သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ VOA မှာ အမေးအဖြေ


ဗွီအိုအေဌာနချုပ်မှာ သမ္မတဦးသိန်းစိန်နဲ့ နယ်ပယ်စုံမှာ ပုဂ္ဂိုလ်များတွေ့ဆုံစဉ်။ (မေလ ၁၉ ရက်၊ ၂၀၁၃)။
ဗွီအိုအေဌာနချုပ်မှာ သမ္မတဦးသိန်းစိန်နဲ့ နယ်ပယ်စုံမှာ ပုဂ္ဂိုလ်များတွေ့ဆုံစဉ်။ (မေလ ၁၉ ရက်၊ ၂၀၁၃)။
ဦးသန်းလွင်ထွန်း။ ။ မင်္ဂလာပါခင်ဗျ။ အခု ဗွီအိုအေမြန်မာပိုင်း ကနေပြီးတော့ မြန်မာနိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ အထူးသဖြင့် ဗွီအိုအေ အပါအဝင် ဗွီအိုအေကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ဒီစီ အနီးတဝိုက်မှာ ရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကနေပြီးတော့၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူငယ်ရေးရာ ဘက်ပေါင်းစုံက အသိုင်းအဝိုင်းက သမ္မတကြီးနဲ့တွေ့ပြီးတော့ မေးချင် တာ၊ နှုတ်ဆက်ချင်တာတွေနဲ့အတူ တွေ့ဆုံပွဲကို စတင်ပါပြီခင်ဗျ။

အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာပဲ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ Town Hall meeting လို့ခေါ်တဲ့ မြို့တော်ခန်းမပုံစံမျိုး၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံပွဲကို သမ္မတကြီးအနေနဲ့ လိုလိုလားလားနဲ့ ကျနော်တို့ဆီကို လာပြီးတော့ အခုလို လာပေးတာ ကျေးဇူးတင်ကြောင်း အရင် ပြောပါရစေ။ အလားတူပဲ တက်လာတဲ့ပရိသတ်တွေဆိုရင်လည်း သမ္မတနဲ့ တွေ့ဆုံခွင့်ရပြီးတော့ အားလုံးအနေနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း မေးစရာရှိတာလေးတွေကို မေးပြီးတော့ သမ္မတကြီးဆီကလည်း ပွင့်လင်းရှင်းလင်းတဲ့ အဖြေတွေကို ရနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီတော့ အကန့်အသတ်လေး နည်းနည်းရှိတဲ့ အတွက်ကြောင့် မေးခွန်းတွေ၊ မှတ်ချက်လေးတွေ ပေးရင်တော့ အချိန်အတိုင်းအတာလေးနဲ့ ဖြစ်စေချင်ပါတယ်။ မေးချင်တဲ့မေးခွန်းတွေကို ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မိုလို့ သမ္မတကြီးပြောတဲ့ အကြောင်းအရာလေးတွေ နဲ့ ကိုက်ညီတဲ့အားလျော်စွာ ကျနော် ခေါ်ပြီးတော့ မေးခွန်းလေးတွေ မေးခွင့်ပေး ပါမယ်။ ဒီထောင့်မှာလာပြီးတော့ မေးခွန်းမေးပေးဖို့ပါပဲ။

ကျနော့်အနေနဲ့ ပထမဦးဆုံးကတော့ မေးချင်တဲ့အကြောင်းကတော့ သမ္မတကြီးအနေနဲ့ နိုင်ငံရဲ့ ၄၇ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတအနေနဲ့ အမေရိကန်ပြည်ထောင်စုကို တရားဝင် အလည်အပတ် ရောက်ရှိလာတယ်။ အဲဒီမှာ သမ္မတကြီးအနေနဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဘရက်အိုဘားမားနဲ့လည်း မနက်ဖြန်ဆိုရင်တွေ့ဆုံဖို့ရှိပါတယ်။ ဒီသမိုင်းဝင်ခရီးစဉ်အတွင်းမှာ သမ္မတကြီးအနေနဲ့ ဘယ်လို မြန်မာနိုင်ငံရဲ့အကျိုးအတွက် ရလဒ်တွေကို မျှော်မှန်းနိုင်ဖို့ ရည်ရွယ်ချက် ရှိထားပါလဲ ဆိုတာလေးကို သမ္မတကြီးအနေနဲ့ အတိုချုပ်လေး ရှင်းပြပေးစေချင်ပါတယ်။ အလားတူပဲ သမ္မတကြီး ဦးဆောင်ပြီးတော့လုပ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ လက်ရှိအခြေအနေ၊ ရင်ဆိုင်ရတဲ့ အကြောင်းလေးတွေကိုလည်း အတိုချုပ် ရှင်းပြပေးစေချင်ပါတယ်။ အဲဒါပြီးရင်တော့ ပရိသတ်ထဲက မေးစရာရှိတာလေးတွေကို သမ္မတကြီးအနေနဲ့ ဖြေကြားပေးစေချင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ အားလုံးပဲ တက်ရောက်လာကြတဲ့ အဖွဲ့တွေကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ဒီမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေပေမဲ့လည်း မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ထဲမှာတော့ စောစောကပြောသလိုပါပဲ။ ကိုယ့်သွေး ကိုယ့်သားတွေလိုပဲ စိတ်ထဲမှာ သဘောထားပါတယ်။ ခင်ဗျားတို့နဲ့ တွေ့နိုင်အောင် အခုလို စီစဉ်ပေးခဲ့တဲ့ ဗွီအိုအေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ကျေးဇူးတင်ကြောင်း ကျနော် ပြောလိုပါတယ်။ စောစောက ကျနော် ပြောသလိုပါပဲ မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးဟာ ၁၉၄၇ ခုနှစ်ဆိုတော့ လွတ်လပ်ရေးတောင် မရသေးပါဘူး။ လွတ်လပ်ရေး မရခင်ကတည်း ကျနော်တို့က သံတမန်ဆက်သွယ်မှု ရှိခဲ့တယ်။ နောက် ဟိုတုန်းကတော့လည်း သွားလာဆက်ဆံမှုတွေ ရှိပါတယ်။ အဲဒီတော့ ၁၉၅၅ ခုနှစ်ကဆိုလို့ရှိရင်ဝန်ကြီးချုပ်ဦးနု ဒီကိုလာခဲ့ပါတယ်။ ဧည့်သည်အဖြစ်နဲ့။ နောက် တခါ ၂ နှစ်အကြာ ၁၉၅၇ ခုနှစ်မှာ သမ္မတကြီး ဦးမန်းဝင်းမောင် က ဆေးဝါးကုသဖို့ဆိုပြီးတော့ ဒီကိုလာခဲ့ဖူးပါတယ်။ နောက်တော့ ၁၉၆၆ ခုနှစ်မှာ ကျနော်တို့ ဗိုလ်ချုပ်ကြီးနေဝင်းပေါ့လေ။ တရားဝင်အလည်အပတ်ခရီး လာခဲ့ဖူးပါတယ်။ အဲဒီတော့ ၁၉၆၆ ခုနှစ်ကနောက်ပိုင်းမှာ ကျနော်တို့ အဆက်အသွယ်တွေ ပြတ်သွားကြတယ်။ အသွားအလာတွေ နည်းသွားကြတာ အခု ကျနော်ရောက်တဲ့အချိန်ထိဆိုရင် အားလုံး ကျနော်တို့ ၄၇ နှစ်။ ၄၇ နှစ်အတွင်းမှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိတဲ့အကြီးအကဲတယောက် အနေနဲ့ အမေရိကန်နိုင်ငံကို၊ မြို့တော်ဝါရှင်တန်ကို ရောက်လာတာဖြစ်ပါတယ်။ အဲဒီတော့ အဓိက ကတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး ဟာ သမ္မတအိုဘားမား လက်ထက်မှာ ပြန်လည်ပြီးတော့ ပွင့်လင်းသွားပြီးတော့ မှ နှစ်နိုင်ငံ ဆက်ဆံရေးဟာ နွေးနွေးထွေးထွေးနဲ့ ကျနော်တို့ ရှိလာတယ်။ နှစ်ပေါင်း ၂၀ လောက် အဆက်အသွယ် အကျိတ်အခဲတွေပေါ့နော်။ အခက်အခဲတွေ ရှိနေရာကနေ အခုတော့ ကျနော်တို့ နှစ်နိုင်ငံရဲ့ ဆက်သွယ်ရေးဟာ သမ္မတအိုးဘားမားရဲ့ ကျင့်သုံးတဲ့ ပေါ်လစီအရ ပြန်လည် ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေ၊ ဆက်သွယ်မှုတွေ ကျနော်တို့ရှိလာပါတယ်။ အဲဒီတော့ လာရတဲ့ခရီးစဉ်ရဲ့ အဓိက ကတော့ နှစ်နိုင်ငံ ကျနော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဆက်လက်ပြီးတော့ အဓွန့်ရှည်အောင် တည်ဆောက်နိုင်ဖို့ အတွက် ဒါ ကျနော်တို့ လာရောက် လည်ပတ်ခြင်းဖြစ်ပါတယ်။ ဒါကတော့ အဓိက အကြောင်းတစ်ချက်ပေါ့။ အဲဒီတော့ ကျနော်တို့ သမ္မတကြီးနဲ့တွေ့ရင်းနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ကျနော်တို့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ကျနော်တို့ရဲ့ ရှေ့အလားအလာတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ အဘက်ဘက်ကနေပြီးတော့ ကျနော်တို့နိုင်ငံအပေါ် နားလည်မှု ရှိဖို့၊ တချို့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်မယ့်ဟာတွေကို ဖြေရှင်းပေးနိုင်ဖို့ ဆိုတဲ့ ဒီလို ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒါ သမ္မတကြီးနဲ့တွေ့ဖို့ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ နောက်ထပ် အကြောင်းအရာတစ်ခုကို မဆက်ခင်မှာပဲ အခု ပရိသတ်ထဲမှာ မေးချင်တဲ့သူတွေထဲက သမ္မတကြီး အခုရှင်းပြတဲ့ အမေရိကန်ပြည်ထောင်စုကို လာရတဲ့အကြောင်းရင်းတွေ ထဲမှာပဲ ပါတဲ့အချက်လေးတခုကတော့ အမေရိကန် ဒီမိုကရေစီစနစ်မှာ မြန်မာနိုင်ငံ အတွက် အတုယူစရာဘာများ ရှိပါသလဲ။ ကိုအောင်သူငြိမ်းက မေးချင်ပါတယ်။ ကိုအောင်သူငြိမ်းကတော့ မြန်မာနိုင်ငံ နယ်စပ်မှာနေနေတဲ့ သူပါ။ အဲဒီတော့ ကိုအောင်သူငြိမ်းအနေနဲ့ မေးချင်တဲ့မေးခွန်းလေးကို မေးစေချင်ပါတယ်။

ဦးအောင်သူငြိမ်း။ ။ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျ။ ကျနော် အောင်သူငြိမ်းပါ။ ကျနော် ဗဟုဖွံ့ဖြိုးမှုအဖွဲ့ကပါ။ သမ္မတကြီးတို့ ဖိတ်ခေါ်မှုနောက်ပိုင်းမှာ ကျနော် တိုင်းပြည်ကိုလည်း ပြန်ရောက်ပါတယ်။ တချို့သုတေသနလုပ်ငန်းလည်း ကျနော် လုပ်ပါတယ်။ ကျနော် မေးချင်တဲ့မေးခွန်းကတော့ အခုလို ဒီအမေရိကန်ကို လာပြီးတော့ ဒီသမိုင်းဝင်ခရီးစဉ်မှာ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်ကနေ ကျနော်တို့နိုင်ငံက အတုယူစရာ၊ လေ့လာစရာဘာတွေ ရှိမလဲ။ ဒါနဲ့ပတ်သက်လို့ ကျနော် ပထမမေးချင်ပါတယ်။ ဆိုတော့ ဒုတိယကတော့ ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာ သမ္မတကြီးရဲ့ခရီးစဉ်အတွင်း ဘယ်လိုအထောက်အပံ့ အကူအညီတွေ ရနိုင်မလဲ။ မျှော်လင့်နိုင်မလဲပေါ့။ ဒါလည်း ကျနော်တို့ သိချင်ပါတယ်ခင်ဗျ။

သမ္မတဦးသိန်းစိန်။ ။ အဲဒီတော့ ပထမမေးခွန်းအနေနဲ့ ကျနော်တို့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ ကျင့်သုံးလာတာ နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပြီဖြစ်ပါတယ်။ နောက် ကျနော်တို့နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ကျနော်တို့ရခဲ့တယ်။ ရခဲ့ပြီးတော့ တက်လာတဲ့အစိုးရဟာ ကျနော်တို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အစိုးရပါ။ သို့သော်လည်း ကျနော်တို့ ၁၄ နှစ်ပေါ့နော်။ သက်တမ်းအားဖြင့် ၁၄ နှစ်ပဲ ကျနော်တို့ ကြာညောင်းခဲ့ပြီးတော့၊ ကျန်တဲ့အချိန်တွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု အခြေအနေတွေအရ တပ်မတော်ကပဲ တလှည့်တပြန်စီ တာဝန်ယူသွားရတာ။ အဲဒီတော့ ဒီမိုကရေစီနဲ့ ကျနော်တို့ ကင်းကွာတာ အတော်လေးလည်း ကြာခဲ့ပါပြီ။ ဒီမိုကရေစီနဲ့ကင်းကွာတာ အတော်လေးကြာခဲ့ပြီ။ နောက်တခါ အခု ကျနော်တို့အစိုးရတက်လာတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ် ဆိုပေမဲ့လည်း ကျနော်တို့မှာ အချိန်ကာလအားဖြင့်က နှစ် နှစ်ပဲ ကျနော်တို့ရှိပါသေးတယ်။ အဲဒီတော့ ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ အများကြီးနည်းပါသေးတယ်။ အဲဒီတော့ ဒီမိုကရေစီဆိုတာကို ကျင့်သုံးနေတဲ့ နိုင်ငံကြီးအတွက်တော့ ပြည်သူတွေပိုင်းကလည်း ဒီမိုကရေစီကို အပြည့်အဝခံစားခွင့် ရသလို၊ ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ရှိမှုတွေကလည်း အပြည့်အ၀ ပြည်သူတွေက ခံယူထားတယ်လို့ ကျနော်နားလည်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ တဘက်ကလည်း ဒီအခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ အပြည့်၀ ယူချင်သလို၊ တဘက်ကလည်း အမေရိကန်ပြည်သူတွေလို ဒီမိုကရေစီနဲ့ပတ်သက်တဲ့ တာဝန်ရှိမှုတွေ၊ တာဝန်သိမှုတွေ ဒါတွေဟာ ကျနော်တို့နိုင်ငံအတွက် အတုယူဖွယ်ရာဖြစ်တယ်လို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်။ ဒါက မေးခွန်းတခုပေါ့။

ဒုတိယမေးခွန်းက ပညာရေးနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးဟာ အင်မတန်မှ အဓိကကျပါတယ်။ ပညာရေးဟာ အဓိကကျပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ပညာရေးဟာ ကျနော်တို့လေ့လာကြည့်တဲ့အခါမှာ ဒီ လွတ်လပ်ရေးစရပြီးတဲ့ ကာလတွေအပိုင်းမှာ အရှေ့တောင်အာရှမှာဆိုရင် ကျနော်တို့ပညာရေးဟာ အတော်လေးကို ရှေ့တန်းကျကျနဲ့ ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ ဟိုတုန်းကလည်း ကျနော်တို့ နိုင်ငံခြား တက္ကသိုလ်ကြီးတွေမှာ နံမည်ကြီးတက္ကသိုလ်ကြီးတွေမှာ ဘွဲ့ရခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ။ သူတို့ကနေတဆင့် တက္ကသိုလ်တွေမှာ ပြန်လည်သင်ကြားပေးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ပညာရေးဟာ ပြောရမယ်ဆိုရင် အရှေ့တောင်အာရှတင် မဟုတ်ပါဘူး။ အာရှမှာပါ ရှေ့ကနေပြီးတော့ ပြေးနေတဲ့ အနေအထား ရှိပါတယ်။ သို့သော်လည်းနောက်ပိုင်းမှာတော့ တိုင်းပြည်ရဲ့အခြေအနေတွေအရ တဖြည်းဖြည်းနဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အနောက်နိုင်ငံ တက္ကသိုလ်တွေကနေ၊ နံမည်ကြီးတက္ကသိုလ်တွေကနေ ဘွဲ့ရတဲ့ဆရာကြီးတွေ၊ ဆရာမတွေက တဖြည်းဖြည်းနဲ့ အသက်အရွယ်တွေကြီးလာတာ။ တချို့လည်း ပင်စင်သွားကြတယ်ဆိုတော့ အဆက်အသွယ်တွေ ပြတ်သွားတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ အဆက်ပြတ်သွားတဲ့အနေအထားမျိုးဖြစ်တယ်။ ဖြစ်တော့ ပညာရေးဟာ တကယ်တော့ တိုင်းပြည်တပြည် ထူထောင်ဖို့အတွက် အရေးကြီးဆုံး အရာဖြစ်ပါတယ်။ ပညာရေးကိုလည်း ကျနော်တို့ အလေးထားပြီးတော့မှ ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့လိုပါတယ်။

အဲဒီတော့ ကျနော်တို့ ပညာရေးကို မြှင့်တင်ဖို့အတွက် ဒီကနေ့ ကျနော်တို့ ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီတော့ ကျနော်တို့ ပညာရေးဟာ ပြောင်းလဲနေတဲ့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရဆိုရင်တော့ လက်တွေ့လုပ်ငန်းခွင်ကို ထိထိရောက်ရောက် ဝင်နိုင်တဲ့ ပညာရေးမျိုးဖြစ်ဖို့ လိုပါတယ်။ ဥပမာဆိုကြပါစို့။ ကျနော်တို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတယ်။ စက်ရုံတွေဆောက်မယ်။ အလုပ်ရုံတွေဆောက်မယ်။ ပြီးရင် ဒီ စက်ရုံတွေ အလုပ်ရုံတွေ ပြီးသွားတဲ့အခါမှာ skill labor တွေ လိုလာတယ်။ ကျနော်တို့ဆီမှာ ဘွဲ့ရတဲ့ကလေးတွေ အများကြီးရှိပါတယ်။ ကွန်ပျူတာနဲ့ဘွဲ့ရတဲ့ ကလေးတွေ၊ အင်ဂျင်နီယာနဲ့ဘွဲ့ရတဲ့ကလေးတွေ၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်နဲ့ ဘွဲ့ရတဲ့ကလေးတွေ။ ဒီကလေးတွေက အလုပ်ရုံ စက်ရုံထဲကို ဘွဲ့ရပြီးတော့ တိုက်ရိုက်ကူးဝင်လို့ ရမလားဆိုတော့ ကျနော်တို့မှာ မရနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းခွင်ကို ကျနော်တို့ လုပ်နိုင်တဲ့ ပညာရေးစနစ်မျိုး မဟုတ်သေးဘူး။ မဟုတ်သေးတဲ့အတွက်ကြောင့် အနည်းဆုံးတော့ vocation training ခြောက်လတန်သည်။ တစ်နှစ်တန်သည် ကျနော်တို့ ပြန်ပြီးတော့ ပေး ရမှာဖြစ်ပါတယ်။ အဲဒီတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့မှာ ဘာတွေလိုအပ်သလဲ။ အင်ဂျင်နီယာတွေ အများကြီးလိုအပ်နေလား။ ဆရာဝန်တွေ အများကြီးလိုနေလား။ အဲဒီတော့ တက္ကသိုလ်ကနေ မွေးထုတ်ပြီးတော့ ဘွဲ့ရတဲ့ကလေးတွေဟာ တိုက်ရိုက်လုပ်ငန်းခွင့်မှာဝင်ပြီးတော့ အကျိုးပြုနိုင်တဲ့ ပညာရေးမျိုး ဖြစ်သင့်တယ်။ ဒီပညာရေးမျိုးဖြစ်အောင် ကျနော်တို့ ဒီကနေ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောရမှာပါဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပညာရေးနဲ့ တဆက်ထဲပဲ အခု ဒီမှာရောက်နေတဲ့ ပညာတော်သင်ထဲကပဲပေါ့နော်၊ Humphrey Fellow ပေါ့၊ သူက ဒေါ်မာမာသွင်ပါ။ သူကလည်း အလားတူ မေးခွန်းလေးပဲ မေးထားတော့ သူ့ရဲ့မေးခွန်းကို ဖတ်ပြလိုက်ပါ့မယ်။ လောလောဆယ် နိုင်ငံရပ်ခြားမှာ ပညာတော်သင် ကိစ္စတွေနဲ့ ပတ်သက်ပြီး Exchange Program တွေကို သမ္မတကြီး ဒီမှာရှိနေတဲ့ အချိန်မှာ ဘာတွေမှာ ထူးထူးခြားခြား လုပ်ဆောင်ဖို့ ရှိပါသလဲ ခင်ဗျ။ အထူးသဖြင့် မနက်ဖြန်ဆိုလို့ရှိရင်လည်း ဝါရှင်တန်မှာရှိတဲ့ Johns Hopkins မှာ သွားရောက်ပြီးတော့ စကားပြောမယ်၊ တွေ့ဆုံဖို့တွေ ရှိတယ်ဆိုတော့ အထူး အစီအစဉ်လေးတွေများ မြန်မာနိုင်ငံကနေပြီးတော့ အဆင့်မြင့် ပညာတွေကို လာပြီးတော့ သင်ဖို့ကိစ္စလေးတွေများ အစီအစဉ် ရှိပါသလား။

သမ္မတဦးသိန်းစိန်။ ။ ဒီတော့ ဒီကိစ္စက အမေရိကန်နိုင်ငံတင် မဟုတ်ပါဘူး။ ကျနော်တို့ရောက်ခဲ့တဲ့ နိုင်ငံတိုင်းမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ခုနကလို ထိုက်သင့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုပေးဖို့။ အထူးသဖြင့်တော့ ကျနော်တို့ဆီက ပညာတော်သင်တွေကို လက်ခံဖို့။ နောက်တခုကလည်း ပညာတော်သင်တွေကို လက်ခံပေးတယ်ဆိုရင်လည်း သူတို့က သင်ပေးပေမယ့် စရိတ် စကတို့ ဘာတို့ နေရေးအတွက်၊ စားရေးအတွက် ဒါကတွေကလည်း ရှိနေတော့ ဝန်ထုပ် ဝန်ပိုး ဖြစ်ပါတယ်။ ဖြစ်နိုင်လို့ရှိရင်တော့ နိုင်ငံခြားမှာရှိနေတဲ့ တက္ကသိုလ်မျိုး ကျနော်တို့ ပညာတော်သင်တွေကို လက်ခံပြီးတော့ သင်ပေးမယ့် တက္ကသိုလ်ခွဲတွေပေါ့၊ ဥပမာ ဆိုကြပါစို့ အခု Johns Hopkins တက္ကသိုလ်တို့ ဘာတို့ဆို ကျနော်တို့တွေ့ပါတယ်။ ဥက္ကဌတို့ ဘာတို့နဲ့လည်း တွေ့တယ်။ ခင်ဗျားတို့ဗျာ ကျနော်တို့ ဒီမှာလာပြီးတော့ တက်ဖို့ ပညာတော်သင်ကို လက်ခံပေးမယ်ဆိုရင်လည်း ကျနော်တို့မှာ ခုနကလို စားစရိတ်ကြီးတာတွေ၊ နေရေးထိုင်ရေးအတွက် စရိတ်ကြီးတာတွေ ဒါတွေက ရှိနေတယ်။ ကျနော်တို့ မလုပ်နိုင်ဘူး။ ဥပမာ လူဦးရေ သန်း ၆၀ ရှိတဲ့အနက်က ၂ ယောက်လောက် လွှတ်ပြီးတော့ သင်ယုံနဲ့က ဘာမှ ကျနော်တို့က အကျိုး မရှိနိုင်ဘူး။ ဖြစ်နိုင်လို့ရှိရင် ခင်ဗျားတို့ တက္ကသိုလ်ခွဲတွေ လာပြီးတော့ ထူထောင်ပေးပါ။ ကျနော်တို့မှာ ရှိပါတယ် နေရာတွေက အစ။ ဒါကို ကျနော်တို့ အဓိက အလေးအနက်ထားပြီးတော့ ပထမတော့ ကျနော်တို့ ပညာတော်သင်တွေကို။ များများ သင်ပေးနိုင်ဖို့အတွက်က ကိုယ့်ပြည်တွင်းမှာ လာပြီးတော့ ဌာနခွဲတွေကို လာရောက် ဖွင့်ပေးဖို့ဆိုပြီးတော့ ကျနော်တို့ ပြောဖို့ ရှိပါတယ်။ ကျနော်တို့ မနက်ဖြန်တွေ့တဲ့ ပြုတဲ့အခါမှာလည်း ပညာရေးနဲ့ ပတ်သက်လို့ တိုက်ဆိုင်လာရင် ဒီကိစ္စကို ပြောမယ်လို့ ကျနော်တို့ စိတ်ကူးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ သမ္မတကြီးရဲ့ ခရီးစဉ်အတွင်းမှာ အားလုံး သေသေချာချာ အလေးအနက်ထားပြီးတော့ လေ့လာ ကြည့်ရှုနေကြတဲ့ အချက်ကတော့ အမေရိကန် - မြန်မာ ဆက်ဆံရေးပေါ့။ အမေရိကန် မြန်မာ ဆက်ဆံရေးမှာလည်း လောလောဆယ်အားဖြင့် အမေရိကန် မြန်မာ ဆက်ဆံရေးဟာ ပြန်ပြီး နွေးထွေးလာတယ်ဆိုတာ သမ္မတကြီးလည်း အစောပိုင်းက ပြောပြခဲ့ဘူးပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံ အနေနဲ့က လောလောဆယ် ပိတ်ဆို့ ကန့်သတ်ထားမှုတွေကို ချန်ထားတာလေးတွေ ရှိနေသေးတယ်ခင်ဗျ။ အကုန် မရုပ်သေးပဲနဲ့။ အဲဒီတော့ ဒီကန့်သတ်ချက်တွေကို သမ္မတကြီးရဲ့ ခရီးစဉ်အတွင်းမှာ လွှတ်တော်ပိုင်းကရော၊ ဥပဒေကြောင်းပိုင်းကရော ကြေကြေလည်လည် ရုပ်သိမ်းသွားရေး အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယူဆပါသလား။

သမ္မတဦးသိန်းစိန်။ ။ ကျနော်တို့ Sanction ကိစ္စနဲ့ ပတ်သက်လို့ကတော့ ခင်ဗျားတို့လည်း အားလုံး ကြားထားကြပြီးသား ဖြစ်မှာပါ။ အဲဒီတော့ ဒီကနေ့ ကျနော်တို့ရဲ့ ပြည်သူ အများစုကတော့ ၊ ပြည်သူအများအနေနဲ့ တူညီတဲ့ သဘောဆန္ဒ နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော်တို့တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့ ဒါဟာ လူတိုင်းရဲ့ ဆန္ဒ သဘောထားပဲ ဖြစ်ပါတယ်။ ဒီဟာက ခုနကလို နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စပေါ့။

အဲဒီတော့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေလည်း ပြည်သူလူထုရဲ့ ဒီဆန္ဒတွေအပေါ် မူတည်ပြီးတော့ နိုင်ငံရေး တည်ငြိမ်အောင်၊ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်အောင်၊ ဒါတွေ ကျနော်တို့ လုပ်ပေးမှာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာ ပြုပေးတာက အစပေါ့။ နောက်တခုကလည်း ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော်လောက် ရှိကြခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ။ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေဟာ အင်မတန်မှကို ညည်းငွေ့နေကြပါတယ်။ တချို့ အတွင်းပိုင်းကျတဲ့ မြို့ကြီးတွေမှာ မသိသာပေမယ့်လည်း နယ်စပ်ဒေသတွေမှာ ဒါတွေကို ခါးစည်းပြီးတော့ ခံနေရတာပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေးကို ကျနော်တို့ လိုချင်နေကြပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေတာ ခင်ဗျားတို့လည်း ကြားပါတယ်။ ခင်ဗျားတို့လည်း သိပါတယ်။
နောက်တခုကတော့ ခုနကလို ဒီမိုကရေစီရှင်သန်ဖို့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့၊ လုံခြုံဖို့၊ တရားဥပဒေစိုးမိုးဖို့ လိုအပ်သလိုပဲ တဘက်ကလည်း လူမှုစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ အဲဒီတော့ စီးပွားရေး ဖွံ့ဖြိုးရေး တိုးတက်ရင်ပဲ လူမှုရေးကလည်း ထပ်ချပ်မကွာ လိုက်လာတာဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တယ်၊ အလုပ်အကိုင်တွေ ရတယ်။ အလုပ်အကိုင်တွေရတဲ့အတွက်ကြောင့် ဝင်ငွေတွေ ရလာတယ်။ ဝင်ငွေတွေ ရတဲ့အတွက်ကြောင့် နေနိုင်တယ်၊ စားနိုင်တယ်။ ကလေးတွေကို ကျနော်တို့ ကျောင်းထားနိုင်တယ်။ နေထိုင်မကောင်းဖြစ်ရင် ကျနော်တို့ ဆေးဝါးကုသနိုင်တယ်။ အဲဒီတော့ စီးပွားရေးနဲ့ လူမှုရေးဟာ ဒွံတွဲပြီးတော့ ပါလာတယ်။ အဲဒီတော့ တိုင်းပြည်မှာ ကျနော်တို့ စီးပွားရေးကို ထိထိရောက်ရောက် ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် ထူထောင်ဖို့ကြတော့ ကျနော်တို့မှာ လိုအပ်ချက်တွေ ရှိတယ်။

လိုအပ်ချက်က တစ်အချက်ကဘာလဲဆိုရင် ကျနော်တို့မှာ ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီး ကျနော်တို့မှာ လုံလုံလောက်လောက်မရှိဘူး။ ပြည့်ပြည့်စုံစုံ မရှိဘူး။ နောက်တစ်ခုကတော့ နည်းပညာပိုင်းပေါ့။ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့က နောက်ကျနေတယ်။ တတိယ အချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်တွေ။ လူ့စွမ်းအားအရင်းအမြစ်တွေ ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ အခုပဲ နေရာအနှံ့မှာ တက္ကသိုလ်တွေ ထောင်ပြီးတော့ အခုမှ မွေးမြူနေရတဲ့ အနေအထားရှိတယ်။ အဲဒီတော့ အရေအတွက်တွေကတော့ အထိုက်အလျောက် ကျနော်တို့ရတယ်။ သို့သော်လည်း ဒီအရေအတွက်တွေကို အရည်အချင်းအဖြစ် ပြောင်းလဲဖို့ မှာ ကျောင်းကပြီးတာနဲ့ ကျနော်တို့ လုပ်ငန်းခွင်မှာဝင်ပြီးတော့ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းတွေ ပြောင်းလဲဖို့အတွက် ဒါတွေလည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီတော့ ကျနော်တို့မှာ အရင်းအနှီးမရှိဘူး။ နောက် နည်းပညာ နောက်ကျနေတယ်။ ဒီအတွက်ကြောင့် ကျနော်တို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့က ဖိတ်ခေါ်ရတာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရတာ။

အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ကျနော်တို့နိုင်ငံကို လာပြီးတော့ ရင်းနှီးမြှုပ်နှံချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ သဘာဝရဲ့ အခြေခံအရင်းအမြစ်တွေက ကျနော်တို့ အများကြီးရှိပါတယ်။ gas တွေ၊ oil တွေ၊ သစ်တောတွေ၊ သားငါးတွေရှိတယ်။ ရာဘာတွေရှိတယ်။ နောက်တခါ စားသုံးကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်း အစားအသောက်မျိုးစုံ ထုတ်လုပ်နိုင်တဲ့ လယ်ယာကဏ္ဍ ဒါတွေ ကျနော်တို့မှာရှိနေတယ်။ ရင်းနှီးချင်တဲ့နိုင်ငံတွေက အများကြီးပါ။ အခုလည်းပဲ ခုနကလို တစ်ရက်ခြားနီးပါးလောက်က အမြဲတမ်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထိတွေ့နေရတဲ့အနေအထား ရှိပါတယ်။ အဲဒီတော့ နိုင်ငံခြားသားက လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ငွေထုပ်ကြီးကိုပိုက်ပြီးတော့ ကျနော်တို့နိုင်ငံကိုလာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ တကယ်တော့ ကျနော်တို့နိုင်ငံကို ချစ်လွန်းအားကြီးလို့၊ ကျနော်တို့ကို ဖွံ့ဖြိုးတိုးတက်စေချင်လို့ လာပြီးတော့ ရင်းနှီးမြှုပ်နှံတာမဟုတ်ပါဘူး။ ဒီရည်ရွယ်ချက်က နည်းပါတယ်။ အဓိက ကတော့ သူတို့အတွက် ဘာအကျိုးရှိမလဲ၊ အကျိုးအမြတ် ဘယ်လောက်ရနိုင် မလဲ။ နောက်တစ်ခု သူတို့ကို ဘယ်လိုအကာအကွယ်ပေးမလဲ။ နောက်တစ်ခုက သူတို့ရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေက ဘာတွေရှိလဲ ဒါတွေကို သူတို့ကြည့်မယ်။ ဒါတွေကို ကြည့်တဲ့အခါမှာ ဘာတောင်းလဲဆိုတော့ ပထမဆုံး Foreign Investment Law ကိုတောင်းတယ်။ အဲဒီတော့ Foreign Investment Law နဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ ဥပဒေဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံချင်သူတွေရဲ့ နိုင်ငံတွေနဲ့ လိုက်လျောညီထွေ မဖြစ်ဘူး။ မဖြစ်တဲ့အတွက်ကြောင့် ဒီ Foreign Investment Law ကို ပြီးခဲ့တဲ့နှစ်က ပြန်ပြီးတော့ ရေးဆွဲတယ်။ နိုင်ငံ လေး ငါး ခြောက်နိုင်ငံလောက်ကို စံနမူနာယူပြီးတော့မှ ဒီ law ကို ကျနော်တို့ ပြန်ရေးဆွဲတယ်။ ရေးဆွဲပြီးတော့မှ လွှတ်တော်ထဲမှာလည်း တော်တော်လေး အခြေအတင် ဆွေးနွေးကြ၊ ပြုကြနဲ့ ဒီလိုတွေ ကျနော်တို့ လုပ်ရပါတယ်။ အခုတော့ ခုနကလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ ကျနော်တို့ ပြဌာန်းပြီးဖြစ်ပါတယ်။ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်နိုင်ငံတွေကလည်း ဘာပဲဖြစ်ဖြစ် ဒီဥပဒေကို သဘောကျပါတယ်။ ဒီအခက်အခဲတခုကတော့ ကျနော်တို့ ကျော်လွှားနိုင်တယ်။

နောက်ပြီးတော့ နောက်တစ်ခု ရင်းနှီးမြှုပ်နှံတာ။ စက်ရုံတွေဆောက်တယ်။ အလုပ်ရုံတွေဆောက်တယ်။ ကုန်ပစ္စည်းတွေထုတ်တယ်။ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို မဝယ်ဘူး၊ မပြုဘူး ပိတ်ပင်ထားတယ်ဆိုရင် ဘယ်သူမှလာပြီးတော့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒုတိယအခက်အခဲကတော့ ဒီဟာက sanctions နဲ့သွားပြီးတော့ ဆိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီကိုလိုလားတယ်။ ခုနကလို ဒီမိုကရေစီစနစ် ရှေ့ကိုဆက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဒါ ဒီမိုကရေစီနဲ့ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့စီးပွားရေးဟာလည်း တခုနဲ့တခုဟာ ကွင်းဆက်လို ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါကို စာနာထောက်ထားသင့်တယ်။ ဒါတွေ အခက်အခဲအတားအဆီးတွေကို ဖယ်ရှားပေးသင့်တယ် ဆိုတဲ့ ဒါလေးကိုတော့ ကျနော် ပြောမယ်ပြောပါတယ်။

ဦးသန်းလွင်ထွန်း။ ။ သမ္မတကြီးဆိုလိုချင်တဲ့သဘောကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းဖို့ အထူးလိုအပ်နေပြီ။ လိုအပ်နေတဲ့အချိန်မှာ လက်ရှိမှာ တဖက်မှာလည်း အလုံးစုံ မဖြေဖျောက်နိုင်သေးတဲ့ကိစ္စက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲတဲ့အပေါ်မှာ သူတို့ကြည့်ပြီးတော့ ဆုံးဖြတ်နေတယ်ဆိုတဲ့ သဘောပေါ့။ အဲလိုဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲ့မှုလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အတားအဆီးလေးတွေ၊ အခက်အခဲလေးတွေ၊ မပြေပျောက်နိုင်သေးတဲ့ အချက်လေးတွေရှိပါတယ်။ အဲဒါလေးတွေကို တချက်လောက်ပြန်ပြောပြပေး ပါလား။

သမ္မတ ဦးသိန်းစိန်။ ။ ကျနော်စောစောကပြောသလိုပေါ့။ ကျနော်တို့မှာသက်တမ်းအားဖြင့် ၂နှစ်ပဲရှိသေးတယ်။ ဒါအစိုးရဲ့ သက်တမ်း လွှတ်တော်ရဲ့ သက်တမ်းပေ့ါ။ နောက်ပြည်သူလူထုကလည်း ဒီမိုကရေစီနဲ့ ကင်းကွာနေတာ ကြာခဲ့ပြီ။ အတွေ့အကြုံနည်းတယ်။ အလေ့အကျင့်က နည်းတယ်ဆိုတဲ့အတွက်ကြောင့်၊ တစ်အချက်က လွတ်လပ်မှုအခွင့်အရေး ပိုင်းက ပေးသင့်သလောက် ကျနော်တို့ကပေးပြီးသွားပြီ။ တချို့ကိစ္စတွေ ကျတော့လည်း ကန့်သတ်မှုတွေ ကျနော်တို့ရှိခဲ့တယ်။ ပြည်သူအပိုင်းကလည်း တာဝန်ယူမှု၊ တာဝန်ရှိမှု၊ တာဝန်သိမှုက နည်းပါးသေးတယ်။ နည်းပါးသေးတဲ့အတွက်ကြောင့် တချို့ကိစ္စတွေမှာလည်း ကျနော်တို့ အရေးယူ ရတာတွေ ဆောင်ရွက်ရတာတွေ၊ ဒါတွေကျနော်တို့ရှိပါတယ်။ ဒါတွေကို အကြောင်းပြပြီး ဒီအပေါ်မှာ စောင့်ကြည့်နေတဲ့ စောင့်ကြည့်နေတဲ့ သဘောထားတွေရှိပါတယ်။ အဲတော့ ကျန်တာတွေကတော့ ကျနော်တို့ တက်နိုင်သလောက်တော့ ကျင့်သုံးတဲ့ စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ ကျနော်တို့ များစွာပြောင်းလဲပြီး ပေးနေတယ်။ သို့သော်လည်းပဲ တချို့ကိစ္စတွေက ဥပမာ ကျနော်တို့ ဆိုကြပါစို့ ယုံမှားသံသယဖြစ်တဲ့ ကိစ္စတွေလည်း ကျနော်တို့ ရှိခဲ့ပါတယ်။ ဥပမာ မြောက်ကိုရီးယားနဲ့ လက်နက်ခဲယမ်းကိစ္စတွေနဲ့ ပတ်သက်ပြီးကျနော်တို့ ဆက်သွယ်တယ်တို့၊ သံသယတွေနဲ့ ကျနော်တို့ကို စောင့်ကြည့်နေတဲ့ သဘောပါပဲ။ မြန်မာနိုင်ငံမှာ အဏုမြူလုပ်နိုင်တဲ့အနေအထားလဲမရှိပါဘူး။ ပိုက်ဆံလည်းမရှိပါဘူး။ အတတ်ပညာလည်းမရှိပါဘူး။ သူများကလည်း ဘယ်သူမှ ကျနော်တို့ကို လာပြီးလုပ်ပေးမှာမဟုတ်ပါဘူး။ လုပ်ရင်လည်းကျနော်တို့ အကုန်လုံးဝိုင်းပြီးတော့ ကန့်ကွက်ကြမှာဖြစ်ပါတယ်။ သို့သော်လည်း မြောက်ကိုရီးယားကို ကျနော်တို့ ဆက်ဆံရတာတွေရှိပါတယ်။ ဟိုတုန်းက ကျနော်တို့ အကုန်ပိတ်ဆို့ထားတဲ့အခါမှာ ကျနော်တို့လည်း ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက်၊ ကိုယ့်ကို ကူညီနိုင်မယ့် နိုင်ငံကို ရှာရတာပါ။ သံတမန် ဆက်သွယ်မှုတော့ရှိခဲ့တယ်။ ဒီဘက်ပိုင်းမှာတော့ ကျနော်တို့ အစိုးရတက်လာတဲ့အခါမှာ စစ်ရေးအားဖြင့်ဆက်သွယ်မှုတွေလုံးဝမရှိပါဘူး။ သံတမန်ပဲရှိပါတယ်။ သို့သော်လည်း ဒီအပေါ်မှာ ကျနော်တို့ အနည်းလေး မယုံသင်ကာမှုတွေနဲ့ရှိတဲ့ သဘောမျိုးဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်။ ခုနကလို ကျနော်တို့ကို sanction တွေရုတ်ပေးပါ၊ ရုပ်ပေးပါလို့ ပြောပေမဲ့လည်း၊ သူတို့ရဲ့ အခြေအနေက ဒီလိုကြည့်နေရတဲ့ အခြေအနေရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့ ကျနော်အတင်းအကြပ်တော့ မတောင်းဆိုပါဘူး။ သို့သော်လည်း ကျနော်တို့ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြို့ဖို့ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီလို ပိတ်ဆို့တားဆီးမှုတွေက အဟန့်အတားတွေဖြစ်စေတယ်။ အဟန့်အတားတွေကို ကျနော်တို့က တတ်နိုင်သလောက်ဖယ်ရှားပေးဖို့ ဆိုတဲ့ ဒီသဘောလောက်ပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ သံသယတွေဖြေဖျောက်သွားပြီဆိုရင်တော့ မကြာခင်မှာရုတ်သိမ်းမှုတွေ လုပ်လာမှာပေါ့။ သမ္မတကြီးပြောသွားတဲ့ အထဲမှာ မြန်မာပြည်သူလူထုအနေနဲ့ လွတ်လပ်မှုတွေ အခုပိုပြီးရလာတဲ့ အချိန်မှာ တချို့လည်း ကျင့်သားမရသေးဘူးလို့ ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အတာ မေးထားတဲ့ မေးခွန်းလေးတခုကို ကျနော်တွေ့ပါတယ်။ ဒေါ်အတာကတော့ ဒီက ဝါရှင်တန်ဒီစီမှာ လူငယ်ပိုင်းမှာ တော်တော်လေးကို တက်တက်ကြွကြွလုပ်ဆောင်တဲ့ အမျိုးသမီးတဦးပါ။ သူက မြန်မာနိုင်ငံရဲ့ တရားဥပဒေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးတို့အစိုးရအနေနဲ့ လုပ်ကိုင်နေတာလေးတွေနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်လို့ပြောပါတယ်။

ဒေါ်အတာ။ ။ မင်္ဂလာပါရှင်။ သမ္မတကြီးကို ကျမအနေနဲ့ မေးချင်တာက လက်ရှိအခြေအနေက ရရှိထားတဲ့ ပါဝါအနေနဲ့ ကျမတို့ ဒီ ၂၀၀၈ဥပဒေဆိုတဲ့ လူတစု အတွက် ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေဘယ်တော့ ပြင်မှာလဲဆိုတာကို ကျမအနေနဲ့ သိချင်ပါတယ်။ နောက်တခုက ကျမတို့ အခု လက်ရှိဖြစ်ပေါ်နေတဲ့ လက်ပံတောင်းတောင်မှာ တရုတ်ကိုလိုနီတွေအနေနဲ့ သိမ်းပိုက်နေတဲ့ လယ်ယာ ဘယ်တော့ ရပ်တန့်မှာလဲ။ အဲဒိရပ်တန့်မှုတွေအပေါ်မှာ လူထုအနေနဲ့ နှိုးကြွလာမှုတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်လာတဲ့အခါမှာ ဆန္ဒပြမှုတွေကို မျက်လှည့်ပြတဲ့အနေနဲ့ ကျမတို့ ဒီနေ့ပဲ၊ နောက်အပတ်လောက် ဆိုရင်တော့ ဒီပဲရင်း ဆယ်နှစ်ပြည့်ပါတော့မယ်။ ဒီပဲရင်းကို လုပ်ကြံခဲ့တဲ့ လူတစုအနေနဲ့ ကျမတို့ ဗမာ ပြည်သူလူထုတွေကနေပြီးတော့ ကုလားနဲ့တိုက်ပြီးတော့ ဘာသာရေး အဓိကရုဏ်းလုပ်နေတဲ့ဟာကို သမ္မတကြီးအနေနဲ့ ဘယ်လိုများ ဖြေရှင်းနိုင်မလဲ၊ အရေးယူပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ တချို့ ကိစ္စတွေကလည်း တဖက်ကအမြင်ပဲဖြစ်ပါတယ်။ တဖက်ကအမြင်ဆိုတော့ အလုံးစုံတော့ မှန်ချင်မှ မှန်မယ်ပေါ့။ တဖက်ထဲက ကြည့်ရင်တော့ ဝါးခြမ်းပဲ မြင်နေမှာပါ။ ဒီဘက်ကကြည့်ရင်လည်း ဝါးခြမ်းပဲ မြင်နေမှာပဲ။ နှစ်ဘက်လုံးက လှည့်ပတ်ကြည့်မသာ ဝါးလုံးပါလားဆိုပြီး သိရမှာမြင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတစုအတွက် မဟုတပါဘူး။ လူအများထောက်ခံ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သော့ခတ်ထားတဲ့ သံမဏိမျိုးဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ amendment ပါပြီးသားဖြစ်ပါတယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ဒီ amendment သူ့မှာ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ရပါတယ်။
ဒီဟာက တချက်ပေါ့နော်၊ နောက် လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြနိုင်တဲ့ အခွင့်အရေးတွေ နိုင်ငံတော်ကနေပြီးတော့ တရားဝင်ဥပဒေနဲ့ ပြဌာန်း ပေးထားတာဖြစ်ပါတယ်။ တဖက်က ဒီဥပဒေနဲ့ အညီ ပြဖို့ ပြုဖို့လိုပါတယ်။ ဒီကိစ္စတွေဟာ ကျနော်တို့ အစိုးရဖြစ်လာတော့မှ ပေါ်ပေါက်လာတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ အရင်တုန်းက စာချုပ်စာတမ်းအရ လုပ်ခဲ့ ပြုခဲ့ကြတဲ့ ကိစ္စ ကျနော်တို့က ဝင်ပြီး ဖြေရှင်းပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ ရက်ရက်စက်စက် သတ်တယ်ဖြတ်တယ်ဆိုတာလဲ intentionally လုပ်တာပြုတာမဟုတ်ပါဘူး။ ရဲကတော့ တရားဥပဒေထိန်းသိမ်းရေးအရ တကမ္ဘာလုံးမှာ လုပ်ရိုးလုပ်စဉ်ထိန်းသိမ်းနည်းတွေနဲ့ ထိန်းသိမ်းရတာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဘုန်းကြီးရဟန်းတွေ ကျနော်တို့လည်း ဗုဒဘာသာ တဦးပါ။ ဘုန်းကြီးရဟန်းကို ရှိခိုးဦးခိုက်နေရပါတယ်။ ဒီဘုန်းကြီးရဟန်းတွေလည်း ကျနော်တို့ ဒီလို ဖြစ်ချင်တဲ့ ဆန္ဒတွေမရှိပါဘူး။ သို့သော်လဲ ကျနော်တို့ မမျှော်လင့်ပဲနဲ့ အခန့်မသင့်ပဲနဲ့ ဖြစ်သွားတဲ့ ကိစ္စတွေပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ ပြင်နိုင်ပါတယ်။ Amendment ကျနော်တို့ရှိတယ်။ လူတစုအတွက်ဆိုတာကတော့ စွပ်စွဲတာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ရာခိုင်နှုံးအားဖြင့် ပြောလို့ရတယ်။ ပြည်သူလူထု ဘယ်လောက်ထောက်ခံလဲ ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမ၊ ဒုတိယစာမျက်နှာတွေမှာ ကျနော်တို့ ပါပြီး ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့ဒါ သံမဏိစည်းမျဉ်းဟုတ်ဘူး။ သော့ခတ်ထားတာမဟုတ်ဘူး။ amendment ကျနော်တို့ ပေးထားတယ်။ လွှတ်တော်က ပြင်နိုင် တယ်။ ပြည်သူက ပြင်နိုင်တဲ့အနေအထားကျနော်တို့ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကျနော် ဖြည့်စွက်မေးချင်တာလေးတစ်ခုကတော့ အုပ်ချုပ်ပုံအခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ပေါ့။ လာမယ့် ၂၀၁၅ ခုနှစ်မှာဆိုလည်း နောက်ထပ်ရွေးကောက်ပွဲတစ်ခု စပါမယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ထောက်ပြနေကြတဲ့ ကိစ္စတစ်ခုကတော့ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ % ပါနေတဲ့ ကိစ္စပေါ့နော်။ အဲဒီကိစ္စကို ပြန်ပြီးတော့ သုံးသပ်ဖို့၊ ပြင်ဆင်ဖို့လည်း လွှတ်တော်ထဲမှာ ဆွေးနွေးနေကြတာတွေ၊ တင်ပြလာတာတွေလည်း ကျနော်တို့ ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သမ္မတကြီးတို့ အစိုးရပိုင်းရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ၊ သိချင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ ပွင့်ပွင့်လင်းလင်းပေါ့ဗျာ။ ကျနော်တို့ တပ်မတော်နဲ့ပတ်သက်ပြီးတော့ - ခင်ဗျားတို့လည်း သိပါတယ်။ လွတ်လပ်ရေးစပြီးတော့ ကြိုးပမ်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ဖွဲ့ပေးလိုက်ပြီးတော့မှ ဒီ တပ်မတော်နဲ့ ပြည်သူလူထု ပူးပေါင်းပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့သမိုင်းကြောင်းမှာ တပ်မတော်ဟာ --- (၁း၀၁) အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီဘက်ပိုင်းမှာလည်း လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ လူမျိုးစု လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုင်းပြည်ဟာ ဆူဆူပူပူဖြစ်ပြီးတော့ အစိုးရတောင်မှာ ရန်ကုန်အစိုးရ ဆိုပြီးတော့တောင်မှ ပြောတာ ဆိုတာ ခံရတာ ရှိပါတယ်။ အဲဒီတော့ တိုင်းပြည်က အခုနကလို သောင်းကြမ်းမှု အန္တရာယ်တွေနဲ့ ဒုက္ခသုက္ခတွေ ရောက်နေတဲ့အချိန်မှာ ကျနော်တို့ တပ်မတော်ကပဲ ဝင်ပြီးတော့မှ ဒီအခက်အခဲတွေ၊ အကျပ်အတည်းတွေ- ဒါတွေကို ဝင်ပြီး ဖြေရှင်း ဆောင်ရွက်ပေးတဲ့ အနေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော် ပြောချင်တာက ကျနော်တို့ တပ်မတော်ဟာ ကျနော်တို့ သမိုင်းကြောင်း အခြေခံတွေက တခြား နိုင်ငံက တပ်မတော်တွေနဲ့ တူချင်မှ တူမယ်ပေါ့လေ။
လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာလည်း ပြည်သူနဲ့ပူးပေါင်းပြီးတော့ မှ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ တိုင်းပြည်မှာ အခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပေါ်လာတဲ့အခါမှာလည်း အခုနကလို တပ်မတော်ဟာ ကျရာ အခန်းကဏ္ဍကနေပြီး ပါဝင်ဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူနဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်နေရမှာပါ။

အဲဒီတော့ လွှတ်တော်ထဲမှာ ပါနေတယ်ဆိုတဲ့ဟာက အမှန်ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ ရင့်ကျက်လာတဲ့အမျှ လွှတ်တော်ထဲက တပ်မတော်ရဲ့ကိုယ်စားလှယ်တွေဟာ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတို့ ဘာတို့ ပြောင်းသွားတာလည်း ဒီအတိုင်းပါပဲ။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်၊ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်- ဒီလိုပဲ မြင်မိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကိစ္စတွေဟာ အင်မတန် အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်ကို တစ်ခါ တစ်ခါ --- တဲ့ အမည်းစက်တွေ ရှိပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စရပ်တွေပေါ့နော်။ အထူးသဖြင့် ရခိုင်ပြည်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလိုမျိုး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဓိကရုဏ်းတွေပေါ့နော်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ တိုင်းပြည်တစ်ပြည်ရဲ့ အပြုသဘောဆောင်နေတဲ့ အခြေအနေတွေ ကြားထဲမှာ လက်ညှိုးထိုးပြစရာ အမြင်မျိုး ဖြစ်နေတယ်ဆိုတော့- ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာသာရေးအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မေးမြန်းဖို့ ဆိုပြီးတော့ ဦးဝင်းအောင်ရှိနေပါတယ်။ ဦးဝင်းအောင်အနေနဲ့ ထပြီးတော့ မေးနိုင်ပါတယ်။ ဦးဝင်းအောင်ကတော့ အစောပိုင်းက ကျနော်တို့ ဗွီအိုအေရဲ့ ဌာန ဝန်ထမ်းဟောင်းပါပဲ။

ဦးဝင်းအောင်။ ။ ကျနော် ဝင်းအောင်ပါ။ ကျနော်တို့ ညီအကိုမောင်နှမ ၁၂ ယောက်ရှိတယ်။ မြန်မာပြည်က ထွက်လာပြီးတဲ့နောက် အနှစ် ၂၀ ကြာတဲ့အခါမှာ တော်တော်များများ ကွယ်လွန်သွားတာ - အခု ပြုပြင်ပြောင်းလဲမှုအရ ကျနော် မြန်မာပြည်ကို ပြန်ရောက်ပြီးတော့ လည်ပတ်ခွင့်ရတဲ့အခါမှာ အသက်မသေ ရှင်ကျန်နေတဲ့ ညီအကို မောင်နှမတွေကို မသေခင်မှာ တွေ့ရတဲ့အတွက် သမ္မတကြီးကို ကျေးဇူးတင်ကြောင်း အရင် ပြောလိုပါတယ်။ ကျနော် ဗွီအိုအေမှာ ၁၅ နှစ်မလုပ်ခင် မြန်မာ့အသံမှာ အနှစ် ၂၀ လုပ်ခဲ့ပါတယ်။ ကျနော်ဟာ အင်္ဂလိပ် ကျွန်ခေတ်မှာ မွေးပါတယ်။ ဂျပန်ခေတ်ကိုလည်း ကြုံပါတယ်။ နောက် ပြည်တွင်းစစ် ဖြစ်တော့လည်းပဲ ကျနော်တို့ ကွန်မြူနစ် အုပ်စိုးတာတို့-ဘာတို့ ဖြစ်လာတော့ နောက် ကျနော် မြန်မာ့အသံမှာ အနှစ် ၂၀ လုပ်တဲ့အခါမှာ အိမ်စောင့်အစိုးရ- စသဖြင့် ခေတ်အဆက် ဆက် နောက်ဆုံး ခေတ်အဆက်ဆက်ကို ကျနော် ကြုံခဲ့ပါတယ်။ ကျနော်သတင်းစာဆရာပါ။ နှစ်ပေါင်း ၅၀ ကျော် ကလောင်ကိုင်ခဲ့တဲ့သူပါ။ အဲဒီတော့ကာ ဒီလို မြန်မာပြည်မှာပေါ့လေ- ပြုပြင်ပြောင်းလဲရေး ဖြစ်လာတဲ့ အတွက် အင်မတန်ကို ဝမ်းသာစရာ ဖြစ်ပါတယ်။ နောက် ကျနော်တို့ မြန်မာပြည်ကို ပြန်ကြည့်တဲ့အခါမှာ မြန်မာပြည်ကို ပြန်သွားချင်တဲ့ အခါမျိုးမှာ၊ အခုနက သမ္မတကြီး အမိန့်ရှိသလို ကျနော်တို့က အမြတ်ထုတ်ဖို့၊ Invest လုပ်ဖို့ မဟုတ်ပါဘူး။ ကျနော် အခုနက ပြောသလို ကျနော့် ညီအကို မောင်နှမအရင်းတွေ အဲဒီမှာ ရှိနေပါမယ်။ အဲဒီတော့ကာ မကြာသေးခင်က ဖြစ်နေတဲ့ ကိစ္စတွေ၊ အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ ကိစ္စတွေ ဖြစ်နေတာက မြန်မာပြည်အတွင်းမှာ ဘယ်လောက်ထိ သိကြတယ်၊ မြင်ကြတယ်ဆိုတာကို မသိရပေမဲ့လို့ ပြည်ပမှာကတော့ သမ္မတကြီးလည်း သိတဲ့အတိုင်းပါပဲ။ ဒီကနေ့ ခေတ်ပေါ် တိုးတက်တဲ့ နည်းပညာတွေအရ သမ္မတကြီးအိမ်မှာ နေ့လည်စာ ဘာတို့စရာနဲ့၊ ဘာဟင်းနဲ့ စားလဲဆိုတာကိုတောင်မှ သိလို့ မြင်လို့ရတဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ။

ဦးသန်းလွင်ထွန်း။ ။ ဦးဝင်းအောင်ခင်ဗျာ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဦးဝင်းအောင် မေးစရာရှိတာကို မေးပေးပါ။

ဦးဝင်းအောင်။ ။ ဒီလို ဘာသာရေး အကျည်းတန်၊ အရုပ်ဆိုးတဲ့ ဖြစ်ရပ်တွေကို ပြင်ပမှာ မြင်နေရတဲ့အတွက်က သမ္မတကြီး ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အင်မတန် အကျည်းတန် အရုပ်ဆိုးစေပါတယ်။ အထူးသဖြင့် ဒီ မုန်းတီးရေးကို ဖန်တီးနေတဲ့- ပြောင်ပြောင်တင်းတင်း လုပ်နေတာကို တရားဥပဒေစိုးမိုးရေးအရ ဘယ်လိုမှ ဘာကြောင့် အရေးမယူလဲဆိုတာ - ကျနော်ဟာ အစ္စလာမ်ဘာသာဝင် မူဆလင်တစ်ယောက်ပါ။ မွတ်ဆလင်တစ်ယောက် အနေနဲ့လည်း ကျနော် တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ မြန်မာပြည် မှာ မွေးတဲ့ လူတစ်ယောက်အနေနဲ့လည်း ဝမ်းနည်းပါတယ်။ နောက် အနှစ် ၅၀ သတင်းသမားတစ်ယောက် အနေနဲ့လည်း ကျနော် အံ့သြမိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ဦးဝင်းအောင် ခင်ဗျ။ မေးချင်တဲ့သဘောတော့ ကျနော်နားလည်ပါတယ်။ ကျနော်နားလည်တာက လက်ရှိ မုန်းတီးရေးတွေ လှုံဆော်နေတာတွေကို ဘာကြောင့် အရေးမယူသလဲ၊ အရေးယူမှု ရှိသလားဆိုတာကို သိချင်တယ်။

သမ္မတဦးသိန်းစိန်။ ။ ကျနော် ပြောရမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်။ တခါ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ အဲတော့ အောင်မြင်မှုတွေလည်း ကျနော်တို့ အထိုက်အလျောက် ရပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဒါတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အဲတော့ ရခိုင်မှာဖြစ်တဲ့ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် ထပြီးတော့ ဖြစ်ကြတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ရာဇဝတ်ပြစ်မှုအပေါ်မှာ မူတည်ပြီးတော့ လူအုပ်စုတစုနဲ့ တစု မီးရှိုကြ အကြမ်းဖက်ကြနဲ့မှ ကြီးထွားလာတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဟိုဖက်က ဒေါက်တာ ပါပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေါက်တာ နဲနဲလေး ဖြေပေးလိုက်ပါ။

ဒေါက်တာကျော်ရင်လှိုင်။ ။ အချိန်အရဆိုတော့ အများကြီးတော့ ကျနော် မပြောတော့ပါဘူး။ သို့သော် ခြုံပြီးပြောမယ်ဆိုရင် တဖက်နဲ့တဖက် ယုံကြည်မှုတွေ လျှော့ပါးနေတာတွေ၊ နောက်ပြီး မုန်းတီးမှုတွေ ရှိနေတာက မြန်မာပြည်မမှာရော ရခိုင်ပြည်နယ်မှာပါ အတော်ကြာကြာ ရှိနေပြီးသားပါ။ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့အခါ ပွင့်လာတဲ့အခါ မကျေနပ်မှုတွေကို ပိုပြီး ပြလာတဲ့ အခြေအနေမှာရှိတော့ ဖြစ်သွားတဲ့ ရာဇဝတ်မှုပေါ် မူတည်ပြီးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ Community Level မှာပဲ အဓိက ဖြစ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ Report ကိုလည်း လူပေါင်း နှစ်ထောင်ကျော်လောက်ကို အင်တာဗျူးပြီး ရေးခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့လည်း Online မှာ အင်္ဂလိပ်လိုရော မြန်မာလိုရော ရပါမယ်။ အဓိက ပြောချင်တာက မကျေနပ်မှုတွေ မုန်းတီးမှုတွေက အရမ်းများလာတဲ့အခါမှာ အခွင့်အရေးယူပြီး မြောက်ထိုးပင့်ကော်မှုတွေကလည်း အများကြီး ပါလာတယ်။ အဲဒီ ပါလာတဲ့ အပိုင်းတွေက အခြေအနေတွေကို ပိုပြီး ဆိုးသွားစေတာပါ။ နောက် အစိုးရအနေနဲ့ အရေးယူမှုမပြုဘူးဆိုတာ အဲဒါတော့ မဟုတ်ပါဘူးဗျ။ မိတ္တီလာမှာ ပြီးပြီးတဲ့အချိန်မှာလည်း အရေးယူမှုတွေ အများကြီးလုပ်ပါတယ်။ ရခိုင်မှာလည်း ကျနော်တို့က အရေးယူမှုတွေ အများကြီးလုပ်ပါတယ်။ ရခိုင်မှာလည်း အရေးယူမှုတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ကော်မရှင်အနေနဲ့က အားလုံးကို ကြည့်ခွင့်ရတဲ့အတွက် အရေးယူမှုတွေက အများကြီးလုပ်ထားပါတယ်။ နောက်ဆုံး တခု ပြောချင်တာက ဒီအစိုးရအနေနဲ့ ဘာမှ လုပ်မထားဘူးဆိုတာနဲ့ပတ်သက်လို့ Interfaith Dialogue တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့ လုပ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတွေကနေ ဒါတွေကို လုပ်နေပါတယ်။ ရခိုင်ကော်မရှင်ကိစ္စ ပြီးသွားတော့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူတွေနဲ့ ဆက်ပြီးလုပ်နေ ကျနော်တို့ အကြံပြုနေတယ် ဝင်ပြီး ကူညီနေတဲ့အချိန်မှာ ဒီ Interfaith Dialogue တွေကို ရန်ကုန်မှာလည်း လုပ်နေပါတယ်။ ရခိုင်မှာလည်း အဖွဲ့တွေက အစ္စလာမ်ဘာသာဝင်တွေ ဗုဒ္ဒဘာသာဝင်တွေ အတူတွဲသွားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ဝိုင်းပြီးလုပ်နေကြပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ ကိုသန်းလွင်ထွန်းရေ ကျနော်ကို ခွင့်ပြုပါ။ ကျနော် အစီအစဉ်လေးတခုရှိနေလို့ ။ ကျန်တဲ့မေးခွန်းတွေကို ဖြေမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အားလုံးပဲ ကျနော့်ကို ခွင့်လွှတ်ပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ သမ္မတကြီး။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG