင်၊ လှူနိုင်ဒါန်းနိုင်တဲ့ အခြေအနေမှာရှိတော့၊ ဒါ မိတ်ဆွေ နိုင်ငံ တနိုင်ငံ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့၊ အကူအညီတွေ တောင်းနိုင်အောင် ရနိုင်အောင် အမှန်ကတော့ ရင်းနှီးအောင် ပေါင်းထားရမှာပဲ။ ဒါကြောင့်မို့ နှစ်နိုင်ငံ အနေနဲ့ လိုအပ်ချက်တွေ၊ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်နဲ့ ကိုယ်၊ နှစ်နိုင်ငံ စီးပွားဖက် နိုင်ငံတွေဖြစ်အောင် ကြိုးစားနေကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

ဝါရင့် သံတမန်ကြီး သခင်ချန်ထွန်း ဖြစ်ပါတယ်။ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နဲ့ ဦးတင်နိုင်သိန်းတို့ အပါအဝင် လျှပ်စစ်၊ စက်မှု၊ ပို့ဆောင်ရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေက ဝန်ကြီးတွေရော၊ ရန်ကုန်၊ မန္တလေး နဲ့ ပဲခူးတိုင်း ဒေသကြီးတွေက ဝန်ကြီးချုပ်တွေရော လိုက်ပါသွားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ နံပါတ် (၄) အဆင့်မှာ ရှိပြီးတော့ ကုမ္ပဏီပေါင်း ၄၉ ခုကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်နီးပါးအထိ ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG