သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမဝါယမချေးငွေလုပ်ငန်း နိုင်ငံတကာအကူရဖို့ အစိုးရဆောင်ရွက်မည်


မြန်မာသမ္မတဦးသိန်းစိန်။
မြန်မာသမ္မတဦးသိန်းစိန်။
နိုင်ငံရဲ့စီးပွားရေးမှာ ရေရှည် အထောက်အကူ ပြုနိုင်ဖို့ သမဝါယမစနစ်က အခရာကျတယ်လို့ နိုင်ငံတော်သမ္မတက ဒီနေ့ပြောခဲ့တဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အခုလို သမ္မတ က သမဝါယမစနစ်ကို အသက်သွင်းဖို့ ကြိုးစားပေမဲ့ သမဝါယမစနစ်ဟာ ခေတ် အဆက်ဆက် အောင်မြင်မှုတွေ မရရှိခဲ့လို့ ဒီစနစ်နဲ့ကြုံခဲ့ဖူးသူတွေက စိုးရိမ်မိတယ်လို့လည်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်နဲ့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဒီသတင်းအပြည်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ အရင်စစ်အစိုးလက်ထက်တုန်းက စတင်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ် အရှိန်အဟုန်ကောင်းလာဖို့ ကြိုးစားနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေး မဏ္ဍိုင်တွေမှာ ပုဂ္ဂလိက အခန်းကဏ္ဍဟာ ပထမမဏ္ဍိုင် ဖြစ်ပြီးတော့၊ သမဝါယမစနစ်ဟာ ဒုတိယမဏ္ဍိုင် ဖြစ်တယ် လို့ နိုင်ငံတော် သမ္မတ ဒီကနေ့ သုဝဏ္ဏကွင်းမှာ ပြည်သူတွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်ဖို့အတွက် သမဝါယမစနစ်တွေကို အဆင့်မြင်တင်ဖို့ အတွက်လည်း လိုအပ်တယ်လို့ သမ္မတက သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

“သမဝါယမလုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဒုတိယမဏ္ဍိုင်ဖြစ်ပါတယ်။ သမဝါယမ လူတန်းစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ပြီး၊ သမဝါယမစနစ်ကို အဆင့်မြင့် ဖွဲ့စည်းသွားကြရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု၊ ကုန်သွယ်မှု၊ စက်မှုလယ်ယာ စတဲ့ သမဝါယမအသင်းများ ထူထောင်ပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးကို အထောက်အကူ ပြုပေးသွားကြရမှာဖြစ်ပါတယ်။”

သမဝါယမ ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ အသေးစား ချေးငွေတွေ ထုတ်ပေးရေးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်၊ ကျပ်ဘီလျံ သန်း ၁၀၀ လောက်လိုပြီးတော့ နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ချေးငွေတွေ ရအောင်လည်း နိုင်ငံတော်ဘက်က ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အခုလို သမဝါယမစနစ် တခေတ်ဆန်းဖို့နဲ့ သမဝါယမစနစ်ကို ပြန်ပြီးအသက် သွင်းဖို့ သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့အပေါ်မှာ သမ စနစ်ကိုမှီခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေက ဒီစနစ်အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ပြောပါတယ်။ သမဝါယမ စနစ်ဟာ ခေတ် အဆက်ဆက် ပုံရိပ် မကောင်းခဲ့တဲ့ စနစ်ကြီးတစ်ခု ဖြစ်တာကြောင့် ဒီစနစ်ကို အကောင်အထည်ဖော်ရင် လူတွေရဲ့စိတ်ဓာတ်တွေကို ဦးဆုံး ပြောင်းနိုင်ဖို့ကြိုးစားရမယ်လို့လည်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဦးနှင်းဦးက ပြောပါတယ်။

“အဲဒါ ဘာဖြစ်လို့လဲဆိုတော့ မသမာမှုတွေပေါ့ဗျာ။ ဟိုးတုန်းကဆိုရင် ကြားတဲ့အတိုင်းပဲ။ ပြဿနာပေါ်တာနဲ့ သမဝါယမဆိုင် မီးရှို့ပစ်လိုက်တယ်။ အဲဒီဟာတွေ ကျနော်တို့ ငယ်ငယ်ကတည်းက။ သမဝါယမကိုမကြိုက်တဲ့ ဒီဆောင်ပုဒ်တွေကလည်း ကျနော်တို့ ငယ်ငယ်ကတည်းက ကြားခဲ့ရ တာတွေဖြစ်တဲ့အတွက် သမဝါယမက နံမည် မကောင်းဘူး။ သမဝါယမ လုပ်တဲ့သူတွေ အထိန်းအချုပ်လည်း မရှိတဲ့အတွက် သမဝါယမစနစ်က မအောင်မြင်ဘူး။ သမဝါယမစနစ်ကို ပြောရမယ့်အစား လူတွေကိုပဲ ပြောရမယ် ခင်ဗျ။ အဲဒီတော့ ဂျပန်နိုင်ငံမှာ သမဝါယမရှိသလို၊ ဖြစ်ထွန်းအောင်လုပ်တယ်။ သမဝါယမစနစ်နဲ့ပဲ တိုးတက်အောင်လုပ်သွားတယ်။ ဒါပေမဲ့ အဲဒီအထဲမှာပါတဲ့ လူတွေအားလုံးက၊ သမဝါယမစနစ်ကို အကောင်အထည်ဖော်တဲ့သူတွေရဲ့ စွမ်းဆောင်ရည်က မြင့်တယ်။ ဆိုလိုချင်တာက စာရိတ္တကောင်းတယ်ပေါ့ဗျာ။ စာရိတ္တကောင်းတယ်။ နောက်တစ်ခုက စိတ်ကောင်းစေတနာနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင်၊ တိုးတက်အောင်လုပ်သွားတယ်။

“ဒီဘက်မှာ မြန်မာပြည်မှာလုပ်တာ ဘာလို့မအောင်မြင်လဲဆိုတော့ တစ်အချက်က လုပ်ထားတဲ့သူတွေအားလုံးက လူတွေရဲ့ စွမ်းဆောင်ရည်က လိုတယ်ဗျ။ နားလည်တဲ့သူနဲ့ နားမလည်တဲ့သူကြားမှာ လုပ်ချင်တာ လုပ်သွားပြီးတော့၊ စနစ်တွေကို ဘောင်တွေကိုကျော်ပြီးတော့ လုပ်သွားပြီးတဲ့အခါကျတော့၊ မှားယွင်း အကောင်အထည်ဖော်မှုပေါ့ဗျာ။”

ကျေးလက်နေပြည်သူများတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အရောက်မှာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်အနေနဲ့ လက်ရှိ ရှိနေတဲ့ ဆင်းရဲမွဲတေမှု ၂၆ % ကနေ ၁၆ % လျှော့ချဖို့ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် အသေးစားချေးငွေလုပ်ငန်းနဲ့ သမဝါယမ အခန်းကဏ္ဍတွေဟာ အလွန်ပဲ အရေးပါတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
သမဝါယမ စနစ်ရော၊ အသေးစားချေးငွေ ကိစ္စရော အောင်အောင်မြင်မြင် ဖြစ် လာနိုင်မလား ဆိုတာကို သံသယ အနည်းငယ်ရှိပြီး၊ စနစ်တွေ အောင်မြင်ဖို့ဆိုရင် လက်တွေ့အကောင်အထည် ဘယ်လောက်ဖော်နိုင်မလဲ ဆိုတဲ့ အပေါ်မှာသာ အကဲဖြတ် ရလိမ်မယ်လို့ ပြည်တွင်းက စီးပွားရေး ပညာရှင် ဒေါ်တာဒေါ်ခင်အုန်းသန့် ကပြောပါတယ်။

“ကျမတို့ ငယ်ငယ်တုန်းက ကတည်းကိုက ဒီဟာက မအောင်မြင်ဘူးလေ။ သမဝါယမ ပေါင်းလုပ်တယ်ဆိုတာက တော်တော်ကို စိတ်ဓာတ်ပြည့်ဖို့ လိုတယ်လေ။ လူတွေကလည်း ပိုတောင်ဆိုးလာသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲတော့၊ ဒုက္ခအမျိုးမျိုး တွေ့ရတော့ နည်းနည်း တကိုယ်ကောင်းဆန်လာတာပေါ့နော်။ အဲဒီတော့ တော်တော်လေးကို စိတ်ဓာတ်ခိုင်မာဖို့ လိုလိမ့်မယ်လို့ ကျမ မြင်တယ်။”

တိုင်းပြည်ရဲ့ ကျေးလက်နေပြည်သူတွေ အတွက် သမဝါယ စနစ်ဟာ လိုအပ်ပြီးတော့ ပြည်သူတွေရော၊ အစိုးရကပါ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယင်ငံတွေမှာ အောင်မြင်နေတဲ့ သမ စနစ်တွေကို အတုယူပြီး တိုင်းပြည် တိုးတက်အောင်လုပ်ဖို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG