သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပခရီး စတင်


မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပနိုင်ငံတွေခရီး စတင်ထွက်ခွာ (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပနိုင်ငံတွေခရီး စတင်ထွက်ခွာ (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
သမ္မတ ဦးသိန်းစိန် ဟာ တနင်္လာနေ့မှာ ဥရောပနိုင်ငံတွေဆီကို ခရီး စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူ တွေက ပြောဆိုပါတယ်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ ဥရောပ သမဂ္ဂရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာ အရင်ဆုံး နော်ဝေနိုင်ငံကို သွားရောက် မှာဖြစ်ပြီး အဲ့ဒီနောက် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ နဲ့ အီတလီနိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်အတွင်း ဦးသိန်းစိန်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

အခု ခရီးစဉ်အတွင်း ဦးသိန်းစိန်အနေနဲ့ ဆွေးနွေး ပြောဆို ဖို့ မျှော်လင့်ရတဲ့ အကြောင်းအရာတွေကတော့ စီးပွားရေး ပိတ်ဆို့ အရေးယူ တဲ့ကိစ္စ၊ နိုင်ငံ ဖွံ့ဖြိုးရေး အထောက်အကူ ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှု၊ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ နိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ညှိနှိုင်း ဖြေရှင်း လုပ်ဆောင်နေမှုတွေ ဖြစ်ပါလိမ့်မယ်။

တချိန်က မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကြဲခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက် ရောင်းချမှု ပိတ်ပင် တားဆီးထား တဲ့အချက်က လွဲလို့ ကျန်တဲ့ ပိတ်ဆို့ အရေးယူမှု အားလုံးကို ပြီးခဲ့တဲ့ ဧပြီလကစပြီး ဆိုင်းငံ့ ပေးခဲ့ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်မှုတွေ ပြုလုပ်
ပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံကို မတ်လ ၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ လည်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
XS
SM
MD
LG